စစ်ခေါင်းဆောင်က သမ္မတ ထရန့်ထံပြန်တဲ့စာ၊ ဗားရ် တံတားအနီးမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၀ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၂၅
စစ်ခေါင်းဆောင်က သမ္မတ ထရန့်ထံပြန်တဲ့စာ၊ ဗားရ် တံတားအနီးမှာ မူးယစ်ဆေးဝါးဖမ်းဆီးရမိ
ဇူလိုင်လ ၇ ရက် နေ့စွဲနဲ့ အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ထရန့်က မြန်မာစစ်ခေါင်းဆောင်ထံ လိပ်မူပေးပို့တဲ့ သွင်းကုန်အခွန် စည်းကြပ်မှု တိုးမြှင့်မယ့်အကြောင်း အသိပေးစာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က လက်ခံရရှိပြီး ၂ ရက်မြောက်နေ့ ဇူလိုင် ၉ ရက်နေ့စွဲနဲ့ အကြောင်းပြန်စာ ပြန်ပို့ခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရန့်အနေနဲ့ ကမ္ဘာ့နိုင်ငံ ၁ ရာလောက်ကို အခွန်နှုန်းတိုးမြှင့်ကောက်ခံတော့မယ့်အကြောင်း အများနဲ့အတူ အကြောင်းကြားစာပေးပို့တာဖြစ်ပေမယ့် အာဏာသိမ်းစစ်ကောင်စီ အဖို့တော့ စစ်အာဏာသိမ်းပြီးနောက် သံတမန်လုပ်ထုံးလုပ်နည်းအရ တရားဝင်အစိုးရတရပ်သဖွယ် အကြောင်းကြားစာပေးပို့ခံရခြင်းက အမေရိကန်ပြည်ထောင်စုက ၄င်းတို့ကို တရားဝင် အစိုးရတရပ်အဖြစ် အသိအမှတ်ပြုတယ်လို့မှတ်ယူပြီး တဖက်မှာ ကုန်သွယ်ခွန်တိုးမြှင့်ခြင်းကြောင့် မြန်မာနိုင်ငံစီးပွားရေးကို ထိခိုက်လာနိုင်တဲ့ အန္တရာယ်ကို အရေးမထားပဲ နိုင်ငံရေးအရ အကျိုးအမြတ်တခုအဖြစ် ဝမ်းမြောက်ဝမ်းသာဖြစ်နေပုံရပါတယ်။
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ၅ ရာနှုန်းမှ ၂၀ ရာနှုန်းအတွင်း လက်ရှိ ကောက်ခံနေရာက ထရန့်အစိုးရအနေနဲ့ ၄၀ ရာနှုန်းထိတိုးမြှင့်ကောက်ခံမယ့်အကြောင်းကြားစာက မြန်မာ နိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းကို အဓိကထိခိုက်နိုင်ခြေရှိနေတာဖြစ်ပါတယ်။ ထရန့်အစိုးရအနေနဲ့ မြန်မာနိုင်ငံက တင်သွင်းကုန်တွေအပေါ် အခုလိုသွင်းကုန်ခွန် ၄၀ ရာနှုန်းထိ တိုးမြှင့်ကောက်ခံရတဲ့ အကြောင်းကိုဖော်ပြထားရာမှာ မြန်မာ-အမေရိကန်ကုန်သွယ်ကြရာမှာ အမေရိကန်ဘက်က ကုန်သွယ်မှုလိုငွေပြခြင်း၊ အချို့သောအမေရိကန်ကုန်ပစ္စည်းတွေကို ၈၀ ရာနှုန်းဝန်းကျင်ထိမြင့်မားတဲ့ သွင်းကုန်ခွန်ကောက်ခံခြင်းတွေက ကုန်သွယ်ရေးမညီမျှမှုတွေဖြစ်ပွားနေတာကြောင့်လို့အကြောင်း ပြထားတာ တွေ့ရပါတယ်။ ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် အဓိကကျတဲ့ အကြောင်းတချက်က တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေက အရှေ့တောင် အာရှ တတိယနိုင်ငံတနိုင်ငံမှာလုပ်ကိုင်ပြီး အမေရိကန်ကို တင်သွင်းနေတယ်ဆိုတဲ့ သံသယနဲ့ တရုတ်ကုမ္ပဏီတွေကို အပြစ်ပေးလိုတဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ အခုလို ၄၀ ရာနှုန်းအထိသတ်မှတ်တဲ့အထဲ အရှေ့တောင်အာရှမှာ မြန်မာတနိုင်ငံထည်း မဟုတ်ပါဘူး။ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို တို့လည်း ၄၀ ရာနှုန်းကနေ ၄၉ ရာနှုန်းအထိ အသီးသီး ချမှတ်ခံရတာ ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီတွေ အိမ်နီးချင်း အရှေ့တောင်အာရှနိုင်ငံတွေမှာရင်းနှီးမြှုပ်နှံကာ ကုန်ပစ္စည်းထုတ်လုပ်ပြီး အမေရိကန်စျေးကွက်ကို တင်သွင်းမလာနိုင်အောင် ကာကွယ်တဲ့သဘောလည်း ဖြစ်ပါတယ်။
ထရန့်က အခုလိုကမ္ဘာ့နိုင်ငံအများအပြားကို ကြီးမြင့်တဲ့ကုန်သွယ်ခွန်ရာနှုန်းကိုချမှတ်ရာမှာ မြန်မာ နိုင်ငံလည်း တနိုင်ငံပါဝင်နေတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်အဖို့တော့ တရားဝင်အစိုးရသဖွယ် အခေါ်အပြောလုပ်ခံရတာကို ဝမ်းသာဂုဏ်ယူနေတာဖြစ်ပါတယ်။
ထရန့်ရဲ့ အကြောင်းကြားစာကို ဇူလိုင် ၉ ရက်နေ့အကြောင်းပြန်ရာမှာ အမေရိကန်ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံ တင်သွင်းကုန်တွေအပေါ် ၁၀ ကနေ ၂၀ ရာနှုန်းထိသာကောက်ခံဖို့နဲ့ မြန်မာနိုင်ငံအနေနဲ့လည်း အမေရိကန်ပြည်ထောင်စုကတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ် သုညရာနှုန်းကနေ ၁၀ ရာနှုန်းအကြားသာကောက်ခံမယ်လို့ ကမ်းလှမ်းထားတာ တွေ့ရပါတယ်။
လိုအပ်ခဲ့ရင် အပြန်အလှန်ကုန်သွယ်ခွန်ကိစ္စတွေနဲ့ပတ်သက်လို့ညှိနှိုင်းဖို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်မယ်လို့လည်း စာမှာဖော်ပြထားပြီး အမေရိကန်သမ္မတထရန့်ကို ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေသူအဖြစ် ချီးမြှောက်ရေးသားထားတာလည်း တွေ့ရပါတယ်။ ဒါ့အပြင် ပေးပို့စာထဲမှာ မြန်မာနိုင်ငံဟာဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်နေသေးတာ၊ ကိုဗစ် နိုင်တင်းရဲ့ အကျိုးဆက်၊ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ မိုခါ မုန်တိုင်း၊ ယာဂီမုန်တိုင်းအကြွင်းအကျန်ကြောင့် ရေကြီးမှု၊ လတ်တလောလှုပ်ခတ်ခဲ့တဲ့ မန္တလေး/စစ်ကိုင်း ငလျင်တို့ကို ရည်ညွှန်းဖေါ်ပြပြီး အခွန်တိုးမြှင့်မကောက်ခံဖို့ ရေးသားထားပြီး စစ်တပ်က အာဏာသိမ်းရတဲ့အကြောင်းအရာတွေ ဆင်ခြေတွေကိုပါ အကြောင်းပြန်စာမှာ ရှည်လျားစွာထည့်သွင်းရေးသားထားတာ တွေ့ရပါတယ်။ စစ်ကောင်စီအနေနဲ့ အမေရိကန်သမ္မတထရန့်ကို ချီးမြှောက်တဲ့အရေးအသား အသုံးအနှုန်းတွေလည်း အကြောင်းပြန်စာမှာထည့်သွင်းသုံးနှုန်းထားတာကိုတွေ့ရပြီး စစ်ကောင်စီအနေနဲ့ တရုတ်နိုင်ငံကို မလွှဲမရှောင်သာဆရာတင်နေရပေမယ့် အမေရိကန်နဲ့ ဆက်ဆံရေးကောင်းမွန်လိုတဲ့ လက္ခဏာကို ထင်ရှားစွာပြသခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
လက်တွေ့ အနေအထားအရ အကဲဖြတ်ရရင် ကမ္ဘာ့နိုင်ငံအများအပြားနဲ့အတူ မြန်မာနိုင်ငံက မြင့်မားတဲ့သွင်းကုန်ခွန်ကောက်ယူမယ့် အကြောင်းကြားစာကို စစ်ကောင်စီအနေနဲ့ နိုင်ငံရေးအရ အသိအမှတ်ပြုမှုအဖြစ် ပြောင်းလဲရှုမြင်ပြီး အားရဝမ်းသာစွာအကြောင်းပြန်ခဲ့တဲ့အဖြစ်လို့သာ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်ထပ်စိတ်ဝင်စားစရာ သတင်းအကြောင်းအရာတခုက ချင်းပြည်နယ်ထဲမှာ ဘိန်းဖြူ ကီလိုဂရမ် ၁၀၀ ကျော်နဲ့ စိတ်ကြွမူးယစ်ဆေး ၃ သန်းဝန်းကျင် ဖမ်းဆီးရမိတဲ့ သတင်းဖြစ်ပါတယ်။ ဖလမ်းမြို့နယ်အပိုင် ဗားရ်တံတားအနီး အညာဒေသကတဆင့်သယ်ဆောင်လာတဲ့ ကား ၂ စီးကိုစစ်ဆေးရာမှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း ၁၅ ရဲ့ ထောက်ခံစာနဲ့ သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးအများအပြားကို ဖမ်းဆီးရမိပြီး ယင်းမာပင် PDF တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် ၃ ဦး ကားမောင်းသူ ၂ ဦးတို့ကို ဖမ်းဆီးခဲ့ပြီး အခြား ၂ ဦးကတော့ ဖမ်းဆီးမခံရမီလေးမှာ ကားပေါ်ကဆင်းပြီး ထွက်ပြေးသွားတယ်လို့ ယူဆရပါတယ်။
PDF တပ်ရင်းတရင်းက အခုလို အညာဒေသကနေ ချင်းပြည်နယ်ထဲကို မူးယစ်ဆေးဝါး သယ်ယူနေတာ အခုဟာပထမဆုံးအကြိမ်တော့မဟုတ်ပါဘူး။ CDF ဟားခါး ဖမ်းဆီးခံရသူတွေကို မေးမြန်းထားတာတွေကို ဗီဒီယိုဖိုင်အဖြစ်နဲ့ဖြန့်ဝေပြီးနောက် မကြာခင်မှာပဲ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိရာနေရာမှာ မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်အဖွဲ့တွေနဲ့ မူးယစ်ဆေးဝါးက ဆက်စပ်နေလေ့ရှိတာ အဆန်းတကြယ်တော့မဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့တိုင်း မူးယစ်ဆေးဝါးနဲ့ဆက်စပ်မှုမရှိကြပေမယ့် အချို့သော လက်နက် ကိုင်အဖွဲ့တွေအဖို့ လက်နက်ကိုင်တပ်ဖွဲ့ ရပ်တည်ရေး လိုအပ်တဲ့ရန်ပုံငွေရရှိရေးအတွက် မူးယစ်ဆေးဝါးရောင်းဝယ်တာ သို့မဟုတ် သယ်ဆောင်တာတွေ လုပ်ဆောင်ရလေ့ရှိပါတယ်။ လွတ်လပ်ရေးရပြီးနောက် ဖဆပလခေတ်က စလို့ ရှမ်းပြည်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတွေမှာ တရုတ်ဖြူကျူးကျော်မှုကအစပျိုးလာတဲ့ ဘိန်းစိုက်ပျိုးမှု နဲ့ ကူးသန်းရောင်းဝယ်မှုက အခုအချိန်ထိ ဆက်လက်ရှင်သန်နေဆဲဖြစ်ပါတယ်။ ဘိန်း၊ ဘိန်းဖြူကနေ အခုနောက်ပိုင်း စိတ်ကြွဆေးပြားထုတ်လုပ်မှုအဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့ရာမှာ မြန်မာနိုင်ငံဟာ ကမ္ဘာမှာမူးယစ်ဆေးဝါး ထုတ်လုပ်တဲ့နိုင်ငံအဖြစ် စာရင်းဝင်ခဲ့ရတာ ဖြစ်ပါတယ်။
အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာနိုင်ငံကနေ အိန္ဒိယဘက် ဖြတ်ကျော်သယ်ဆောင်ဖို့လို့ ယူဆရပြီး ရှမ်းပြည်ဘက်ကနေ သယ်ဆောင်လာတာလို့လည်း ယူဆရပါတယ်။ အခု ဖြစ်ရပ်မှာ ထူးခြားနေတာက မူးယစ်ဆေးဝါးကို သယ်ဆောင်လာတာက စစ်အာဏာရှင်ကို လက်နက်ကိုင် တော်လှန်နေတဲ့ PDF အဖွဲ့တွေဖြစ်နေတာပါ။ အညာဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ က တပ်ဖွဲ့ဝင် ၃ ဦးက လက်နက်နဲ့အတူ စတားလင့် အင်တာနက်ဆက်သွယ်ရေးစက်ပါ သယ်ဆောင်ပြီး ချင်းပြည်နယ်ကို ဖြတ်သန်းသယ်ဆောင်ပေးကြတာ ငွေကြေးရဖို့ လုပ်ဆောင်တယ်ဆိုတာ မေးဖို့မလိုပေမယ့် ဒီတပ်ရင်းတွေက ဘယ်အဆင့်ရှိတဲ့သူတွေက အခုလို မူးယစ်ကုန်ကူးမှု၊ သယ်ဆောင်မှုမှာပါဝင် ပတ်သက်နေကြသလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအောင်မြင်ဖို့ရာမှာ ရန်ပုံငွေ အရေးကြီးတယ်ဆိုတာမှန်ပေမယ့် အခုလို မူးယစ်ဆေးဝါးသယ်ယူပေးခြင်း၊ ကုန်ကူးရာမှာ ပူးပေါင်းပါဝင်ပေးခြင်းက လက်နက်ကိုင်တော်လှန်ရေးရဲ့ ဂုဏ်သတင်းကို ကြီးမားစွာ ထိခိုက်စေမှာ ဖြစ်ပါတယ်။
အခုဖြစ်ရပ်ဟာ များပြားတဲ့ပမာဏနဲ့ ပထမဆုံးဖမ်းဆီးရမိတဲ့ဖြစ်ရပ်ဖြစ်ပြီး ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တာဝန်ခံရမယ့်သူတွေထွက်ပေါ်လာဖို့ NUG အနေနဲ့ စုံစမ်းဖော်ထုတ်ပြီး ပြတ်ပြတ်သားသား အရေးယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar