Breaking News

မောင်ရစ် - ပြည်ထောင်စုသစ်အတွက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ - လက်ဆင့်ကမ်းရွက် ကလောင်မျိုးဆက်တွေ

မောင်ရစ် - ပြည်ထောင်စုသစ်အတွက် စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ - လက်ဆင့်ကမ်းရွက် ကလောင်မျိုးဆက်တွေ

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၅

နွေဦးတော်လှန်ရေး နဲ့ ၈၈ လည်ပြန်အတွေးများ (၆)

ကိုခင်လွန်းရေ လို့ အစပြုရမှာပဲ၊ အခုတလော စာရေးဆရာတွေ ဆုံးကြတယ်။ ကျန်းမာရေးကော အသက်အရွယ်ကြောင့်ကော။ အခြေအနေတွေအရ ဆုံးပါးရမယ့် အချိန် ရောက်လာလို့ဆိုပြီး ပြောချင်လည်း ပြောပေါ့လေ။ ပြီးတော့ တော်လှန်ရေးကြီးထဲ မြှုပ်နှံထားတဲ့ စာရေးဆရာ၊ ကဗျာဆရာ တွေလည်း ကျဆုံးကြတာတွေ ဖတ်ရ ကြားရတယ်။ သူတို့တွေအကြောင်း ကျနော်တို့ စာနယ်ဇင်းသမားတွေက မှတ်တမ်းပြု မော်ကွန်းတင်ကြရမှာပေါ့။ ကျနော်တို့ ရှင်သန်နေတုန်း ရှေ့က သွားတဲ့ သူတွေအတွက် ကျနော်တို့ အတတ်နိုင်ဆုံး တာဝန်တခု ကျေပွန်အောင် ထမ်းဆောင်ကြရမှာပေါ့။

ကျနော်တို့ စာနယ်ဇင်းသမားတွေကို ချည်နှောင်ထားတာက ပုဂ္ဂိုလ်ရေးသံယောဇဉ်တွေ မဟုတ်ဘူးလို့ ထင်တယ်။ စာပေနဲ့ အနုပညာက ကျနော်တို့ကို စည်းနှောင်ထားတယ်လို့ ထင်ပါတယ်။ ဒီထက်ပိုပြောရရင် ကျနော်တို့ကို စည်းနှောင်ထားတဲ့အရာက မျိုးချစ်စိတ်လို့ ခေါ်ခေါ်၊  နိုင်ငံတော်တခုအပေါ်ကို ချစ်ခင် ယုံကြည်တဲ့ စိတ်က ကျနော်တို့ကို စည်းနှောင်ထားတယ်။ နှလုံးသားချင်း နီးကပ် ရင်းနှီးစေတယ် လို့ ထင်ပါတယ်။ 

သည်နေရာမှာ တခြားလူတွေကို မပြောပါနဲ့၊ ကိုခင်လွန်း နဲ့ မောင်ရစ် ကိုပဲ ဥပမာပေးပါမယ်။ ကျနော်နဲ့ ခင်ဗျားနဲ့က လူချင်းလည်း တခါမှ မဆုံဘူး၊ မကြုံဖူးကြပါဘူး။ သိလည်း မသိကြပါဘူး။ သို့သော် စာပေချစ်စိတ်၊ စာနယ်ဇင်းအပေါ်မှာ မြှုပ်နှံလုပ်ကိုင်တဲ့ စိတ်ချင်း အလုပ်ချင်း တူညီကြလို့ ကျနော်တို့တတွေ စာပေပလက်ဖောင်းမှာ ဆုံကြ လက်တွဲကြတယ်။ လုပ်ကိုင်ပြီး မိုးမခကို တည် ဆောက်ကြတယ်။ စာပေရိပ်သာကို ပေါင်းသင် ရေလောင်းကြတယ်။ ကျနော်က ကမ္ဘာအနောက်ခြမ်းမှာနေထိုင်ပြီး ခင်ဗျားက ကမ္ဘာအရှေ့ခြမ်းမှာ နေထိုင်ကြတယ်။ စာချင်းသာဆုံကြ ရင်းနှီးကြတယ်။ သို့သော် မိုးမခကနေ ကျနော်တို့ စာပေနဲ့ အနုပညာကို တည်ဆောက် ရင်းနှီးကြပါတယ်။ မှတ်မိနေတာလေးတွေက ကိုခင်လွန်းတို့ ထိုင်းနယ်စပ် စခန်းလေးအနီးက အင်တာနက်ကဖီးဆိုင်ကနေ အလုပ်တွေလုပ်ပြီး စာတွေ ရေး၊ စာတွေ တည်းကြ၊ အလုပ်တာဝန်တွေ မျှဝေယူခဲ့ကြတာတွေပေါ့။

မိုးမခကို ၂၀၀၃ နောက်ပိုင်းမှာထူထောင်ပြီး လုပ်ရင်းကိုင်ရင်းနဲ့ ဘာကိုသွားစွဲလမ်းလဲဆိုတော့ ပန်းချီမောင်ညိုဝင်း ဆွဲတဲ့ စာအုပ်၊ တူတံဇင်၊ ဒေါင်း နဲ့ ချိုးငှက် လိုဂိုနဲ့ ပန်းချီ။ အဲဒီသရုပ်ဖော်က သခင်ကိုယ်တော်မှိုင်း၏နိုင်ငံတော်အုတ်ဂူမှာ ရေးထိုးထားတဲ့ လိုဂို။ သူ၏ကိုယ်စားပြုမှုကို ဖွဲ့ဆိုရရင် - စာပေ၊ လူတန်းစားတိုက်ပွဲ၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုနဲ့ ဒေါင်းဆိုတဲ့ မျိုးဆက်သစ်တွေအပေါ် ယုံကြည်ချက်လို့ ပြောချင် ပြောလို့ရမယ်ထင်ပါတယ်။ ကျနော်က အဲဒါကိုပဲ မိုးမခ လိုဂိုအဖြစ် ပြန်ကူးယူပါတယ်။ ကြွေးကြော်သံအဖြစ်ကတော့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ လွတ်လပ်တဲ့ လူ့ဘောင်သစ်လို့ ရေးထိုးလိုက်တယ်။

ကိုခင်လွန်းကို မမြင်ဖူး၊ မဆုံဖူးသလိုပဲ သခင်ကိုယ်တော်မှိုင်းကိုလည်း မဆုံဖူးပါဘူး (အေးလေ ဘယ်လိုလုပ် ဆုံဖူးမလဲ)။ သို့သော် စာပေမျိုးဆက် အဆင့်ဆင့် လက်ကမ်းတဲ့ သမိုင်း၏ အမွေအရ သခင်ကိုယ်တော်မှိုင်းဟာ တော်လှန်သော နိုင်ငံတော်တရပ်၏ခေါင်းဆောင်တဦး၊ အလံကိုင်တဦး၊ တော်လှန်သော မြန်မာစာပေ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေအတွက် အုတ်မြစ်ချပေးသူတဦး ဖြစ်တယ်ဆိုတာကိုတော့ ရင်ထဲကနေ သိရှိနားလည် သင်ကြားခဲ့ပြီး ဖြစ်ပါတယ်။ ကျနော်တို့က သူတို့နောက်ကနေ ဆက်ချီတက်ကြတဲ့မျိုးဆက်တွေဆိုတာကို ကျနော်တို့ကိုယ် ကျနော်တို့ ခံယူထားမိကြတယ်ဆိုတာ မွေးရာပါအမွေ အနှစ်တခုလိုဖြစ်နေကြတာပါပဲ။

ဒါ့နဲ့ဆက်စပ်တွေးရင် သခင်ကိုယ်တော်မှိုင်းတို့တတွေ တော်လှန်မျိုးဆက်အဆက်ဆက်က ဖြစ်စေချင်တဲ့ မျှော်မှန်းတဲ့ သာတူညီမျှ ငြိမ်းချမ်းသောပြည်ထောင်စုဆိုတာကို ကျနော်တို့ကိုယ်တိုင်က ဆက်လက်ယုံကြည် စွဲလမ်း ချစ်ခင်နေမိတယ် ဆိုတဲ့အချက်။ အဲသည်ကို ဦးတည်ပြီး ကျနော်တို့တတွေက စာပေလက်နက်နဲ့ ထုဆစ်တည်ဆောက် ချီတက်နေကြတယ် ဆိုတာပါ။ ကိုလိုနီခေတ်က စာနယ်ဇင်းတွေကနေ ကျနော်တို့ရှေ့မျိုးဆက် ရုန်းကန်မှု၊ သမိုင်း၊ ယဉ်ကျေးမှုတွေ ၊ လူမှုဘ၀တွေနဲ့ ခံစားချက်တွေကို သိရှိနားလည်ခဲ့ကြပါတယ်။ သူတို့ လိုချင်တဲ့ လွတ်လပ်ရေးအတွက် သူတို့ လိုချင်တဲ့ ပြည်ထောင်စုအတွက် သူတို့စာပေကနေ မှတ်တမ်းတင် လက်ဆက်ကမ်းခဲ့ကြတယ်။ ကိုလိုနီခေတ်ကနေ လွတ်လပ်ရေးခေတ်ဦးမှာလည်း နောက်မျိုးဆက် စာရေးဆရာတွေ အနုပညာသည်တွေကလည်း မပြီးဆုံးသေးတဲ့ ပြည်ထောင်စုအိပ်မက်တွေကို သူတို့ စာပေ အနုပညာကနေ ဖွဲ့ဆိုခဲ့ကြပြန်တယ်။ သည်နေရာမှာ စိတ်ကူးယဉ် ဇာတ်လမ်း ဇာတ်ကောင်တွေ၊ ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာတွေ၊ အိပ်ရာဝင်ပုံပြင်တွေကအစ မြန်မာပြည်နဲ့ မြန်မာပြည်သူတွေအကြောင်း ဖွဲ့ဆို သီကုံးထားခဲ့ကြတယ်ဆိုတာ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ 

သခင်ကိုယ်တော်မှိုင်းကြီးနောက်နေ ပြန်မြင်ယောင်ကြည့်လိုက်ရင် - ဗန်းမော်တင်အောင်၊ ဂျာနယ်ကျော် ဦးချစ်မောင်၊ ကြေးမုံဦးသောင်း၊ ဒဂုန်တာရာ၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ကျနော့်ဘိုးဘွား - ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ မင်းသုဝဏ်၊ ဇော်ဂျီ စတဲ့ စာပေ ဘိုးအေ၊ ဘွားအေတွေက မြန်မာပြည်ကြီးကို ဖွဲ့ဆိုမှတ်တမ်းတင်ခဲ့၊ ချစ်ခင် စည်းနှောင်မှုတွေ ပြုခဲ့တယ်လို့ ဆိုရပါမယ်။ သခင်အောင်ဆန်းနဲ့ မွေးနှစ်တူတဲ့ ကျနော့်ဘိုးဘွားတွေအတွက် ၂၀၁၅ မြန်မာပြည် ပြန်ပြီး နှစ် ၁၀၀ ပြည့်ပွဲလေးလုပ်ခဲ့တော့ သူတို့ စာပေမိတ်ဆွေတွေ၏ ခေတ်ပြိုင် ဓာတ်ပုံပြပွဲလေး လုပ်ဖြစ်ခဲ့သေးတယ်။ အဲသည်စာရင်းမှာ အခုသည်စာထဲကထက်ပိုစုံတဲ့ မြန်မာပြည်စာပေသမိုင်းက ရာပြည့်နဲ့ ရာပြည့်ကျော်ပုဂ္ဂိုလ်တွေကို ဓာတ်ပုံပြသနိုင်ခဲ့ပါတယ်။ 

လွတ်လပ်ရေးခေတ်ဦး၊ မြန်မာစစ်အာဏာရှင်တွေ၏ အစောပိုင်းကာလမှာ ကြီးပြင်းလာတဲ့ စာပေ အနုပညာရှင်တွေကလည်း မပြီးဆုံးသေးတဲ့လွတ်လပ်ရေးသီချင်း၊ အာဏာရှင်လက်အောက်ကနေ ရုန်းထ ဆန့်ကျင်ကြရေး စာပေ သုခုမတွေဖွဲ့ဆိုခဲ့ကြ၊ လက်ဆင့်ကမ်းခဲ့ကြတာပါပဲ ကိုခင်လွန်းရယ်။ 

အဲသည်မှာ ကျနော်တို့ မိုးမခကို လက်တွဲ ခေါ်ပေးခဲ့တဲ့ ရှေ့က မိဘအရွယ် ခေတ်ဆောင်တွေက ဆရာဦးတင်မိုး၊ ဆရာမောင်စွမ်းရည်၊ အန်တီ ဒေါ်မာမာအေး၊ ဆရာဦးဝင်းဖေတို့ ဖြစ်ကြတယ်။ ဆရာ ဦးဝင်းတင် ဖြစ်တယ်။ ကျနော်တို့၏အဝေးက ဆရာတွေက လူထုစိန်ဝင်း၊ မောင်ဝံသ၊ မောင်မိုးသူ နဲ့ ဆရာမောင်သာရတို့ ဖြစ်တယ်။ သူတို့က စစ်အာဏာရှင်ပေးတဲ့ အရိပ်အာ၀သအောက်မှာ ခေါင်းချ မှေးစက် မျောပါနေခဲ့ကြသူတွေ မဟုတ်ကြဘူး။ မြန်မာပြည်ရဲ့ လွတ်မြောက်ရေးပန်းတိုင်က ကိုလိုနီခေတ်ကနေ လွတ်မြောက်ရုံနဲ့မပြီးသေးဘူး ဆိုတာကို သူတို့တွေက လမ်းပြခဲ့ကြတာမဟုတ်လား။ မြန်မာပြည်ကိုလိုနီလွတ်မြောက်ရေးကနေ တပါတီအာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် သူတို့ ဆက်ချီတက်ခဲ့ကြတာပေါ့။

သည်လိုနဲ့ ကျနော်တို့ ၈၈ မှာ အရွယ်ရောက်လာကြတယ်။ ကျနော်တို့၏ ရှေ့က ခေတ်ပြိုင် ကိုယ့်အစ်ကိုကြီး အစ်မကြီးတွေခေတ်၊ ၁၉၈၈ မတိုင်ခင် စာပေခေတ်သစ် လှုပ်ရှားမှုတွေ လှုံ့ဆော်မှုတွေထဲမှာ ကိုခင်လွန်းတို့ မျိုးဆက်တွေ ပါခဲ့ကြတာပေါ့။ ကျနော်တို့က ခင်ဗျားတို့ကို မေ့ာကြည့်ပြီး စာပေ အနုပညာတွေ ခံစားမှုတွေကို အိပ်မက် စ မက်ခဲ့ကြတာပေါ့ဗျာ။ အခု သူတို့တွေထဲက အစ်ကိုကြီး၊ အစ်မကြီးတွေဟာ ကျနော်တို့ မိုးမခစာပေမိသားစုထဲမှာ ဆက်လက် ပါဝင်တည်ရှိနေကြတယ်ဆိုတာ အခု မိုးမခ အနှစ် ၂၀ ကျော်သက်တမ်းမှာ ပြန်ကြည့်လိုက်ရင် ဂုဏ်ယူစရာပါဗျာ။ ကိုခင်လွန်းတို့တွေကနေ ချိတ်ဆက်ပေးလို့ မြန်မာစာပေအသိုင်းအဝိုင်းထဲက ခေတ်ပြိုင်မျိုးဆက်တွေက မိုးမခမှာ ကျနော်တို့ အားလုံးယုံကြည်တဲ့ စာပေ၊ ယဉ်ကျေးမှု နဲ့ အနုပညာတွေ တင်ဆက်ပေးခဲ့ကြပါတယ်။ ပြည်ထောင်စုသီချင်းကို အတူ သီဆိုနေကြတာပေါ့။ ကျနော်တို့၏ မိုးမခစာပေဝိုင်းတော်သားများစာရင်းကို နှစ်အလိုက် ပြန်ကြည့်လိုက်ရင် ခေတ်အဆက်ဆက်နဲ့ ခေတ်ပြိုင် မျိုးဆက် စာရေးဆရာတွေ ပါဝင်နေတာ တွေ့ရပါတယ်။ အခု ကျနော်တို့ ပြည်ထောင်စုအိပ်မက်ဟာ စစ်အာဏာရှင်တွေ အာဏာရှင်တွေလက်အောက်က လွတ်မြောက်ရေးပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ လက်ဆင့်ကမ်းအမွေ ရခဲ့ကြတာပေါ့ဗျာ။

ကျနော့်စိတ်ထဲ ထင်ခဲ့မိတာက ၂၀၁၂ကနေ ၂၀၂၀ ကြားထဲ နိုင်ငံရေးအပြောင်းအလဲ ရာသီဥတုတွေကို ကြည့်ပြီး စာနယ်ဇင်းဟာ ရှေ့ကိုတိုးတဲ့ တခေတ်ဆန်းချိန်ရောက်ပြီလို့ ထင်မိတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုတွေ အနိုင်ရကြတယ်။ အကျယ်ချုပ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုပြန်လည်ဦးဆောင်ပြီး နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်နိုင်ဖို့ ခြေလှမ်းတွေ စတင်နိုင်ခဲ့တယ်။ ကျနော်တို့လည်း ပြည်တော်ပြန်ပြီး မိုးမခမဂ္ဂဇင်း ပုံနှိပ်ဗားရှင်းကို ထုတ်ကြတယ်။ စာနယ်ဇင်း အနုပညာ သုခုမနယ်ထဲမှာ ကိုယ်တိုင်ကိုယ်ကျ မြေသားစင်စစ်ကို နင်းချခွင့်ရကြတယ်။ မျိုးဆက်သစ်တွေ မျိုးဆက်ဟောင်းတွေ ချိတ်ဆက်ခွင့် လက်ဆင့်ကမ်းကြပြီ ကြားကာလအပြောင်းအလဲတခုမှာ ဒီမိုကရေစီပြည်ထောင်စုကြီး စစ်စစ်ပေါ်ဖို့ ပြင်ဆင် ပြုပြင် ပြောင်းလဲရေး ခြေလှမ်းတွေ စခွင့်ရပြီလို့ ထင်မြင်မိခဲ့တယ်။ 

သို့သော် ဆရာဦးဝင်းတင်ကတော့ အမြော်အမြင်ကြီးစွာနဲ့ လမ်းခုလတ်လို့ သုံးသပ်ခဲ့တယ်။ အာဏာရှင်တွေက လမ်းခုလတ် ညောင်ညိုရိပ်မှာ ခေတ္တအနားယူ အားမွေးနေတာပဲလို့ ဝေဖန်တယ်။ အာဏာရှင်ခင်းပေးတဲ့ စည်းကမ်းပြည့်၀သော ဒီမိုကရေစီလမ်းကိုဆက်လျှောက်ချင်လျှောက်ကြပေါ့ကွာလို့ ရယ်သွမ်းသွေးပြီး ဝေဖန်ခဲ့ပါတယ်။ သို့သော် အမှောင်ကြားက ခေတ္တခဏ အလင်းပွင့်ချိန်မှာ ကျနော်တို့တတွေက မိဘဘိုးဘွားတွေကို နောက်ဆုံးအကြိမ်အဖြစ် နှုတ်ဆက်စကားပြောခွင့်ရကြတယ်။ ခေတ်ပြိုင် မျိုးဆက်တွေနဲ့ နှီးနှောဖလှယ် သုံးသပ်ဆင်ခြင်ခွင့်ရကြတယ်။ ပြီးတော့ နောက်က ပွင့်ဖူးလာကြတဲ့ ညီငယ်၊ ညီမငယ်တွေနဲ့ ရင်းနှီးခင်မင် မိတ်ဖွဲ့ခွင့် နားလည်မှု ယူခွင့်တွေ ရခဲ့ကြပါတယ်။

ဒါပေမဲ့ ကျနော်တို့ မျှော်လင့်တဲ့ ပြည်ထောင်စုသစ် လူ့ဘောင်သစ်လမ်းခရီးဟာ မပြီးဆုံးသေးဘူး။ အချို့အကွေ့ အတက်အဆင်း ကျင်းတွေ ချိုင့်ဝှမ်းတွေ ဆူးခလုတ်တွေအပြည့်ပဲဆိုတာကို သင်ခန်းစာ တွေ ရကြပြန်တာပေါ့။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ဦး၊ မဆလ တပါတီခေတ်နဲ့ စစ်အုပ်ချုပ်ရေးကာလများက သမိုင်းတွေ အတွေ့အကြုံတွေက ကျနော်တို့၏အလွန်အကျွံ အကောင်းမြင်မှုတွေကို ဇက်ကြိုး တုံ့ဆွဲထားခဲ့ကြတယ်မဟုတ်လားကိုခင်လွန်းရေ။ တိုင်းရင်းသားတွေက ခေတ်အဆက်ဆက် စစ်အုပ်စုတွေနဲ့ အပေါင်းအပါတွေ မယုံကြည်မကိုးစားကြတာဟာ သူတို့၏ ဘ၀အတွေ့အကြုံနဲ့ ရင်းထားတဲ့သမိုင်းသင်ခန်းစာပါ။ 

ကျနော်တို့ စာပေယဉ်ကျေးမှု အနုပညာထဲမှာ အဲသည် ပုံပြင်တွေ ရေးထိုးထားခဲ့တာကို ကျနော်တို့ မေ့လို့ ဘယ်ဖြစ်မလဲ။ အနော်ရထာပုံပြင်မှာ ရှမ်းပြည်က မိဘုရား စောမွန်လှရဲ့ အလွမ်းဇာတ်၊ မွန်၊ မြန် မာ၊ ရခိုင် နဲ့ ရှမ်းတို့၏ ပဒေသရာဇစ်စစ်ပွဲတွေ၊ စစ်ဘုရင်တွေ၏ အိမ်နီးချင်းတွေနဲ့ နယ်ချဲ့စစ်တွေဟာ သမိုင်းပုံပြင်ထဲကနေ ကျနော်တို့ကို လှစ်ဟ သတိပေးခဲ့ကြတာ မဟုတ်လား။  စစ်အုပ်စုတွေဟာ ခေတ်အဆက်ဆက်မှာ နိုင်ငံရေးခေါင်းဆောင်တွေ တိုင်းရင်းသားခေါင်းဆောင်တွေကို လိုရင် လိုသလို မလိုရင် မလိုသလို ပုံဖျက် ဝါဒဖြန့် အခုခေတ်အခေါ် ဂျင်းသွင်း အပင်းသွင်းခဲ့ကြတာတွေကို ကျနော်တို့ မြင်ကြရတယ် မဟုတ်လား။ 

တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နှုတ်က မချပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လုပ်ကြံနင်းချေဖို့ ကြိုးစားခဲ့ကြတယ်။ ပြီးတော့ တပ်မတော်သာ အမိ တပ်မတော်သာ အဖလို့ကြွေးကြော်ကြပြန်တယ်။ အမျိုး ဘာသာ သာသနာမှိုင်းတိုက်ပြီး ကျနော်တို့ကို သွေးခွဲကြတယ်။ ငြိမ်းချမ်းရေးစကားပြောပြီး နိုင်ငံရေးသမားတွေ ကျောင်းသားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချ၊ တိုင်းရင်းသားတွေကို သောင်းကျန်းသူဆိုပြီး ချေမှုန်း၊ တပ်တော်ဟာ နိုင်ငံရေးအခန်း ကဏ္ဍမှာကော စစ်ရေးမှာပါ နေရာမဖယ်ပေးတော့တာကို ကျနော်တို့ မျက်ဝါးထင်ထင် မြင်ကြရတယ်။ စာနယ်ဇင်းတွေ သုခုမစင်မြင့်တွေကနေ ကျနော်တို့ မှတ်တမ်းတင် တုံ့ပြန်၊ လူထုကို အသိပေးနိုင်ခဲ့ကြတယ် မဟုတ်လား ကိုခင်လွန်းရေ။

နောက်ဆုံးတော့ ကျနော်တို့ စစ်အာဏာရှင်တွေ ထိုးချတဲ့ အမှောင်တိုက်ထဲ ၂၀၂၁ မှာ ပြန်ရောက်ကြရတာပဲဗျာ။ နွေဦးတော်လှန်ရေး။ မြန်မာပြည်လူ့ဘောင်သစ် ဖူးပွင့်ဖို့ ခေတ်က တောင်းဆိုလို့ နွေဦးက ရောက်လာခဲ့ပြီလို့ပဲ ဆိုချင်ပါတယ် ကိုခင်လွန်းရယ်။ 

ကျနော်တို့တတွေ အလဲလဲ အကွဲကွဲနဲ့ မြို့ပြတွေကနေ ဆုတ်ခွာကြရတယ်။ မြန်မာပြည်ကနေ ဆုတ်ခွာကြရသူတွေလည်း ရှိတယိ။ စစ်မိုး စစ်လေ စစ်မုန်တိုင်းအောက်မှာ တဖြည်းဖြည်းချင်း တည်ဆောက်ထူထောင်ခဲ့ရတဲ့ စာပေ စာနယ်ဇင်း သုခုမ အနုပညာရိပ်မြုံတွေ တမုဟုတ်ချင်း ပြိုကျ ပျက်စီးကုန်ကြရတယ်။ စွန့်ခွာကြရတယ်။ မစွန့်ခွာနိုင်ကြသူတွေကိုယ်တိုင်လည်း အသွင်ပုံသဏ္ဌာန် ပြောင်းကြရတယ်။ အသွေးအရောင် အသံ မျက်ဝန်း ပုံဖျက်ကြရတယ်။ 

အဲသည် နွေဦးတော်လှန်ရေး အစဦး ကာလတွေမှာ ကျနော်တို့တတွေဟာ လမ်းပျောက်သလို ဖြစ်ကြရတာပေါ့ ကိုခင်လွန်းရယ်။ ကျနော်တို့ ဘိုးဘွားဘီတွေက စခဲ့တဲ့ မြန်မာပြည်ထောင်စုကြီး သာတူညီမျှ လွတ်မြောက်ရေးတိုက်ပွဲမှာ စာပေအနုပညာလက်နက်တွေဟာ တကယ်တမ်းကော ထိရောက် အသုံးဝင် အရာထင် လမ်းဖောက်နိုင်ခဲ့ရဲ့လားလို့ တောင် သံသယတွေ ဝင်မိတယ်။

စစ်အာဏာရှင်ကို အဆုံးတိုင် ဖြုတ်ချဖို့အရေးဟာ မြန်မာပြည်သားတိုင်းအတွက် ဦးစားပေး နံပါတ် ၁၊ နံပါတ် ၂၊ နံပါတ် ၃ ဖြစ်လာတယ်။ စစ်အုပ်စုဟာ တခါဖူးကမှ စာပေ အနုပညာ သုခုမတွေနဲ့ ယဉ်ကျေး လိမ္မာ၊ ပြုပြင်ပြောင်းလဲလာတယ်လို့မှမရှိတာပဲ။ သူတို့ နားလည်တာက သူတို့တွေသာ လက် နက်ကိုင်ပြီး ပြည်သူတွေကို နင်းချေပစ်ဖို့သာ ဖြစ်တယ်။ 

သတင်းတွေကနေ စာပေတွေကနေ အနုသုခုမတွေကတော့ the voice for the voiceless ကို သူတို့မှ နားမလည်တာ။ သည်တော့ နွေဦးမျိုးဆက်သစ်တွေက လက်နက်စွဲကိုင်ပြီး တော်လှန်ရေးကို လုပ်ကြဖို့သာ ဆုံးဖြတ်ကြရန် ဖြစ်လာပါတော့တယ်။  ကျနော်တို့တွေကိုယ်တိုင်က လက်နက်စွဲကိုင် ခုခံတွန်းလှန်ရတဲ့ တော်လှန်ရေးကို လက်ခံကြရပေမယ့် တသက်လုံး ကိုင်စွဲလာမိတာ ကလောင်တံကို မလွှတ်ချနိုင်ခဲ့ကြဘူးမဟုတ်လားကိုခင်လွန်းရေ။ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ ဂီတအနုပညာသမားတွေဟာ လက်နက်စွဲကိုင် ခုခံတွန်းလှန်ခြင်းကို ရွေးချယ်ခဲ့ကြ၊ ရှေ့တန်းမှာ ကျဆုံး စွန့်လွှတ်ခဲ့ကြရတယ်။ ကျနော်တို့ကတော့ စာပေ စာနယ်ဇင်းပလက်ဖောင်းကပဲ မှတ်တမ်းရေးထိုးသူတွေ၊ သတင်းထုတ်ပြန်သူတွေ၊ စုဆောင်းတင်ပြသူတွေ ခံစားကြသူတွေအဖြစ်သာ ဆက်လက် ရပ် တည်ကြပါတယ်။ 

တကယ်တမ်းကျတော့ စာပေ ယဉ်ကျေးမှု အနုပညာဟာ စစ်ပွဲတွေကြားမှာ သေနတ်သံ ဗုံးသံတွေကြားမှာလည်း ဆက်လက်ဖူးပွင့်ပါတယ်။ ပြည်သူတွေ၏ ရင်ခုန်သံတွေ ရုန်းကန်မှုတွေကို ထင်ဟပ် ဖွဲ့ဆိုတင်ပြရပါတယ်။ အဲသည်ကနေ သင်ခန်းစာတွေ ခံစားချက်တွေ ခွန်အားတွေ မွေးဖွားကြရပါတယ်။ အဲသည်ကနေ အနာဂတ်ပြည်ထောင်စုအတွက် လမ်းကို ဆက်ဖောက်ကြရတာပဲ ဆိုတာကို ကျနော်တို့ တွေ့ရှိလာကြရပါတယ်။ နွေဦးတော်လှန်ရေးကနေ မွေးဖွားလာတဲ့ သီချင်းတွေ ကဗျာတွေ စာတွေ ရုပ်သံတွေ စာပေ ဆောင်းပါးတွေ ဆက်လက် ပေါ်ထွက်လာနေကြတာကို ကျနော်တို့ မြင်ကြရ၊ ဆက်လက် သယ်ဆောင် ဖြန့်ချိကြရပြန်တာပေါ့ ကိုခင်လွန်းရယ်။

သည်လိုဆိုတော့လည်း ကျနော်တို့တွေ ပခုံးပေါ်မှာ ထမ်းဆောင် သယ်ပိုးထားတဲ့ မြန်မာ စာပေ၊ ယဉ်ကျေးမှုအနုပညာတွေဆိုတာ ပြည်သူတွေအတွက် ဖြစ်တယ်၊ ပြည်သူတွေ ကြားက မွေးဖွားလာတယ်။ အဲသည်ကနေ မပြီးဆုံးသေးတဲ့ ခရီး - ပြည်ထောင်စုသစ်ဆီ လူ့ဘောင်သစ်ဆီ ဆက်ချီတက်ကြဖို့ ဖြစ်တယ်ဆိုတာ ထင်ရှားလာမိ ပိုမိုသက်ဝင်လာမိပါတယ်။ ခရီးလမ်းကနေ ဖြတ်သန်းရင်း ကြုံဆုံရတဲ့ မှတ်တိုင်ကလေးတွေ ပြန်ပြောပြရရင် - စာပေကို စွန့်ပြီး တောကျောင်းဆရာလေးလုပ်ပြီး စစ်ဘေးသင့်ကလေးတွေအတွက် အနာဂတ်တွေထုဆစ်နေတဲ့ စာရေးဆရာလေးက အဲသည်အတွေ့အကြုံတွေ ခံစားချက်တွေကို ပြန်ဖွဲ့ဆိုပြီး မိုးမခမှာ စာရေးတယ်။ အဲသည်စာကို Radio NUG က စီဒီအမ် MRTV အဖွဲ့က အသံအဖြစ် ပြန်ဖတ်တယ်၊ ရုပ်သံအစီအစဉ်လေး လုပ်ကြတယ်။ မိုးမခက စာတွေ၊ ကဗျာတွေကို သူတို့တတွေပြန်ဖတ်ကြတယ်။ ပြန်အသံလွှင့်ကြတယ်။ ဆိုရှယ်မီဒီယာက နွေဦးတော်လှန်ရေး၏အသံတွေကို ကျနော်တို့ မှတ်တမ်းတင် ဖြန့်ချိနေကြရပြန်တယ်။ 

စာရေးဆရာလည်းဖြစ်၊ လူမှုကယ်ဆယ်ရေးသမားလည်း ဖြစ်တဲ့ စာရေးဆရာတွေ၊ ကဗျာဆရာတွေဟာ စစ်ပြေးရင်း တိုင်းရင်းသားနယ်မြေတွေမှာ လှည့်ပတ်နေထိုင်ရင်းကနေ တိုင်းရင်းသားနယ်မြေတွေက ဘ၀တွေ ခံစားချက်တွေ ဖွဲ့ဆိုတင်ပြကြပြန်တယ်။ ကဗျာဆရာကနေ လက်နက်ကိုင်တော်လှန်ရေးသမားဖြစ်လာသူတွေက ကဗျာစာအုပ်လည်း ထုတ်တယ်၊ ကျည်ဆန်နဲ့ ဆန်ကိုလည်း အလှူခံကြရပြန်ပါတယ်။ အို ပြောရရင် ဆုံးမယ် မထင်ပါဘူး။ 

သို့သော် ပြောချင်တာက ကျနော်တို့ စာပေအနုပညာသမားတွေဟာ စာပေလက်နက်ကို မစွန့်လွှတ်ကြဘဲ တော်လှန်ရေးထဲမှာ ဆက်လက်ကိုင်စွဲနေကြဆဲပဲဆိုတာ ပြောချင်တာပါ ကိုခင်လွန်း။ မြို့ပေါ်မှာ ကျန်ရစ်ခဲ့ရသူ စာရေးဆရာတွေ ကဗျာဆရာတွေက ပြည်သူတွေ၏ဘ၀နဲ့ ခံစားချက်တွေကို ဆက်လက်ဖြန့်ချိတင်ဆက်လို့ လူထု၏ နား မျက်စိဆီကို သူတို့အရောက်ပို့နေကြလို့ မြန်မာပြည် ထောင်စုတခုလုံးဟာ ခုချိန်ထိ စစ်အာဏာရှင် အပြုတ်ဖြုတ်ချရေးလမ်းကြောင်းကနေ သွေဖည်မသွားဘူးဆိုတာ ထင်ရှားပေါ်လွင်စေပါတယ်။

ကျနော်တို့ဖြတ်သန်းလာခဲ့သမျှ ထမ်းပိုးလာခဲ့သမျှဟာ အဟောသိကံတော့မဖြစ်ပါဘူး ကိုခင်လွန်း။

အမှတ်တရနောက်တခုပြောရရင် စစ်ကောင်စီက ဖမ်းဆီးထောင်ချခံရပြီး လွန်ခဲ့တဲ့  တနှစ်ကျော်ကျော်က လွတ်မြောက်လာတဲ့ ကဗျာဆရာ လူမှုရေးသမားလေးနဲ့ စကားပြောတော့၊ သူက ထောင်ထဲက စာကြည့်တိုက်မှာ မိုးမခမဂ္ဂဇင်း ၂ အုပ်လောက်တွေ့ခဲ့တဲ့အကြောင်း ပြောတယ်။ လူငယ်တွေက အဲသည်စာအုပ်တွေ ဖတ်နေကြဆဲဆိုတာ ပြောတယ်။ ကျနော်က ကိုယ့်နားတောင် ကိုယ့်မယုံပါဘူး။ သူ့စာတွေပါလို့ သူ့ကိုလာပြီးမေးမြန်းကြတယ်။ စကားပြောဆိုဆွေးနွေးကြတဲ့အကြောင်းပြောပြတယ်။ ကျနော်စိတ်ထိခိုက် ခံစားရပါတယ်။ ကျနော်တို့တတွေ မလွတ်မြောက်သေးဘူး။ ကျနော်တို့တတွေ၏ စာပေလက်ရာတွေဟာ ခုထိလွတ်မြောက်ခြင်းကို မဖွဲ့ဆိုနိုင်သေးဘူး။ ဒါတွေကိုပဲ လူငယ်တွေကို ထပ်ထပ်ပြီး ဖတ်စရာအဖြစ် ပြန်ပေးနေရတာ စိတ်ထိခိုက်စရာပေါ့နော်။

ကျနော်သည်စာကိုရေးပြီး နိဂုံးမချုပ်သေးခင်မှာ ဆရာမ မရီဝေ ဆုံးတယ်၊ ရွှေညဝါဆရာတော် ဆုံးတယ်၊ ဆရာမောင်သာချို ဆုံးတယ်။ ဒေါက်တာ နေဝင်း ဆုံးတယ်။ နယ်စပ်လမ်းက ပန်းကလေးများကို ဖူးပွင့်စေသူ ဂျွန်ကြီး ဆုံးတယ်။ ငြိမ်းအေးအိမ် ဆုံးတယ်။ 

သည်ထက်မက အပြစ်မဲ့ ပြည်သူတွေ ကလေးတွေ အညတရသူရဲကောင်းတွေ အများကြီး ဆုံးခဲ့ကြပြီ။ 

သည်လမ်းက မဆုံးသေးပါဘူး။ ကျနော်တို့တွေလည်း ကျနော်တို့ယုံကြည်ချက်ကို ကိုင်စွဲပြီး မဆုံးမချင်း ဆက်လျှောက်နေကြရဦးမှာ ဖြစ်ပါတယ်။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar