Breaking News

မိုးကုတ်နဲ့ ကသာမြို့နယ်က ကျေးရွာတွေ လေယာဥ်နဲ့ ဗုံးကြဲ နောင်ပိန်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၆ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၇၊ ၂၀၂၅


မိုးကုတ်နဲ့ ကသာမြို့နယ်က ကျေးရွာတွေ လေယာဥ်နဲ့ ဗုံးကြဲ နောင်ပိန်ကျေးရွာကို လက်နက်ကြီးနဲ့ပစ်

မကြာသေးခင် ရက်ပိုင်းက နောင်ချိုမြို့ကို သိမ်းယူရရှိသွားတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာတော့ မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ်ကို ဗုံးကြဲခဲ့သလို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်ကောင်စီ စစ်ရေယာဥ်တန်း နဲ့အပြိုင် ကသာမြို့ အထက်ဘက် မြစ်နဘေးက ကျေးရွာတွေကို ဗုံးကြဲခဲ့ပါတယ်။ တဖန် နောင်ချိုမြို့သိမ်းပြီးနောက် နောင်ချိုမြို့နယ်နဲ့ ကပ်လျှက် ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး လူနေအိမ်ကို ထိမှန်ခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ 

နောင်ချိုမြို့ကို သိမ်းယူနိုင်ပြီးနောက်မှာ စိတ်ဓါတ်တက်ကြွလာနေတဲ့ စစ်ကောင်စီ တပ်တွေအနေနဲ့  TNLA သိမ်းယူခဲ့တဲ့ မိုးကုတ်မြို့ နဲ့ ကျောက်မဲမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်လိမ့်မယ်လို့ မှန်းဆချက်တွေလည်း ပေါ်ထွက်နေချိန်မှာအခုလို ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး မိုးကုတ်မြို့က ရွှေလိပ်ပြာဟိုတယ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့တာ ဖြစ်ပါတယ်။ 

KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို လနဲ့ချီပြီး အပြင်းအထန် ကာကွယ်နေရတဲ့ ဆီကို ဦးတည်သွားတယ်လို့ မှန်းဆရတဲ့ စစ်ကောင်စီ စစ်ရေယာဥ်တန်း ဖြတ်သန်းရာ လမ်းတလျှောက်မှာ ရေယာဥ်ပေါ်ကနေ မြစ်ကြောင်း နှစ်ဖက်နှစ်ချက်မှာရှိတဲ့ ရွာတွေကို လက်နက်ကြီးနဲ့ လည်း ပစ်ခတ်သလို လေကြောင်းကနေလည်း မြစ်ကြောင်း ဘေး ၂ ဖက် ၂ ချက်ကို ပစ်ခတ်တိုက်ခိုက်နေခဲ့တာ တွေ့ရပါတယ်။ ဧရာဝတီမြစ်ဘေးမှာ လှုပ်ရှားကြတဲ့ MDY-PDF နဲ့ အခြား PDF တပ်ဖွဲ့တွေကလည်း စစ်ကောင်စီ ရေယာဥ်တန်းကို တိုက်ခိုက်ခဲ့ကြရာမှာ ထိမှန်ပျက်စီးတာ၊ နစ်မြုပ်တာတွေလည်း ရှိခဲ့တာပါ။ 

မန္တလေးက စတင်ထွက်ခွာလာတဲ့ စစ်ရေယာဥ်တန်းဟာ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ထဲမှာရှိတဲ့ ဧရာဝတီမြစ်နဘေးက ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲခဲ့ရာမှာ ကျေးရွာက ဒေသခံ ၂၀ ဝန်းကျင်အထိ သေဆုံးခဲ့ရပြီး အခု ရက်ပိုင်း ကသာမြို့ အထက်ဘက်က မြေနုရွာ၊ မိုးဒါးရွာ၊ ဗောဓိကုန်းနဲ့ တိုက်ကုန်းကျေးရွာတွေကို ဗုံးကြဲခဲ့ရာမှာ မြေနုရွာက အရပ်သား ၁ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ 

မိုးရာသီ မြစ်တွေရေပြည့်ချိန်မှာ မြစ်ကြောင်းကနေ လက်နက်၊ ရိက္ခာ၊ လူအင်အားတွေကို လေကြောင်းက စောင့်ကြည့် တိုက်ခိုက်ပေးမယ့် အကူအညီနဲ့ စစ်ရေယာဥ်တန်းတွေကို စစ်ကောင်စီက စီစဥ်လုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်ခံရမှုရှိခဲ့သည့်တိုင် အခုအနေအထားမှာ သပိတ်ကျဥ်း မြို့သိမ်းယူနိုင်တာတွေက စစ်ကောင်စီ တပ်တွေကို စိတ်ဓါတ်ရေးအရရော မြေပြင်က အန္တရာယ်နည်းပါးစွာ သယ်ယူခြင်း မပြုနိုင်တဲ့ လက်နက်၊ ရိက္ခာ၊ ပစ္စည်းတွေ နဲ့ လူအင်အားကို အခုလို မြစ်ကြောင်းကနေ သယ်ယူပို့ဆောင်နိုင်ခဲ့တာ ၄င်းတို့အဖို့ အတိုင်းအတာတခုထိ အောင်မြင်မှုရတယ်လို့ ယူဆနေလိမ့်မှာ ဖြစ်ပါတယ်။ 

ရှမ်းမြောက်ဒေသမှာတော့ နောင်ချိုမြို့ကို ပြန်လည်သိမ်းယူခဲ့ပြီးနောက် စစ်ကောင်စီဘက်က ဘယ်လို တိုက်ခိုက်ယူခဲ့ရသလဲ ဆိုတဲ့ သတင်းထုတ်ပြန်ချက်တွေ နဲ့ ဝါဒဖြန့်ချိမှုကို တိုးတက်လုပ်ဆောင်လာတာ လည်း သတိပြုမိပါတယ်။ 

နောင်ချိုမြို့ကို ဘယ်လိုပြန်လည် သိမ်းယူခဲ့သလဲဆိုတာကို သတင်းထုတ်ပြန်သလို နောင်ချိုမြို့ပြီးနောက် သပိတ်ကျဥ်းမြို့ကို ပြန်လည်တိုက်ခိုက်သိမ်းယူပြီးနောက်မှာလည်း စစ်ကောင်စီက သပိတ်ကျဥ်းနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်လာတာတွေ့ရပါတယ်။ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့ ကာလ၊ ဗန်းမော်မြို့လို လများစွာ ခုခံတိုက်ခိုက်ပြီး ရန်သူ့ထိုးစစ်ရဲ့ ဖိအားကို ခံနေရတဲ့ ဖြစ်စဥ်လိုမျိုး တွေကို သတင်းမထုတ်ပြန်ခဲ့ပေမယ့် လတ်တလော အနိုင်ရတဲ့ နောင်ချိုဖြစ်စဥ်၊ သပိတ်ကျဥ်းဖြစ်စဥ်တွေကို ရက်ပိုင်းအတွင်း အချိန်မဆိုင်းပဲ ထုတ်ပြန်လာတာကို ကြည့်ရင် စစ်ကောင်စီအနေနဲ့ ၄င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို စိတ်ဓါတ်ရေးအရ မြင့်တက်လာအောင် ကြိုးပမ်းလာတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ ရခိုင်၊ ရှမ်းမြောက်၊ ကရင်ပြည်နယ်တို့မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာတွေ၊ လတ်တလော ကရင်ပြည်နယ်မှာ နယ်စပ်စခန်းတွေ လက်လွှတ်ရတဲ့ ဖြစ်စဥ်တွေကိုတော့ ထုတ်ပြန်တာ မတွေ့ရပါဘူး။ 

လတ်တလော သိမ်းယူလိုက်တဲ့ သပိတ်ကျဥ်းမြို့နဲ့ ဆက်သွယ်ထားတဲ့ မိုးကုတ်မြို့ ကို ဇူလိုင် ၂၆ ရက်နေ့က ဗုံးကြဲတဲ့ ဖြစ်စဥ်မှာတော့ မိုးကုတ်မြို့က လူသိများတဲ့ ရွှေလိပ်ပြာဟိုတယ် ဗုံးကြဲခံရပြီး ဟိုတယ်က ဝန်ထမ်းတဦး သေဆုံးခဲ့တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီက ရွှေလိပ်ပြာဟိုတယ်ကို မိုးကုတ်မြို့ကို အုပ်ချုပ်နေတဲ့ TNLA တပ်ဖွဲ့ဝင်တွေ ရှိနေတယ်ဆိုတဲ့ ယူဆချက်နဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာ လို့ မှန်းဆရပြီး လက်တွေ့မှာ TNLA တပ်ဖွဲ့ဝင်တွေ ရှိ မရှိတော့ သတင်းတွေမှာ ဖေါ်ပြတာ မတွေ့ရပါဘူး။ 

အခုလို တိုက်ခိုက်မှုတွေနဲ့ တရက်ထည်းမှာပဲ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်နဲ့ ကပ်လျက် ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာ ကို လက်နက်ကြီးနဲ့ ပစ်ခတ်ရာမှာ လူနေအိမ်ပေါ်ကျပြီး ဒေသခံ အမျိုးသမီးတဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ဖေါ်ပြထားကြပါတယ်။ စစ်ကောင်စီက ကျောက်မဲမြို့နယ်ထဲက နောင်ပိန်ကျေးရွာကို ဘာကြောင့် ပစ်မှတ်ထား သလဲဆိုတာ တိတိပပ မသိနိုင်ပေမယ့် နောင်ချိုမြို့ ကို တိုက်ယူနိုင်ပြီးနောက်မှာ ကျောက်မဲမြို့ နဲ့ မိုးကုတ်မြို့တို့ကို ဆက်လက်ထိုးစစ်ဆင်မယ့် ရည်ရွယ်ချက် ရှိတဲ့အချက်က ထင်ရှားနေတာလည်း ဖြစ်ပါတယ်။ 

အဆိုပါ မြို့ ၂ မြို့လုံးဟာ TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုက်ခိုက်သိမ်းယူထားတဲ့ မြို့တွေဖြစ်ပြီး ကျောက်မဲမြို့ကတော့ မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်က မြို့ဖြစ်တဲ့အချက်ကြောင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ကို ပြန်လည်စိုးမိုးနိုင်ဖို့ ရည်မှန်းထားတဲ့ စစ်ကောင်စီအတွက် အရေးကြီးတဲ့ မြို့ဖြစ်ပါတယ်။ မိုးကုတ်မြို့ကိုလည်း စစ်ကောင်စီက သယံဇာတထွက်ရှိတဲ့ မြို့ဖြစ်လို့ ပြန်လည်ရယူဖို့ ရည်ရွယ်ပြီး ထိုးစစ်ဆင်လိမ့်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံမှာ ကျောက်မျက် သယံဇာတထွက်ရှိရာ ဒေသတွေအနက် ဖားကန့်၊ မိုးကုတ်၊ တနိုင်း စတဲ့ဒေသတွေမှာ ဖားကန့်ကို KIA လက်က ပြန်လည်ရယူဖို့ ကြိုးစားနေသလို TNLA သိမ်းယူခဲ့တဲ့ မိုးကုတ်ကိုလည်း ပြန်လည်သိမ်းယူဖို့ ဦးစားပေး စာရင်းထဲ ထည့်ထားလိမ့်မှာ ဖြစ်ပါတယ်။ သယံဇာတက ရရှိမယ့် ဝင်ငွေကို ရည်ရွယ်ပြီး ထိုးစစ်ဆင်ခြင်းအပြင် အဆိုပါသယံဇာတ ထုတ်ယူခွင့်ကရတဲ့ အကျိုးအမြတ်ဟာ တဖက်လက်နက်ကိုင် အဖွဲ့အတွက် အထောက်အကူဖြစ်စေတဲ့ ရှုထောင့်က သုံးသပ်ရင် ဦးစားပေး ထိုးစစ်ဆင်မယ့် နေရာဒေသဖြစ်ခြင်း အကြောင်းရင်း ဖြစ်ပါလိမ့်မယ်။ 

တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ စစ်ကောင်စီရဲ့ ထိုးစစ်ကို ပြန်လည်ခုခံရာမှာ တဖွဲ့ချင်း ခုခံတိုက်ခိုက်တာထက် မဟာမိတ်ဖွဲ့ပြီး ခုခံတိုက်ခိုက်နိုင်မှသာလျင် စစ်ကောင်စီရဲ့ ထိုးစစ်ကို ခုခံအောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း အားလျော့သွားတဲ့ မဟာမိတ်ဖွဲ့မှုတွေကို ဘယ်လို ပြန်လည်စုစည်းကြမလဲ၊ ဘယ်လို အကျိုးတူ ပူးပေါင်းမှုတွေ၊ ဘုံရည်မှန်းချက်၊ ဘုံအကျိုးစီးပွားတွေအောက်မှာ စုစည်းကြမလဲဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပေမယ့် လတ်တလောမှာ အဖြေတော့ ရှိမနေသေးတာတွေ့ရ မှာ ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar