သီအိုဇော် - အရှေ့အလယ်ပိုင်း ဓာတ်ပြားဟောင်းတချပ်နှင့် အီရန်နျူကလီးယားခြေလှမ်း (နိဂုံး)
သီအိုဇော် - အရှေ့အလယ်ပိုင်း ဓာတ်ပြားဟောင်းတချပ်နှင့် အီရန်နျူကလီးယားခြေလှမ်း (နိဂုံး)
မိုးမခ ၊ ဇူလိုင် ၂၇ ၊ ၂၀၂၅
အီရန် နျူကလီးယားပစ်မှတ်တွေ ဗုံးကြဲတိုက်ခိုက်မှုခံရတာက အီရန်နိုင်ငံဘက်က သူ့ရဲ့နျူကလီးယားဇာတ်လမ်းကို ပြည်ဖုံးကားချ၊ လက်လျှော့လိုက်တဲ့ အဆင့်အထိ ရောက်မလာခဲ့တာက ထင်သာမြင်သာရှိပါတယ်။ ဇူလိုင် ၂၃ ရက်နေ့က အယ်လ်ဂျာဇီးယား သတင်းဌာနနဲ့ အင်တာဗျူးမှာ အီရန်သမ္မတ ‘မာဆွတ် ပဇက်ရှ်ကီယန်’ (Masoud Pezeshkian) က ကြွယ်ဝယူရေနီယမ် သန့်စင်ထုတ်လုပ်မှုကို နိုင်ငံတကာ ဆန့်ကျင်မှုတွေကြားက ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဇူလိုင်၂၅ ရက်နေ့မှာတော့ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီနိုင်ငံ၊ အီးယူတို့နဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးမှုတွေ ပြန်စတင်ခဲ့ပြီး၊ ၄ နာရီခန့် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
နျူကလီးယားလက်နက်တွေကို အမေရိကန်နိုင်ငံ အပါအဝင် အခြားနိုင်ငံတွေလည်း ပိုင်ဆိုင်ကြတဲ့ကြားက ဘာကြောင့် အီရန်နိုင်ငံကိုမှ ပိုင်ဆိုင်ခွင့်မပေးကြတာလဲ ဆိုတဲ့ စောကြောချက်ဘက်က စဉ်းစားကြည့်ရင်၊ ဒီအီရန်နျူကလီးယား အရေးကိစ္စက ပိုပြီးရုပ်လုံးပေါ်လာသလို ရှိပါတယ်။
ပထမအချက်အနေနဲ့ ကာယကံရှင်အီရန်နိုင်ငံရဲ့ ရပ်တည်မှုကို ကြည့်ကြပါမယ်။ နျူကလီးယားလက်နက် ရယူရေးနဲ့ ပတ်သက်ပြီး၊ အီရန်နိုင်ငံရဲ့ တရားဝင်ပြောကြားချက်တွေ ရှိပါတယ်။ လောလောလတ်လတ်မှာပဲ အပေါ်က ပြောခဲ့တဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနနဲ့ အင်တာဗျူးထဲမှာ အီရန်သမ္မတ ‘ပဇက်ရှ်ကီယန်’က အမေရိကန်သမ္မတ ထရမ့် ပြောသလို အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူး ဆိုတဲ့အချက်ကို အီရန်ဘက်က လက်ခံတယ်လို့ ဆိုခဲ့တာပါ။ စကားတည်မတည်၊ ဆန္ဒအစစ်အမှန် ရှိ မရှိ ဆိုတာက တပိုင်း၊ အီရန်နိုင်ငံကိုယ်တိုင်က နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ စိတ်မဝင်စားဘူးလို့ ရည်ရွယ်ချက်ရှိရှိ တရားဝင်ထုတ်ဖော်ပြောချက်တခုလို့လည်း နားလည်နိုင်ပါတယ်။
ဒုတိယအချက်က နိုင်ငံတကာမှာ လိုက်နာရမယ့် သဘောတူညီချက်အရပါ။ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုတွေ ကန့်သတ်ပြီး တဖြည်းဖြည်း လျှော့ချ ဖြုတ်သိမ်းရေး ဆောင်ရွက်ချက်များအထိ အထောက်အကူပြုဖို့ ရည်ရွယ်ထားတဲ့ နျူကလီးယား မပြန့်ပွားရေးစာချုပ် (Treaty on the Non-Proliferation of Nuclear Weapons- NPT) ကို ၁၉၆၈ ခုနှစ် ဇူလိုင်လမှာ လက်မှတ်ရေးထိုးခဲ့ပြီး ၁၉၇၀ ပြည့်နှစ် ဖေဖော်ဝါရီလကတည်းက အတည်ပြုခဲ့တဲ့ အီရန်နိုင်ငံအနေနဲ့ ပိုင်ဆိုင်ခွင့် မရှိပါဘူး။
အိန္ဒိယ၊ ပါကစ္စတန်တို့ နျူကလီးယားလက်နက် ပိုင်ဆိုင်တယ် ဆိုတာက လက်မှတ်မထိုးထားခဲ့လို့ ဖြစ်ပြီး၊ မြောက်ကိုရီးယားကလည်း NPT က ပြန်ထွက်သွားပြီးမှ ရယူပိုင်ဆိုင်ခဲ့တာပါ။ အစ္စရေးနိုင်ငံကလည်း NPT အဖွဲ့ဝင် မဟုတ်ပါဘူး၊ တရားဝင်သိရှိရတာမျိုး မဟုတ်ပေမယ့် အစ္စရေးက နျူကလီးယားလက်နက် ပိုင်ဆိုင်ပြီးကောင်း ပိုင်ဆိုင်နေပြီလို့ ခန့်မှန်းကြပါတယ်။ ဟုတ်တယ် မဟုတ်ဘူး၊ အတိအကျ ဝန်မခံဘဲ တမင်ဗျူဟာကျကျ တွက်ချက် ရည်ရွယ်လုပ်ဆောင်တဲ့ Strategic Ambiguity သဘောလို့ နားလည်ထားကြပါတယ်။
ဒီအချက်၂ချက်အရပဲ အီရန်အနေနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ အလားအလာမရှိလို့ နားလည်ရမှာပါ။ တခြားဘက်က ပြန်ကြည့်ရင်လည်း IAEA မေးမြန်းချက် များစွာကို ပြန်မဖြေတဲ့ အီရန်နိုင်ငံဟာ IAEAနဲ့ ပူးပေါင်းဆောင် ရွက်မှုတွေကို အပြည့်အဝ မရှိဘဲ၊ နျူကလီယား မပြန့်ပွားရေးအတွက် လိုက်နာဆောင် ရွက်ရမယ့် အရာတွေကို ချိုးဖောက်နေတယ်လို့လည်း IAEAက ထုတ်ပြန်ထားခဲ့ချက်၊ IAEA ညွှန်ကြားရေးမှူး ချုပ် Rafael Grossi ရဲ့ အီရန်နိုင်ငံက Highly Enriched Uranium 400 ကီလိုဂရမ် လက်ဝယ်ရှိနေပြီလို့ ပြောကြားချက်၊ ၂၀၁၅ ခုနှစ် သဘောတူညီချက် ဖြစ်တဲ့ ကြွယ်ဝယူရေနီယမ် သန့်စင်မှု ၃.၆၇ ရာခိုင်နှုန်းသာ ခွင့်ပြုထားချက်ထက် များစွာကျော်လွန်ကာ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်နေမှု၊ ဇူလိုင် ၄ ရက်နေ့မှာ IAEA စောင့်ကြည့်ရေးအဖွဲ့တွေ အီရန်နိုင်ငံက ပြန်ထွက်ခွာခဲ့ပြီ ဆိုတဲ့အချက်တွေက အယ်လ်ဂျာဇီးယားကို အီရန်သမ္မတ ပြောခဲ့တဲ့ ငြိမ်းချမ်းရေးအတွက် စမ်းသပ် လုပ်ဆောင်နေတယ် ဆိုတာနဲ့ ဆီလျော်မှုမရှိဘဲ၊ နျူကလီးယားလက်နက် ရယူနိုင်ရေး လမ်းကြောင်းပေါ် ကို ရောက်နေတယ်လို့ပဲ ခန့်မှန်းရတော့မှာပါ။
တကယ်ကလည်း အီရန်နိုင်ငံအနေနဲ့ အရင်ရေးခဲ့တဲ့ မိုးမခဆောင်းပါးတွေမှာ ဖော်ပြခဲ့ဖူးသလို၊ IAEA အစီရင်ခံစာ တွေမှာ ပါဝင်တဲ့ ပါကစ္စတန် နျူကလီးယားသိပ္ပံပညာရှင် Dr Abdul Qadeer Khan ရဲ့ ‘Khan Network’ နျူကလီးယား မှောင်ခိုစီးပွားရေးကွန်ရက်နဲ့ ဆက်သွယ်ပြီး တရားမဝင် နျူကလီးယားနည်းပညာနဲ့ ဆက်စပ်ပစ္စည်းကိရိယာများ ရယူဖို့ အရင်ကတည်းက ကြိုးစားခဲ့ဖူးပါတယ်။ ဒါကို ၂၀၀၄ ခုနှစ် ဇန် နဝါရီလ ၃၁ရက်နေ့မှာ Dr ခန်း အဖမ်းဆီးခံခဲ့ရပြီးတဲ့နောက် ရုပ်မြင်သံကြားကနေ သူက လူသိထင်ရှား ဝန်ခံခဲ့ပြီးပါပြီ။
အီရန်ရဲ့ အပြောနဲ့အလုပ် မကိုက်ညီတဲ့ လုပ်ရပ်တွေကို အခါအားလျော်စွာ အစီရင်ခံတင်ပြထားတာတွေ ရှိခဲ့ပါတယ်။ ၁၉၆၀ ပြည့်နှစ်လွန်များဆီက အမေရိကန်နိုင်ငံက ပေးခဲ့တဲ့ သုတေသန အဏုမြူ ဓါတ်ပေါင်းဖိုငယ်နဲ့ သင်တန်းတွေက အစပြုခဲ့တဲ့ အီရန်နိုင်ငံရဲ့ နျူကလီးယားခြေလှမ်းဟာ ဒီကနေ့ မှာတော့ အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေက စိုးရိမ်မကင်း ဖြစ်လာရတဲ့ အခြေအနေ ဖြစ်လာပြီလို့ တွက်ဆကြပါတယ်။
မြောက်ကိုရီးယား အနေနဲ့ နျူကလီယားထိပ်ဖူးတပ် ဒုံးကျည်စနစ်တွေ တီထွင်ဖို့ အဆင့်တုန်းက နည်းပညာနဲ့ ပတ်သက်ပြီး၊ ပါကစ္စတန်နိုင်ငံရဲ့ ကူညီပံ့ပိုးမှုတွေ ရယူဖို့ ကြိုး စားခဲ့ရပါသေးတယ်။ အီရန်နိုင်ငံကတော့ အဆင့်မြင့်မားတဲ့ ဒုံးလက်နက်တွေ ထုတ်လုပ်နိုင်စွမ်း ရှိပြီးဖြစ်တဲ့အတွက်၊ နျူကလီယားလက်နက်သာ စမ်းသပ်ထုတ်လုပ်နိုင်ရင် ဒေသတွင်း၊ ပြင် ခြိမ်းခြောက်နိုင်တဲ့ အဆင့်ကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားမှာပါ။ ဒါ့ကြောင့်လည်း လက်ရှိမှာ နျူကလီယားထိပ်ဖူး တပ်ဆင်နိုင်တဲ့အဆင့် ရောက်ဖို့ လိုနေသေးပေမယ့်၊ စိုးရိမ်တကြီး ပိုဖြစ်နေကြရတာ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ ထည့်စဉ်းစားကြည့်ရမှာက ဒေသတွင်းမှာလည်း အီရန်နိုင်ငံကို နျူကလီယားလက်နက် မပိုင်ဆိုင်စေချင်တဲ့ သဘောထားရှိတဲ့ နိုင်ငံတွေရှိတယ် ဆိုတာကိုပါ။ အီရန်က နျူကလီယားလက်နက် ရယူခဲ့ရင်တော့၊ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီးယားလက်နက် ပြိုင်ဆိုင်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ၂၀၁၈ ခုနှစ် မတ်လအတွင်းက CBS သတင်းဌာနနဲ့ အင်တာဗျူးထဲမှာ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman က အီရန်ကသာ နျူကလီးယားလက်နက် ပိုင်သွားခဲ့ရင် ဆော်ဒီအာရေးဗီးယားကလည်း ပိုင်ဆိုင်နိုင်ဖို့ အမြန်ဆုံးကြိုးစားတော့မယ်လို့ ပြောခဲ့ဖူးပါတယ်။
မွတ်စလင်ကမ္ဘာမှာ ‘ဆွန်နီနဲ့ ရှီယာ’ ဩဇာပြိုင်ဆိုင်ကြ၊ပဋိပက္ခတွေ ဖြစ်ကြတာက သ မိုင်းအစဉ်အဆက်ပါ။ ‘ဆွန်နီ’ဆော်ဒီအာရေးဗီးယားနဲ့ ‘ရှီယာ’ အီရန်တို့ကြား သဘော ထားကွဲလွဲမှု၊ပြိုင်ဆိုင်မှုတွေကလည်း ကြီးမားပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ နယူးယောက်တိုင်းနဲ့ အင်တာဗျူးမှာ အီရန်ထိပ်တန်းခေါင်း ဆောင် ‘အယာတိုလာ ခါမေနီ’ကို အရှေ့အလယ်ပိုင်း ဒေသရဲ့ ဟစ်တလာလက်သစ်လို့ ခေါ် ဝေါ်ခဲ့ပါသေးတယ်။
အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံတွေရဲ့ ဒေသတွင်း ဝင်ရောက်စွက်ဖက်မှုတွေက အရှေ့အလယ်ပိုင်း တည်ငြိမ်မှုကို ထိခိုက်စေတယ် ဆိုတဲ့ ရှုထောင့်ရှိသလို၊ တဆက်တည်းမှာလည်း ‘ဆွန်နီ-ရှီယာ’ ကြားက ဘာသာရေးနဲ့ သမိုင်းကြောင်း အမြင်ကွဲ လွဲမှုတွေကို လျှော့တွက်ဖို့ ခက်ပါတယ်။ ဘာသာကြီးတခုတည်းမှာပဲ အချင်းချင်း ပဋိပက္ခတွေ ဖြစ်ပွားကြတာက အစ္စလာမ်နိုင်ငံတွေမှာပဲ တွေ့ရတာ မဟုတ်ပါဘူး၊ မြောက်ပိုင်းအိုင်ယာလန်က ‘ကက်သလစ်’နဲ့ ‘ပရိုတက်စတင့်’ခရစ်ယာန်ဘာသာဝင်တွေကြား သဘောထားကွဲလွဲမှုတွေကနေ ထောင်ချီသေဆုံးခဲ့တဲ့ ပြဿနာတွေလည်း၂၀ရာစုထဲမှာ ရှိခဲ့ဖူးပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွင်း ငြိမ်းချမ်းဖို့ကတော့ ပိုပြီးရှုပ်ထွေးတယ်လို့ ပြောရမှာပါ။
ဒီလိုအခြေအနေမှာ အီရန်ကသာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီ ဆိုရင်တော့ ဒေသတွင်း တည်ငြိမ်မှုကို ပိုပျက်ပြား သွားစေလိမ့်မယ်လို့ ယုံကြည်ထားကြတာတွေရှိပါတယ်။ နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးအတွက် တိုက်ခိုက်ဖြေရှင်းကြတဲ့ အထိ ဖြစ်နေရတာက၊ ထုံးစံအတိုင်း ကုလသမဂ္ဂ အေဂျင်စီတွေထဲက တခုဖြစ်တဲ့ စောင့်ကြည့်အကဲဖြတ် တာဝန်ရှိအဖွဲ့အစည်း IAEA ရဲ့ ဩဇာအာဏာကင်းမဲ့မှုနဲ့ တစိတ်တပိုင်း သက်ဆိုင်တယ်လို့လည်း ဆိုနိုင်ပါတယ်။
အီရန်နိုင်ငံ နျူကလီးယားလက်နက် မပိုင်ဆိုင်သင့်ဘူးဆိုတဲ့ အမြင်အတွက် စတုတ္ထအချက်ကို ထပ်ဖြည့်လိုပါသေးတယ်။ ဒါကတော့ အာဏာရှင်နိုင်ငံ လူ့အခွင့်အရေး ဆိုးဆိုးဝါးဝါး ဖေါက်ဖျက်တဲ့နိုင်ငံတခုဟာ ဒီလိုနျူကလီးယားလက်နက်မျိုး ရယူဖို့မသင့်ဘူး၊ ဒေသတွင်းအတွက်လည်း ဆိုးကျိုးပဲဖြစ်စေလိမ့်မယ် ဆိုတဲ့ ရှုထောင့်ကနေ မြန်မာ့နျူကလီးယား အရေးကိစ္စနဲ့ ပတ်သက်ပြီး ထောက်ပြရေးသားလာသူ တယောက်အတွက် ဒီအချက်ကိုပဲ ဆက်လက်စွဲကိုင် ရေးသားဖို့လိုအပ်လို့ပါ။
အီရန်နိုင်ငံရဲ့ ထိပ်တန်းခေါင်းဆောင် ‘အယာတိုလာခါမေနီ’ဟာ ဘာသာရေးခေါင်း ဆောင်တဦးဖြစ်သလို အီရန်လက်နက်ကိုင်တပ်ဖွဲ့များရဲ့ ဦးစီးချုပ်ရာထူးကိုလည်း ယူထားရသူ ဖြစ်ပါတယ်။ အီရန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အပိုဒ် (၅) နဲ့ အပိုဒ် (၁၀၉) ပါ စွမ်းဆောင်ရည်နဲ့ အရည်အချင်း ပြည့်မီနေသမျှ၊ ရာသက်ပန် နံပါတ်တစ် ခေါင်းဆောင် ဖြစ်နေမှာပါ။ သမ္မတ အပါအဝင် ကျန်ရာထူးများအထက်က ရှိနေပြီး၊ အီရန်နိုင်ငံရဲ့ ဩဇာအာဏာအရှိဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကတည်းက အာဏာရခဲ့တဲ့ ‘အယာတိုလာခါမေနီ’ဟာ အသက် ၈၆နှစ်ရှိနေပြီဖြစ်ပြီး၊ သူ့နေရာ ဘယ်သူပဲတက်တက် ‘အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့’ (IRGC)လို အဖွဲ့တွေ ရဲ့ ထောက်ခံမှုရရှိပြီး အာဏာအရှိဆုံးသူတဦး ဆက်ဖြစ်နေမှာပါ။
ဒီလိုအဆုံးစွန်သောအာဏာကို လက်ကိုင်ထားအသုံးချနိုင်တဲ့ နိုင်ငံမျိုးမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေက တွဲပါလာတတ်ကြပါတယ်။ ‘အယာတိုလာခါမေနီ’ သူ့ရဲ့ နောက်လိုက်တွေ အုပ်ချုပ်နေတဲ့ ကာလမှာ အီရန်ပြည်သူတွေဟာ ဖိနှိပ်ကျပ်တည်းမှုများစွာ ခံကြရပါတယ်။
သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ချိန်ထိုးပြောနိုင်ဖို့ Reporters Without Borders က ပြုစုထားတဲ့ RSF World Press Freedom Index 2025ကို ရည်ညွှန်းလိုပါတယ်။ နိုင် ငံ (၁၈၀) အနက် မြန်မာနိုင်ငံက အဆင့် ၁၆၉နဲ့ နောက်ဆုံးနားမှာ ရှိနေတဲ့အချိန်မှာ အီရန်နိုင်ငံက ၁၇၆ နဲ့ မြန်မာထက်တောင် နောက်ကို ပိုရောက်နေတာကိုကြည့်ရင် အခြေ အနေကို သဘောပေါက်နိုင်ပါတယ်။ Political indicator, Economic indicator, Legislative indicator, Social indicator တို့နဲ့ တခုချင်း ဆက်စပ်နှိုင်းယှဉ်ပြသတဲ့အခါမှာလည်း မြန်မာနိုင်ငံကတောင် ပိုသာလွန်မြင့်မားနေတာကို အစီရင်ခံစာမှာ တွေ့ရပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းဘက်ကို ကြည့်မယ်ဆိုရင်လည်း IMF က ၂၀၂၅ ခုနှစ်အတွက် မြန်မာနိုင်ငံကို (၃၀) ရာခိုင်နှုန်းလောက် ခန့်မှန်းထားချိန်မှာ ၊ အီရန်နိုင်ငံကို (၄၃.၃) ရာခိုင်နှုန်းလို့ တွက်ချက်ထားတာပါ။
တရားစီရင်ရေးမှာလည်း အမျိုးသားလုံခြုံရေးနဲ့ပတ်သက်တာမျိုးဆိုရင် အစ္စလာမ်မစ် တော် လှန်ရေး တရားရုံး (Islamic Revolutionary Court)က စီရင်ပါတယ်။ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်မင်းကြီးကိုယ်တိုင် အီရန်နိုင်ငံရဲ့ မြင့်မားတဲ့ သေဒဏ်စီရင်မှုနှုန်းက အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာပဲလို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ပြောခဲ့ရပါတယ်။ ကမ္ဘာ့သေဒဏ်အစီရင်ဆုံး ထိပ်ဆုံး၅ နိုင်ငံထဲ နှစ်ပေါင်းများစွာ ထည့်သွင်းခံရတဲ့နိုင်ငံပါ။
လူသားမျိုးနွယ်တခုလုံးအပေါ် ခြိမ်းခြောက်မှုရှိတဲ့ နျူကလီးယားလက်နက် ဆိုတာမျိုးက အာဏာရှင် သို့မဟုတ် အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတဲ့ တိုင်းပြည်လက်ထဲ ရောက်သွားခဲ့ရင် အန္တရာယ်အလွန်ကြီးမားပါတယ်။
အီရန်နိုင်ငံရဲ့ နျူကလီးယားပြဿနာကနေ၊ အီရန်နိုင်ငံအပေါ် ဗီလိန်လို့ မြင်လို့ရအောင် ဆွဲရေးထားသလို ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ ဒါကလည်း အကြောင်းရှိပါတယ်၊ ဗီလိန်လို့ သတ်မှတ်ထားပြီးတဲ့ နိုင်ငံတွေဘက်က၊ အဲဒီဗီလိန်နဲ့ ပလဲနံပသင့်တဲ့ နိုင်ငံတခုအကြောင်း ဆက်စပ်ရေးလိုတဲ့အတွက်ပါ။ အဲဒီနိုင်ငံကတော့ မြန်မာနိုင်ငံပါပဲ။
ဒီရက်ပိုင်းမှာပဲ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာငွေကြေး စီးပွားရေးနဲ့ ပတ်သက်ပြီး ပိတ်ဆို့ကန့်သတ် အရေးယူဖို့အတွက် ဥပဒေကြမ်းတွေ အမေရိကန် လွှတ်တော် ၂ ရပ်မှာ ဆက် တင်သွင်း ဆွေးနွေးကြဖို့ ပြင်ဆင်နေတာကို ကြားသိရပါတယ်။ မြန်မာ့အရေးကို မမေ့လျော့ကြတာ အားတက်စရာပါ။ ဒါပေမဲ့ မြန်မာ့အရေးကို ဘယ်လောက်ဦးစားပေးကြမလဲ၊ စိတ်ဝင်တစား ရှိကြမလဲ ဆိုတာကလည်း ဆက်ပြီး အရေးကြီးနေပါတယ်။
ဆွေးနွေးဆုံးဖြတ်ကြမယ့်သူတွေထဲမှာ မြန်မာ့အရေးကို ကောင်းစွာနားလည် သဘောပေါက်ကြသူတွေ ပါဝင်ကြမှာ ဖြစ်သလို၊ ထဲထဲဝင်ဝင် မသိကြသူတွေလည်း ရှိနိုင်ပါတယ်။ အဲဒီ ၂ ဖွဲ့လုံးမှာ တူညီတာတခုတော့ ရှိပါတယ်။ သူတို့အားလုံးက အီရန်အရေးကို မြန်မာ့အရေးထက် ပိုကျေညက်ကြတာပါ။ အီရန်အပေါ် သဘောထား တင်းမာမှု ရေချိန်သာ ကွဲပြားနိုင်ကြပေမယ့်၊ အများစုကတော့ အီရန်နိုင်ငံဟာ အမေရိကန် နိုင်ငံနဲ့ အကျိုးစီးပွါးအပေါ် အန္တရာယ်ရှိတာကို ယေဘုယျ လက်ခံထားကြသူတွေပါ။ မြန်မာနိုင်ငံ ဆိုပြီး ပေါ့ပေါ့လေး မြင်လိုက်တာထက်၊ အမေရိကန်နိုင်ငံနဲ့ ပြည်သူတွေအပေါ် ခြိမ်းခြောက်မှုရှိတဲ့ ဗီလိန်နဲ့ ကြမ်းတပြေးတည်းထိုင်တဲ့ မြန်မာနိုင်ငံပါလားလို့ မြင်လာရင် ပိုအကျိုးရှိနိုင်ပါတယ်။
အမေရိကန်ပြည်ထောင်စုက အီရန်နိုင်ငံရဲ့ Fars Qeshm Air ကို အထက်မှာပြောခဲ့တဲ့ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့’ (IRGC)နဲ့ ဆက်နွှယ်မှုရှိလို့ ပိတ်ပင်တားဆီး ထားပါတယ်။အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း လာရောက် ပို့ဆောင်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြတဲ့ အီရန်လေယာဉ်တွေက အဲဒီလေကြောင်းလိုင်းကပါ။
အလာခရီးထက် အပြန်ခရီးက ပိုပြီးစိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။ ရာစုနှစ်ရဲ့ ၃ ပုံ ၁ ပုံလောက် နျူကလီးယား စီမံကိန်းတွေ သိုသိပ်လျှို့ဝှက်စွာ လုပ်ဆောင်နေခဲ့တဲ့၊ မြန်မာစစ်တပ်ဟာ ထောင်ချီတဲ့ ရုရှားပညာတော်သင်တွေအပါအဝင်၊ နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတချို့က ကျွမ်းကျင်သူများနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ တစုံတခုသော ခရီးကို ရောက်နေပြီလို့ မှန်းဆနိုင်ပါတယ်။ စထွက်တဲ့ခရီး အစနေရာမှာပဲ ဆက်ကျန်နေမှာတော့ မဖြစ်နိုင်ပါဘူး။ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ အပူ တပြင်းလုပ်ဆောင်နေတဲ့ အီရန်နိုင်ငံအတွက် အသုံးတည့်မယ့်ရေဒီယို သတ္တိကြွ ပစ္စည်းများ ဒါမှမဟုတ် မြန်မာ့မြေမှ ကုန်ကြမ်းများ ပြန်ပါသွားကောင်း ပါသွားနိုင်ပါတယ်။
ပါမောက္ခ ‘ဒက်စ်မွန်ဘောလ်’(Desmond Ball)ရဲ့ ‘Security Challenges Journal’ပါ ဆောင်းပါး (၂၀၀၉) ထဲမှာကတည်းက ယူရေနီယမ်အောက်ဆိုဒ် Yellowcake (U3O8)ကို အီရန်နဲ့ မြောက်ကိုရီးယားဆီ ပို့နေပြီလို့ သူ့စုံစမ်းချက်များအရ ရေးသားခဲ့ပြီးသား ဖြစ်ပါတယ်။ အခက်အခဲတခုက အခုလို ပစ္စည်းပို့ဆောင်မှုနဲ့ ပတ်သက်ပြီး ခိုင်မာတဲ့ မှတ်တမ်းမှတ်ရာ သက်သေအထောက်အထား ရရှိဖို့ပါ။ နယ်
ပယ် အသီးသီးက CDMတွေ ၊ ကျွမ်းကျင်ပညာရှင်တွေ များပြားနေတဲ့ အခုလိုအချိန် မှာ ဒီလောက်အရေးကြီးတဲ့ ယခင်၊ ယခု၊ နောင်ဖြစ်လာနိုင်ခြေရှိတဲ့ နျူကလီးယားစီမံကိန်းတွေနဲ့ ပတ်သက်ပြီး၊ အဖွဲ့အစည်းတခုဖွဲ့ကာ စနစ်တကျ လေ့လာစုံစမ်းနေကြပြီလား ဆိုတာကလည်း သိချင်စရာကောင်းပါတယ်။
အကယ်၍သာ မြန်မာ-အီရန် နျူကလီးယား ဆက်ဆံရေးသဲလွန်စတွေ ခိုင်ခိုင်မာမာ တွေ့ရှိလာခဲ့ရင်တော့၊ အနောက်နိုင်ငံများက နိုင်ငံရေးသမားတွေ မြန်မာနိုင်ငံကို ပိုအာရုံစိုက်လာမှာ ကျိန်းသေပါတယ်။ ကိုယ့်ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေတာကိုတော့ မကြည့်ရှုဘဲ၊ နျူကလီးယားလက်နက်ကို အကုန်အကျခံ ပိုင်ဆိုင်ရယူထားတဲ့ မြောက်ကိုရီးယားလို နောက်ထပ် အာဏာရှင်နိုင်ငံတွေ ပေါ်မလာအောင် အချိန်မလင့်မီ တားဆီးပေးကြရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံတည်းရဲ့ ပြဿနာ မဟုတ်ပဲ၊ အနိမ့်ဆုံးအနေနဲ့ ဒေသတွင်းပြဿနာအဖြစ် မြင်အောင်လည်းကြည့်၊ ထိထိရောက်ရောက်လည်း အချိန်မီ ဖြေရှင်းပေးကြဖို့ လိုအပ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar