Breaking News

မောင်ဘဦး - ဘိရုမာ မမြင်ပါစေနဲ့

မောင်ဘဦး - ဘိရုမာ မမြင်ပါစေနဲ့

မိုးမခ ၊ ဇူလိုင် ၁၄ ၊ ၂၀၂၅


(က)

အော်ရဂျင်နယ် ဆဲဗင်းဂျူလိုင် နေ့ကြီးရက်ကြီးမှာမှ၊

အော် ရီချင်တယ် ဆဲဆိုဆူလှိူင်၊ ပူညံပူညံတွေ ကြားနေရပုံက၊

မှန်စာကြိုး ဖြတ်ကြမလို့လား ခင်ဗျ။

ငြိနေတာက ဒီဖက် စွန်အချင်းချင်းပါ...။


မာန လေတံခွန်၊ တယ်လည်း ယှဉ်ချင်ကြသကိုး။

ကိုယ်စီကိုယ်ငှ ကိုင်ထားကြတဲ့၊ ရီမုတ်ကွန်ထရိုးနဲ့၊

ဟိုး'ကနဲ ရပ်စဲနှိုင်ကြစေ၊

ခွေးမြူးအောင် လေလည်မပြကြလေနဲ့ ဗျာ ...။


(ခ)

ပြန်မြင်ယောင် မိပါသေး၊

အဖြစ်အပျက်လေး တစ်ပုဒ်၊

အဟုတ် ကိုယ်တွေ့ ...။


ရပ်ဓလေ့ ရွာဓလေ့၊

အညာဓလေ့လို့ ဆိုရလေမလား၊

ဗိုလ်သခင်ဆရာ များလိုက်ပုံ ...။


(ဂ)

အကုန် အပြောင်သုတ်၊

အစုတ်ကလေးတောင် မကျန်ရစ်။


အိုးမဲ့အိမ်မဲ့လေး မဖြစ်ခင်၊

စခတွေ ဝင်ချိန်တုန်းက ပေါ့...။


(ဃ)

ပစ်ဖောက်ပြီး ရွာကိုဝင်၊

မီးတင်ရှို့ပြီး ပြန်ထွက်ချိန်၊

မီးညွန့်တွေ အရှိန်ကောင်းတုန်း...။


ဘုန်းဘုန်းတို့ မီးသတ်ဆိုက်တွဲအဖွဲ့၊

အားမာန်အပြည့်နဲ့၊ မီးငြှိမ်းဖို့ ဝင်လာကြတယ်...။


စခတွေဝင်နေတုန်း၊ ဝရုန်းသုန်းကား ပြေးလို့လွှား၊

သေနတ်ကြီးတွေ တကားကားနဲ့၊

ကာကွယ်ရေးအဖွဲ့များလည်း ဝင်လာကြတယ်...။


(င)

လောင်နေတဲ့အိမ်ခေါင်မိုး အရင်ပက်။

ဟိုဖက် ဆက်မကူးအောင် မန်ကျည်းပင်ကြီး အရင်ပက်။


မလောင်သေးတဲ့ နောက်ဖေးဇောင်းတဲ အရင်ဖျက်။

မလောင်သေးတဲ့ အိမ်ရှေ့ပရပ် အရင်ဖျက်။


လောင်နေတာ အရင်ပက်၊

မလောင်သေးတာ အရင်ဖျက်။

တောင် ကနေ ပက်၊

မြောက် ကနေ ပက်။


လေတင်လေအောက် ရွေးပြီး ပက်။

လေတင်လေအောက် ရွေးမ‌နေနဲ့ ပက်သာပက်။


(စ)

လူ ပါသွားလား?

နွား ပါသွားလား?


သေနတ်ကြီးတကားကား၊ ဘေးကို လွှဲထားလိုက်အုံးတော့၊

အိမ်နဲ့ စက်တွေ ပါသွားသပေါ့...။


ဆိုင်ကယ်နဲ့ ကျွဲနွား၊ အဒီ စာရင်းသာ ကောာက်ခိုင်းထားလို့၊

ဆိုင်ကယ်ပါသလား၊ နွားပါသလား?၊


မြန်မြန်ဖြေပါ၊ ပြန်မရတော့မင့် ဟာ၊ မငိုပါနဲ့၊

အပျက်အစီးစာရင်းက လိုင်းရတုန်း တင်ပြရမှာမို့...။


လူကလည်း ချမ်းလှပြီအေ့။

ဒီဘက်ကိုလာ၊ မီးရှိန်က ပူပါသလေ့။


(ဆ)

ဓါတ်ပုံနဲ့ စာ၊ အရေးတကြီး တင်ရမှာလား၊

လိုက်ဖ် လွှင့်ကြ၊ ဗျူးချင်ရာ ဗျူးကြ၊

ပက်ချင်ရာပက်ကြ ဖျက်ချင်ရာဖျက်ကြ၊

ပြောမရဆိုမရ၊ နေရစ်ကြရော့။

ကျုပ်တို့တော့ ထွက်ပြီ၊

နှစ်ပတ်လည် ရှင်းတမ်းမထုတ်တဲ့ အဖွဲ့ထဲက။


ဘုန်းဘုန်းလည်း ထွက်ပြီ။

ကာလသားခေါင်း ထွက်သွားပြီ။

အပျိုခေါင်း ထွက်သွားပြီ။

အ,ကြီး,လ,ကြီး,က,ကြီး၊

လူပျိုကြီး,အပျိုကြီး,ဘုန်းဘုန်းကြီး၊

အသီးအသီး အသကအသက၊

စကားများကြ၊ ပြန်ကုန်နှင့်ကြပြီ။


မီးရှိန်မီးညွန့်တွေက တလူလူ တလွင့်လွင့်။


(ဇ)

အေးညွန့် လာ၊ မိနီ လာ၊ မိတာ လာ။

ကိုယ့်တာကိုယ်ယူ၊ ကိုယ့်မောင်းကိုယ်ထောင်း၊ ကိုယ့်မီးကိုယ်ငြိမ်း။


လက်စ, ဘယ်တော့မှ မသိမ်းဘူး။

မပြီးခင် ဘိရုမာ မမြင်စေနဲ့၊

ရန်ဖြစ်တာက အရင်။


(ဈ)

ဒို့အညာ၊ ဒို့ရွာတင် မှတ်နေ၊

တပြည်လုံး လေလား။


မနက်အိပ်ယာထ ဇရက်တွေလို စကားများ။

မထိုး မဆိတ်ကြပါနဲ့ ဗျား။


ဟိုမှာ တွေ့လား။

အလစ် ချောင်းနေတာများ၊

ပိုက်ကွန်ကြီး တကားကားနဲ့။


သူတို့နောက်နား၊

လက်ထောက်နေတဲ့ လက်ထောက်တွေက၊

နန်းစီဒီအင်၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာ ဘွဲ့တွေနဲ့။


(ည)

အော်ရဂျင်နယ်၊ ဆဲဗင်းဂျူလိုင် နေ့ကြီးရက်ကြီးမှာ၊

အော်ရီချင်တဲ့ ဆဲရေး-ဆူလှိူင်၊ အဖြစ်အပျက်ကြီးတွေ။

ရီမုတ်ကွန်ထရိုးနဲ့၊ ဟိုး'ကနဲ ရပ်စဲနိုင်ကြစေ။

ညီညွတ်ကြပါလေ၊ ညီညွတ်ကြပါစေ။

မပြီးသေးခင် ပေါ့လေ...၊

ဘိရုမာတော့ မမြင်စေနဲ့ပေါ့ဗျာ ...။


သုခိတာ ဟောထ၊ ချမ်းသာကြပါစေ။

မောင်ဘဦး (၁၃၈၇၊ ဝါဝင် အဖိတ်) 

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar