Breaking News

ကမ္ဘာ့နိုင်ငံရေး အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၃ မြင်ကွင်း

မိုးမခ၊ ဇူလိုင် ၁၄ ၊ ၂၀၂၅

ကမ္ဘာ့နိုင်ငံရေး အခြေအနေနဲ့ မြန်မာနိုင်ငံရဲ့ အကျပ်အတည်း

မြန်မာ့နိုင်ငံရေး အကျပ်အတည်း တနည်းအားဖြင့် ပြောရရင် မြန်မာနိုင်ငံ ပြည်တွင်းစစ်မီး တောက်လောင်နေသည့်အချိန်ဟာ ကမ္ဘာကြီးမှာလည်း စစ်ပွဲကြီးတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ ဒုတိယ ကမ္ဘာစစ်ပြီးတဲ့နောက် ကမ္ဘာစစ်ကြီးရဲ့ ချောက်ကမ်းပါးလိုမျိုးကို တကျော့ပြန် ချဥ်းကပ်လာနေတဲ့ အချိန်မျိုး ဖြစ်နေပါတယ်။

ဒုတိယကမ္ဘာစစ်ကြီးပြီးနောက် နှစ်ပေါင်း ၈၀ ကာလအတွင်း ပြင်းထန်တဲ့စစ်ပွဲတွေ၊ ကမ္ဘာစစ်ဖြစ်ဖို့ အန္တရာယ်ရှိတယ်ဆိုတဲ့ အကျပ်အတည်း ထိပ်တိုက်အားပြိုင်မှုတွေ လုံးဝ မရှိခဲ့တာမဟုတ်ပေမယ့်လည်း အခု ၂၀၂၂ ခုနှစ် နောက်ပိုင်း ၃နှစ်တာကာလ မှာတော့ အားပြိုင်မှု၊ ဒေသအလိုက် လက်နက်အင်အား အများအပြားသုံးပြီး နှစ်နဲ့ချီကြာမြင့်တဲ့ စစ်ပွဲ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ နောက်ကနေ လက်နက်နဲ့ ငွေထောက်ပံ့ပြီး ရန်ဘက်နိုင်ငံတွေ စစ်ပွဲထဲနစ်မွမ်းပြီး အင်အားချိနဲ့အောင် လုပ်ဆောင်ကြတဲ့ အဖြစ်တွေလည်း ရှိခဲ့ပါတယ်။ ဥပမာအားဖြင့် ၁၉၅၀ ခုနှစ်ကျော်မှာ စတင်ဖြစ်ပွားပြီး ၂ နှစ်ကျော် ၃ နှစ်အကြာမှာ ပြီးဆုံးခဲ့တဲ့ ကိုးရီးယားကျွန်းဆွယ် စစ်ပွဲ၊ မြောက်ကိုးရီးယား က တောင်ကိုးရီးယားကို စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာက ကုလသမဂ္ဂဆုံးဖြတ်ချက်နဲ့အတူ အမေရိကန်က ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲမှာ တရုတ်တပ်၊ မြောက်ကိုးရီးယားလက်နက်ကိုင်တပ်နဲ့ တဖက်မှာ တောင်ကိုးရီးယားတပ်နဲ့ အမေရိကန်တပ်တွေ နှစ်ဖက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ ကျူးဘားဒုံးလက်နက်အရေးအခင်းမှာ ဆိုဗီယက်ပြည်ထောင် စုနဲ့ အမေရိကန်တို့ စစ်မက်ခင်းကြတော့မလားလို့ ကမ္ဘာကစိုးရိမ်ရလောက်တဲ့အနေအထားထိ ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအနေနဲ့  အနုမြူလက်နက်တွေ အပြိုင်အဆိုင်သုတေသနပြု၊​စမ်းသပ်လုပ်ဆောင်ခဲ့ကြပြီး ကမ္ဘာကြီးမှာ အနုမြူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံတွေ အများအပြားပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၁၉၈၉ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက် စစ်အေးခေတ် ပြီးဆုံးပြီလို့ မှတ်ယူခဲ့ကြရာက နှစ် ၃၀ ကျော်အကြာ ၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်မှာ စစ်အေးခေတ် တခေတ်ပြန်လည် စတင်ခဲ့ပြီလို့ ဆိုရမယ့် အနေအထားဖြစ်လာပါတယ်။

ယူကရိန်းစစ်ပွဲဟာ အနောက်ဥရောပ နိုင်ငံတွေအဖို့ နောက်ဖေးအိမ်မီးလောင်တဲ့သဘောမျိုးဖြစ်ပြီး အချိန်မရွေး ၄င်းတို့ဆီကျူးကျော်မှု သို့မဟုတ် စစ်ပွဲ ရောက်လာနိုင်တယ်လို့အကဲဖြတ်ကြပြီး ယူကရိန်းကို တတ်စွမ်းသမျှ လက်နက်ကူညီပေးတာ၊ နိုင်ငံကာကွယ်ရေး အသုံးစရိတ်တိုးမြှင့်တာတွေ တပြိုင်နက်ထဲလုပ်ဆောင်ကြတာကြောင့် ဥရောပ၊ အရှေ့အလယ်ပိုင်းတို့မှာ စစ်ပွဲရဲ့ အကျိုးဆက်တွေ တွေ့မြင်လာနေကြရတာပါ။  

အဲဒီလိုကာလမှာ အစ္စရေးလ်က ဂါဇာကမ်းမြောင်ဒေသမှာ နေထိုင်နေကြတဲ့ ပါလစ္စတိုင်း ၂ သန်းကျော်ကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ ကျူးလွန်နေချိန်၊ ပါလစ္စတိုင်းအရေးကို ဘယ်လိုဖြေရှင်းလို့ရမလဲဆိုတဲ့ အဖြေမရသေးခင်မှာ အစ္စရေးလ်က စစ်မျက်နှာ နောက်တခု အနေနဲ့ အီရန်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အီရန်ရဲ့ ထိပ်တန်းစစ်တပ်ခေါင်းဆောင်အများအပြားကို ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။ အနုမြူလက်နက်ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတူ အမေရိကန် ပြည်ထောင်စုကပါ အီရန်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြန်ပါတယ်။ အနုမြူလက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မကြာသေးခင်က အမေရိကန်ပြည်ထောင်စုကလည်း အီရန်နိုင်ငံက အနုမြူသုတေသနလုပ်ဆောင်တဲ့နေရာတွေကို ဖျက်အားပြင်းတဲ့ ဗုံးတွေနဲ့ စတင်ကြဲချခဲ့တဲ့အချိန်မှာ ကမ္ဘာကြီးက စစ်နှုတ်ခမ်းကို နင်းမိတဲ့ အနေအထားထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာရဲ့ တခြားတဖက် အရှေ့ဖျားမှာတော့ ထိုင်ဝမ်ကို တရုတ်ပြည်မကြီးထဲ ပြန်ပေါင်းစည်းဖို့ အင် အားသုံး တိုက်ခိုက်လာမလားဆိုတဲ့ စိုးရိမ်မှုထိုင်ဝမ်ကိုတိုက်ခိုက်ရင် အရှေ့ဖျားမှာ အမေရိကန် နဲ့ တရုတ်တို့ စစ်ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုလည်း မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ စိုးမိုးနိုင်ဖို့ စစ်မက်နည်းနဲ့ အဖြေရှာကြမယ့် အလားအလာတွေ မြင့်တက်နေချိန် တဆင့်ခံစစ်ပွဲတွေကနေ အင်အားကြီးနိုင်ငံတွေ တိုက်ရိုက် စစ်ခင်းကြမလားဆိုတဲ့ စိုးရိမ်မှုတွေ ပေါ်ထွက်လာနေချိန်မှာ မြန်မာနိုင်ငံက ပြည်တွင်းစစ်မီးအလယ်ရောက်ရှိနေချိန်ဖြစ်ပါတယ်။ မြန်မာ့အရေးကို ကုလ သမဂ္ဂလိုအဖွဲ့အစည်း၊ အာဆီယံလို အဖွဲ့အစည်းတွေကကြားဝင်ဖြေရှင်းဖို့မတတ်နိုင်တဲ့အနေ အထားအခင်းအကျင်းမျိုးရောက်ရှိလာနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားက မြန်မာ့နိုင်ငံရေးအကျပ်အတည်းထဲ ယှက်နွယ်ပါဝင်လာနေတဲ့အနေအထားက မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးက ပိုမိုရှုပ်ထွေးလာစေတာ ဖြစ်ပါတယ်။

မြန်မာ့အရေးကို ဖြေရှင်းကြရမှာပတ်သက်ဆက်နွယ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဗမာလက်နက်ကိုင် PDF အဖွဲ့တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တဖက်မှာ အစဥ်အဆက် အာဏာချုပ်ကိုင်ခဲ့တဲ့ စစ်တပ်တို့အပြင် တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကိုလည်း မေ့ထားလို့ မဖြစ်တဲ့အနေအထား ရောက်ရှိလာနေတာ တွေ့ရပါတယ်။

မြန်မာ့အရေးမှာ အနောက်နိုင်ငံတွေရဲ့ အကူအညီ အားပေးထောက်ခံမှု၊ ကမ္ဘာ့အင်အားကြီနိုင်ငံ အမေရိကန်ပြည်ထောင်စုရဲ့ရပ်တည်ထောက်ခံမှုတွေကိုမျှော်လင့်ဖို့မလွယ်ကူတော့တာ အခုကာလမှာပိုမိုထင်ရှားလာခဲ့ပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စု ကိုယ်၌က အကျိုးစီးပွားပထမ အကျိုးစီးပွား ဒုတိယ၊ အကျိုးစီးပွား တတိယ ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲလာချိန် ကမ္ဘာပေါ်က အခြားနိုင်ငံတွေမှာ ဒီမိုကရေစီရေး အတွက် အင်တိုက်အားတိုက် ကူညီမှုတွေ မျှော်လင့်လို့ မဖြစ်နိုင်တဲ့ အနေအထား နဲ့ ဒေသတွင်းမှာ တရုတ် နဲ့ အိန္ဒိယ အင်အားကြီး ၂ နိုင်ငံအကြားက မြန်မာအဖို့ တဆင့်ခံ စစ်ပွဲတွေ၊ ပြိုင်ဘက်တွေအကြား ဆွဲနှစ်မယ့် အားပြိုင်မှုတွေထဲ မပါဝင်မိဖို့ သတိကြီးစွာထားရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။

ဒီလိုအနေအထားအခြေအနေမှာ ကမ္ဘာ့အလယ်မှာ လွတ်လပ်မှု၊ တန်းတူညီမျှမှု စံနှုန်း၊ တန်ဖိုးတွေထက် အကျိုးစီးပွားတွေကိုသာ ဦးစားပေး ဆုံးဖြတ်ချက်ချနေကြတဲ့အချိန်မှာ မြန်မာစစ်အာဏာရှင်တွေ အတွက် အခွင့်အလမ်း တခုမဖြစ်အောင် စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေအကြား ညီညွတ်မှုနဲ့တန်းတူညီမျှမှု၊ မိမိတို့ အဖွဲ့တဖွဲ့ချင်းရဲ့ အကျိုးစီးပွားထက် နိုင်ငံတခုလုံးရဲ့ အကျိုးစီးပွားကိုဦးစားပေး ရပ်တည်ကြဖို့ ဆုံးဖြတ်ကြဖို့ အရေးကြီးလာနေတာ ဖြစ်ပါတယ်။ ပြည်ပ အကူအညီထက် ပြည်ပစွက်ဖက်မှုတွေကို တတ်နိုင်သမျှ နည်းပါးအောင် ရည်ရွယ်ချက် ရပ်တည်ချက်ချင်းတူညီတဲ့အဖွဲ့အစည်းတွေအကြား စုစည်းညီညွတ်မှုရှိဖို့ အရေးကြီးလာနေတဲ့အချိန် အဆုံးအဖြတ်ကာလတခုကိုဖြတ်သန်းနေရချိန်လို့ ဆိုရင် မှားမယ် မထင်ပါ။

-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar