သီအိုဇော် - နွေဦး၏လမ်းပြကြယ်များ
သီအိုဇော် - နွေဦး၏လမ်းပြကြယ်များ
မိုးမခ ၊ ဇူလိုင် ၂၃ ၊ ၂၀၂၅
မြင့်မြတ်စွာ အသက်ပေးသွားခဲ့ကြသူများရဲ့ သတင်းတွေ နာကျင်စွာ ကြားသိနေကြရတဲ့ ကာလတခုကို ဖြတ်သန်းနေကြရပါတယ်။ ရန်သူက မေ့မေ့ပျောက်ပျောက် ဖြစ်စေချင်တဲ့ နေ့တွေထဲမှာ ဇူလိုင် ၂၃ ရက်နေ့လည်း ပါဝင်ခဲ့ပါပြီ။ အဲဒီနေ့ဟာ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် တို့တတွေ ကျဆုံးခဲ့ရတဲ့နေ့ ဖြစ်ပါတယ်။ ရန်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး မမေ့မလျော့ကြကြောင်း ပြသရပါလိမ့်မယ်။
ဒီလိုအချိန်တဝိုက်မှာပဲ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင် အကျဉ်းထောင်ထဲမှာ ကျဆုံး ဆိုတဲ့ စိတ်ထိခိုက်စရာ သတင်းတခု ထပ်ကြားသိလိုက်ရပါတယ်။ ရန်သူကိုဦးမညွတ်ခဲ့တဲ့ အသက် (၂၅) နှစ်သာ ရှိသေးတဲ့ သမီးငယ်တယောက်ဟာ စစ်ကြောရေးအတွင်းက နှိပ်စက်ဒဏ်ရာများကိုသာ မခံစားခဲ့ရဘူးဆိုရင်၊ ဒီအသက် ဒီအရွယ်မျိုးမှာ ကွယ်လွန်စရာ အကြောင်း လုံးဝမရှိနိုင်ဘူးလို့ ပြောနိုင်ပါတယ်။
နွေဦးတော်လှန်ရေးမှာမှ မဟုတ်ပါဘူး၊ အာဇာနည်တွေ သူရဲကောင်းတွေဆိုတာ ခေတ် အဆက်ဆက် တိုင်းရင်းသားလူမျိုးစုတိုင်းမှာ ရှိခဲ့ကြပါတယ်။ သေချာတာတခုက တော့ စစ်အာဏာရှင်တွေ ရှိသမျှ၊ စစ်မှန်စွာ ထိုက်တန်စွာ အသိအမှတ်ပြုခံကြရမှာ မဟုတ်ဘူး ဆိုတာပါ။ တကယ်လို့များ နွေဦးတော်လှန်ရေးသာ ခြေချော် လက်ချော် ဖြစ်ခဲ့ရင်တော့၊ အားလုံးရဲ့ရင်ထဲမှာရှိနေတဲ့ အာဇာနည်တွေ သူရဲကောင်းတွေဟာလည်း သမိုင်းလိမ် အချက်မှားတွေနဲ့ လုပ်ကြံရေးကြတာကို ခံကြရမှာပါ။ ဘယ်နည်းနဲ့မှ အဖြစ်ခံလို့မရတဲ့ ဒီအချက်ကို သတိမပြတ် ရှိကြရပါလိမ့်မယ်။
ဒါ့ကြောင့် အတုအယောင် ရွေးကောက်ပွဲ အပါအဝင် စစ်အာဏာရှင် အသက်ရှူချောင် စေနိုင်မယ့် ဒါမှမဟုတ် သက်ဆိုးရှည်စေမယ့် လမ်းကြောင်းတွေကို သတိရှိကြဖို့ လိုအပ်ပါတယ်။ ရန်သူရဲ့ လူမဆန်တဲ့ ရက်စက်မှုတွေနဲ့ ကျဆုံးခဲ့ရမှု့တွေ ကြုံတွေ့ရတဲ့ အခါတိုင်း၊ ဒါဟာတနည်းအားဖြင့် စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို ဒီသူရဲကောင်းတွေက မီးမောင်းထိုးပြပေးခဲ့တာပဲလို့လည်း ရှုမြင်နိုင်ကြပါတယ်။
ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့တတွေ ကျဆုံးခဲ့စဉ်တုန်းက‘လမ်းပြကြယ်များသို့ ဦးညွှတ်ခြင်း’ (မိုးမခကဗျာ)တပုဒ် ခံစားရေးဖြစ်ခဲ့ပါတယ်။ အဲဒီကဗျာကို ထပ်မံ ဖြည့်စွက် ခံစားထားတဲ့ ‘နွေဦး၏လမ်းပြကြယ်များ' ကဗျာနဲ့ မြင့်မြတ်စွာ ကျဆုံးခဲ့တဲ့ သူရဲကောင်းအားလုံးကို သတိတရ ဦးညွှတ်ဂုဏ်ပြုလိုပါတယ်။
နွေဦး၏လမ်းပြကြယ်များ
သူတို့တတွေဟာ
နိုင်ငံရေးချောက်ကမ်းပါးစွန်းနား
ရန်ငါမပြတ် ချီတုံချတုံရပ်ကာ
အတွေးဝင်္ကပါထဲ
တဝဲလည်လည် နေကြသူများအတွက်
ကိုယ်တိုင်လောင်မြိုက်ခံပြီး
အသက်နဲ့ရင်း အလင်းပြခဲ့ကြသူတွေ။
သူတို့တတွေဟာ
ရင်ကြားစေ့ရေးအိပ်မက်
ငိုက်တခါ နိုးတဝက်
ခဏခဏ မက်နေကြသူများအတွက်
စစ်မိစ္ဆာမျက်နှာဖုံး ဝုန်းခနဲခွါချ
ဗြုန်းခနဲ ခပ်ဆတ်ဆတ် လှုပ်နှိုးပေးခဲ့ကြသူတွေ။
တကယ်ကတော့
သူတို့တတွေဟာ
ဘဝကိုလောင်းကြေးထပ်
အနာဂတ်နဲ့စိန်ခေါ်
အမိနိုင်ငံတော်သစ်အတွက်
အသက်ကို ရက်ရက်ရောရော အုတ်မြစ်ချခဲ့ကြသူတွေ။
သီအိုဇော်
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar