Breaking News

မင်းသွေးသစ် - ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါ


ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါ
 မင်းသွေးသစ်
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၅

* အဲဒီညနေက
ငါ့ရဲဘော်ညီမလေးဆီက
ခေါင်းစည်းပုဝါတခု
အလံလေးအုပ်လို့ရောက်လာတယ်
တုန်ရင်တဲ့လက်အစုံနဲ့
တလေးတစားဖွင့်ကြည့်တော့
အို....
လှလိုက်တာ !
အမှန်တရားအတွက်
ရဲဝံ့ခြင်းသွေးစက်တွေ
ဖျန်းပက်ရေး​ခြယ်ထားလိုက်တာ
ခေတ်အဆက်ဆက်ကလိုပဲ
ရဲရဲတောက်....လို့
ငါ့မှာ 'အလေးနီ' ပြုရပေါ့...... ။

* ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါမှာ
အဖိနှိပ်ခံတွေရဲ့လက်နဲ့
ထုဆစ်ရက်ဖောက်ထားတဲ့
ရွှေဝါရောင်ခွပ်ဒေါင်းက
လေတိုက်တိုင်း ငွားငွားစွင့်စွင့်လွင့်ဝဲလို့
သူချစ်တဲ့နိုင်ငံတော်ကို
ယုံကြည်ခြင်းမျက်ဝန်းနက်တွေနဲ့
မမှိတ်မသုန်စိုက်ကြည့်နေကြလေရဲ့ ။

* ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါမှာ
အာဏာကျော့ကွင်းကို
ဖြတ်နင်းဖောက်ထွက်နေတဲ့
ဒေါင်းခြေဒေါင်းလက်ဆိုတာ
မောင်းပြန်တွေရှေ့
ဒေါင်းအလံကိုဝှေ့
ထီမထင်အပြုံးနဲ့
လူ့မိစ္ဆာတွေကို အောင်နိုင်ခြင်းဖြစ်တယ် ။

* ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါမှာ
နီမောင်းနေတဲ့ သွေးရောင်ဆိုတာ
ကိုယ့်မျိုးဆက်အလှည့်ရောက်တဲ့အခါ
မကြောက်မရွံ့ နောက်မတွန့်ပဲ
နောင်တော်တွေခင်းတဲ့လမ်း
အာဇာနည်ခြေလှမ်းတွေနဲ့
လျှောက်လှမ်းပြခြင်းရဲ့
ယုံကြည်ခြင်းနှလုံးသွေးစက်တွေဖြစ်တယ် ။

* အဲဒါပဲလေ...
ရွှေဝါရောင်ဒေါင်း
မညွှတ်ပျောင်းတဲ့
ဒေါင်းဆိုမှ ဒေါင်း
ခွပ်တဲ့ဒေါင်းတွေ ။

* ဟိုးမှာ ကြည့်စမ်း
လမင်းကို တိမ်ဖုံးပေမယ့်
ကြယ်တွေစုံတဲ့ကောင်းကင်ယံမှာ
ရဲဘော်ညီမလေးကိုယ်တိုင်
တောက်ပလင်းလက်လို့
အဲဒီကြယ်စင်တွေပြောတဲ့နိုင်ငံဆီ
ချီတက်သွားနေလိုက်ကြတာ
အားလုံးရဲ့ဦးခေါင်းထက်မှာ
ရဲဘော်ညီမလေးရဲ့ခေါင်းစည်းပုဝါကိုယ်စီနဲ့ပေါ့ ။   ။

(၂၂.၇.၂၀၂၅) (၂:၀၂) (PM)
(ခေတ်အဆက်ဆက် ပေးဆပ်ခဲ့ကြသော မျိုးဆက်အသီးသီးမှ ကျောင်းသားရဲဘော်များအား ဦးညွှတ်ဂုဏ်ပြုပါသည်)

-
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar