မောင်လူမွှေး - ဂုဏ်သိက္ခာရှိတဲ့ စစ်ရှောင်တွေ
မောင်လူမွှေး - ဂုဏ်သိက္ခာရှိတဲ့ စစ်ရှောင်တွေ
မိုးမခ ၊ ဇူလိုင် ၂၄ ၊ ၂၀၂၅
ဖြတ်စား၊ လျှပ်စားလူတွေကြောင့် စစ်ရှောင်တွေ အဆင်မပြေဖြစ်ကြရပုံကို "ဖြတ်စား လျှပ်စားလုပ်ရက်ကြသူတွေ" ဆောင်းပါးမှာ တင်ပြခဲ့ပြီး ဖြစ်တယ်။ ဒီတစ်ပတ်မှာတော့ စစ်ရှောင်ပြည်သူတွေအကြောင်းကို ပြောပါရစေ။ စစ်ရှောင်ပြည်သူတွေ အကြောင်းကို ပြောတဲ့အခါ သတိထားစရာတွေက အများကြီးရှိပါတယ်။ အခြေအနေအရ နိမ့်ပါးနေတဲ့သူတွေကို အပေါ်စီးကနေ ဆုံးမလမ်းညွှန်သလို လုပ်တာဟာ ဘယ်ကောင်းပါ့မလဲ။
ဒီတော့ မောင်လူမွှေး တင်ပြတာဟာ သူ့ရဲ့ ဆွေမျိုး၊ မိတ်ဆွေ စစ်ရှောင်တွေရဲ့ အကျိုးကို လိုလို့ ပြောတာပဲဆိုပြီး နားလည်ပေးကြပါလို့ ကြိုပြီး မေတ္တာရပ်ခံပါရစေ..။
"ကျနော့်စခန်းက ပြည်သူတွေကို အချင်းချင်း တည့်အောင်နေကြဖို့၊ မနာလိုဝန်တိုမှုတွေ မထားကြဖို့၊ စည်းလုံးကြဖို့ အမြဲပြောရတယ်။ ကျနော်တို့က အချင်းချင်းမတည့်ရင် မစည်းလုံးရင် အလှူရှင်တွေက ဘယ်လှူချင်ပါ့မလဲ" လို့ မောင်လူမွှေးနဲ့ ရင်းနှီးခင်မင်တဲ့ စစ်ရှောင်စခန်းတစ်ခုရဲ့ တာဝန်ခံက ဆိုပါတယ်။ ကိစ္စတစ်ခုမှာ မညီညွတ်ခဲ့ကြလို့ ရသင့်တဲ့ဟာတွေ မရတာမျိုး ရှိခဲ့ကြောင်းလည်း သူကပြောပါတယ်။
စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ အမျိုးအစား နှစ်ခု ရှိပါတယ်။ လက်ရှိ ဝမ်းရေးဖြေရှင်းဖို့ ဆန်၊ဆီ စားစရာကို ပေးဝေတာနဲ့ ရေရှည်ကာလတစ်ခုထိ ကိုယ်တိုင် ရပ်တည်နိုင်အောင် ကူညီတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းမှာ မညီညွတ်လို့ ရေရှည်ကာလတစ်ခုထိ ရပ်တည်နိုင်အောင် ကူညီမယ့်အဖွဲ့အစည်းက မကူညီတော့ဘဲ နောက်ဆုတ်သွားခဲ့ရင် တကယ် နစ်နာရပါတယ်။ ကူညီမယ့်အဖွဲ့အစည်းကလည်း သူတို့အကူ မထိရောက်ဘူးထင်ရင် ဘယ်ကူညီပါ့မလဲ။
ရှားရှားပါးပါး မောင်လူမွှေးကိုယ်တိုင် ကြုံဖူးတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိပါတယ်။ စစ်ရှောင်စခန်းလေးတစ်ခုက တာဝန်ခံလိုဖြစ်နေတဲ့ လူငယ်တစ်ဦးဟာ သွပ်ထောင်ထောင်နဲ့ အင်မတန်ဘဝင်မြင့်ပါတယ်။ စခန်းက လူတွေကလည်း ရိုးရိုးအေးအေးတွေ များတာမို့ သူ့ကို ပြန်လှန်ပြောတဲ့သူ မရှိဘူး ထင်ပါတယ်။ သူတို့စခန်းကို လှူဖို့ လာတဲ့လူတွေကို ဆက်ဆံတဲ့အခါ လှူပေးတဲ့သူကိုတောင်မှ သူ့လက်အောက်ကလူလို ဆက်ဆံချင်တဲ့ သဘောတွေကို မောင်လူမွှေး တွေ့ခဲ့ရပါတယ်။ "အဲဒီနေရာကလည်း သူ့ကြောင့် တော်တော်တန်တန် လူမလာတော့ဘူး ဆရာရေ" လို့ အကြောင်းသိ ဆရာမ တစ်ယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အခါတွင်းကြီး မောင်လူမွှေး စစ်ရှောင်စခန်းတစ်ခုကို ရောက်တယ်။ အခါတွင်းဆိုတော့ စစ်ရှောင်ပြည်သူတွေလည်း အနီးအနားက ဘုန်းကြီးကျောင်းမှာ သီလယူ၊ တရားနာကြပါတယ်။ ဘုန်းကြီးကျောင်းက ဆရာတော် တရားဟောတဲ့ အသံကိုလည်း အသံချဲ့စက်ကနေ မောင်လူမွှေး ကြားနေရပါတယ်။ တစ်ရွာလုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သစ်ပင်တွေ ကျိုးတိုးကျဲတဲကြားမှာ မိုးကာတဲ ဆောက်ပြီး ဖြစ်သလိုနေကြရတဲ့ စစ်ရှောင်တွေကို ဘယ်လို တရားမျိုးများ ဟောမှာပါလိမ့်။ လောကဓံကို ရင်ဆိုင်နိုင်တဲ့ တရားကို ဟောမယ်လို့ မောင်လူမွှေး မျှော်လင့်ခဲ့မိပေမယ့် ထုံးစံအတိုင်း "ဒါနတရား" ကိုပဲ နားထောင်လိုက်ရပါတယ်။
မောင်လူမွှေးတို့ စစ်ရှောင်တွေကို လာလှူတဲ့သူတွေဟာ လာလှူပြီးရင် ပြန်သွားကြတယ်။ အဆင်ပြေရင် နောက်တစ်ခါလာလှူကြမယ်။ ပြီးရင်ပြန်သွားကြမယ်။ အဆင်မပြေရင်တော့ နောက်တစ်ခေါက်မလာကြတော့ဘူးပေါ့။
ဆေးအဖွဲ့တွေ စစ်ရှောင်စခန်းကိုလာပြီး ဆေးလာကုပေးမယ်။ တစ်ရက်တာ ဆေးကုပေးပြီးတာနဲ့ပြန်သွားမယ်။ နောက်တစ်ခါလာဖို့ လချီ ကြာမြင့်နိုင်ပါတယ်။
တကယ်တော့ စစ်ရှောင်စခန်းကို လာကူကြတဲ့သူတွေ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်စခန်းကို ခဏလာပြီး ပြန်သွားကြတာ ဖြစ်တယ်။ တကယ် အမြဲတူနေပြီး ရုန်းကန်ကြရတာက စစ်ရှောင်ပြည်သူအချင်းချင်းပဲ ဖြစ်တယ်။ ဒါကို လေးလေးနက်နက် နားလည်ဖို့ သိပ်အရေးကြီးပါတယ်။
ဒီလောက် မြင်သာတဲ့ သဘောကို နားမလည်တော့ စစ်ရှောင်စခန်း လာကူတဲ့သူ၊ ပတ်သက်တဲ့သူတွေအပေါ် ဘယ်ပုဂ္ဂိုလ်ကို ဘယ်သူတွေက ခင်မင်တယ်။ ဘယ်သူကို ဘယ်သူတွေက ပိုင်တယ်။ ဘယ်သူတွေက လာတဲ့ ဘယ်သူရဲ့နောက်လိုက်.. စသဖြင့် ကြာလာတော့ ကွဲကုန်ကြပါလေရော။
မောင်လူမွှေးတို့ စစ်ရှောင်ပြည်သူတွေဟာ ဥစ္စာအားလုံးကို စွန့်ခဲ့ပြီးတဲ့သူတွေ ဖြစ်တယ်။ တော်လှန်ရေးအတွက် စွန့်လွတ်မှု ကြီးမားသူတွေထဲမှာ ပါတယ်။ ဂုဏ်သိက္ခာတန်ဖိုး မြင့်မားတယ်ဆိုတာ မမေ့အပ်ဘူးလို့ မောင်လူမွှေး ထင်တယ်။
ဂုဏ်သိက္ခာမြင့်မားတဲ့ စစ်ရှောင်တွေမို့ ကိုယ့်စခန်းကို လာရောက်ကူညီသူတိုင်းကို အားလုံးက တန်းတူကြိုဆိုကြမယ်။ တန်းတူဖော်ရွေကြမယ်။ ဘယ်လို ပုဂ္ဂိုလ်ကြောင့်ဖြစ်စေ၊ ဘယ်လို လှူဒါန်းမှုကြောင့်ဖြစ်စေ ကိုယ့်စခန်းရဲ့ စည်းလုံးမှုကို ပျက်ပြားမခံဘူးဆိုတဲ့ စိတ်ထားမျိုးရှိဖို့ လိုအပ်ပါတယ်။ တကယ်တော့ ကိုယ့်စစ်ရှောင်ပြည်သူအချင်းချင်း စည်းလုံးမှုလောက် ဘယ်ပုဂ္ဂိုလ်၊ ဘယ်ပစ္စည်းမှ အဖိုးမတန်ပါဘူး။
"ကိုယ့်စစ်ရှောင်အချင်းချင်း တန်ဖိုးမထားရင် ဘယ်သူက လာတန်ဖိုးထားမှာလဲ။ ကိုယ့်စစ်ရှောင်အချင်းချင်း မလေးစားရင် ဘယ်သူက လာလေးစားမှာလဲ။ အချင်းအချင်း မလေးစား၊ တန်ဖိုးမထားကြရင်တော့ အဲဒါမှ အကုန်ဆုံးရှုံးတော့တာပဲ" လို့ မောင်လူမွှေးက တရားဟောတော့ စခန်းတာဝန်ခံ ကတော်က "ဆရာပြောတာ တကယ့်အမှန်ပဲ" လို့ ထောက်ခံပါတယ်။
ခု မောင်လူမွှေး ဆက်ဆံနေရတဲ့ စစ်ရှောင်ပြည်သူတွေဟာ ဂုဏ်သိက္ခာရှိတဲ့ စစ်ရှောင်ပြည်သူတွေဖြစ်လို့ မောင်လူမွှေး လေးစားဂုဏ်ယူရပါတယ်။ စစ်ရှောင်ပြည်သူတွေရဲ့ "အား" ဟာ "အချင်းချင်းတန်ဖိုးထားမှု၊ စည်းလုံးမှု" ဖြစ်ပြီး ဒီ "အား" ရဲ့ ကောင်းကျိုးကို ဆွဲငင်နိုင်စွမ်းကိုလည်း လက်တွေ့ခံစားကြရမှာ ဖြစ်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar