Breaking News

လေးလေး - ဝင်းဦး၏ ချစ်ကိုယ်တွေ့

လေးလေး - ဝင်းဦး၏ ချစ်ကိုယ်တွေ့

မိုးမခ ၊ ဇူလိုင် ၂၄ ၊ ၂၀၂၅


ဝင်းဦးအကြောင်းတွေ ခပ်တည်တည်နဲ့သာ ရေးနေတာ တကယ်တော့ ကျနော်က ဝင်းဦး ခေတ်ကို ကောင်းကောင်းမီခဲ့သူ မဟုတ်။ ဝင်းဦး အထူးအောင်မြင်ခဲ့တဲ့ ၁၉၆၀ ကျော်ကနေ ၁၉၇၀ ကျော်ကာလတွေတုန်းက ကျနော် အလွန်ဆုံးရှိလှ လေးငါးနှစ်သား။ 

ဝင်းဦး ခေတ်ကို ကောင်းကောင်းမမီပေမယ့် သူ သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်၊ သူ ဆိုခဲ့တဲ့ သီချင်း၊ သူ ရေးခဲ့တဲ့စာနဲ့ သူ ထုတ်ခဲ့တဲ့ စန္ဒာမဂ္ဂဇင်းတို့ကိုတော့ ကြည့်ဖူး၊ နားထောင်ဖူး၊ ဖတ်ဖူးခဲ့ပါတယ်။ ဒါလောက် ဆို ကျနော်ဟာ ဝင်းဦး ပရိသတ်တယောက်ဖြစ်ဖို့ လုံလောက်နေပါပြီ။

၂၀၂၅ ခုနှစ်ဟာ ဝင်းဦးအသက် ၉၀ ပြည့်နှစ်ဖြစ်တော့ သူ ရေးခဲ့တဲ့စာတွေ အများကြီးထဲကမှ သူ့ကိုယ်ရေးကိုယ်တာ ကိစ္စတွေ၊ ပြောရရင်တော့ ဝင်းဦးရေးခဲ့တဲ့ ဝင်းဦးအကြောင်း စာပဒေသာတွေကို စုစည်းပြီး စာအုပ်တအုပ် ထွက်လာတယ်။ ဝင်းဦး၏ကိုယ်တိုင်ရေးဘဝမှတ်တမ်း ဇာတ်လမ်းပဒေသာ”တဲ့။ စာအုပ်အညွှန်းမှာက “၉၀ ပြည့်မွေးနေ့ အမှတ်တရအဖြစ် ဆယ်စုခေတ်တနှစ်စွန်းမန်းသင်္ကြန်”အပါအဝင်

ကိုယ်တိုင်ရေး ဘဝမှတ်တမ်းစာပေါင်းချုပ်လို့ ဆိုထားတယ်။

ဝင်းဦးရဲ့ မိတ်ဆွေ စာရေးဆရာ နတ်နွယ်က ဝင်းဦး စာတွေ မကြိုက်လို့ မဖတ်ပေမယ့် ဆယ်စုခေတ်တနှစ်စွန်း မန်းသင်္ကြန် ဆောင်းပါးတွေ စန္ဒာမဂ္ဂဇင်းမှာ အခန်းဆက်ပါလာတော့ လူတကာကို လိုက်ပြီး သိပ်‌ကောင်းတဲ့စာ၊ ဖတ်ကြည့်ကြစမ်းပါဗျာလို့ လိုက်ပြီး တိုက်တွန်းခဲ့ပါသတဲ့။ နတ်နွယ်ရဲ့ တောအကြောင်း တောင်အကြောင်းမှာ ရေးခဲ့တာပါ။ ဝင်းဦး ဘယ်လောက် စာရေးကောင်းကြောင်း၊ စာဖတ်သူကို လက်က မချချင်လောက်အောင် ဆွဲဆောင် အားကောင်းကောင်းနဲ့ ရေးခဲ့တဲ့၊ ပြောရရင် ဝင်းဦးရဲ့ မာစတာပိစ်ဟာ ဆယ်စုတခု စွန်းမန်းသင်္ကြန်ပါ။

ဝင်းဦးရဲ့ အခု ဇာတ်လမ်းပဒေသာစာအုပ်ကို ထုတ်ဝေခဲ့တဲ့ စိတ်ကူးချိုချိုစာပေတိုက်ကပဲ ၂၀၂၃ ခုနှစ်မှာ ဝင်းဦး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့် အမှတ်တရ စာအုပ်ထုတ်ခဲ့ပါတယ်။ အဲဒီစာအုပ်က ဝင်းဦးကို ချစ်ခင်ကြသူတွေရဲ့ ဝင်းဦး အမှတ်တရစာတွေ စုစည်းထားတာဖြစ်ပြီး၊ အခု ဇာတ်လမ်းပဒေသာစာအုပ်ကတော့ ဝင်းဦးရဲ့ စာပေ လက်ရာ ချည်းသက်သက် စုစည်းထုတ်ဝေလာတာပါ။ ဒီစာအုပ်နှစ်အုပ်ပါ စာမူတွေအားလုံးကို ဖတ်ပြီးရင်တော့ ဝင်းဦး ဆိုတဲ့လူကို ဖတ်ပြီးသား ဖြစ်သွားပါပြီ။ 

ာရေးဆရာ၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်ဒါရိုက်တာ၊ အဆိုတော်

ဝင်းဦး ဆိုတာ ဘယ်လိုလူ ဆိုတာက ကျယ်ပြောလွန်းလို့ အခု စာမှာတော့ ဝင်းဦးရဲ့ ချစ်ကိုယ်တွေ့ကိုပဲ ကောက်နုတ်ဖော်ပြ ပါမယ်။ရှုမဝမဂ္ဂဇင်းမှာ တခါက နာမည်ကြီးခဲ့တဲ့ ချစ်ကိုယ်တွေ့နဲ့ ဝင်းဦးကို ပေါင်းစပ်ကြည့်တာပေါ့ခင်ဗျာ။

ဝင်းဦး မဖြစ်သေးတဲ့ မောင်လှမြင့် ဆိုတဲ့သူတယောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားဘဝ ရောက်တော့ သူ့ သူငယ်ချင်း တယောက်နဲ့အတူ ကျောင်းသူမမ တယောက်ကို လိုက်ကြိုက်ကြတယ်။ ဟိုက ပြန်မကြိုက်။ Be a Man လို့ ဆိုလိုက်တာကို မခံချင်တာနဲ့ တပ်ထဲ ဝင်သွားတယ်။ စစ်ဗိုလ်ဖြစ်တော့ ဒီတုန်းက နာမည်ကြီး အဆိုတော်၊ မင်းသမီး တယောက်ကို သူ ပိုးလိုက်သေးတယ်။ မစွံပြန်ဘူး။

စစ်ဗိုလ်ဘဝနဲ့ မော်လမြိုင်မှာ တာဝန်ကျတော့ “ပြုံး” ဆိုတဲ့ တယောက်နဲ့ ဘာဂလိုတိုတိုဖြစ်၊ သူ့ဆရာလို အစ်ကိုလို ဖြစ်နေသူ ဗိုလ်မှူးကို သွားတောင်းခိုင်းလိုက်သေး၊ ဟိုက ရိုးရိုးပါ ဆိုလိုက်လို့ သွားတောင်းပေးသူ ဗိုလ်မှူး ဂွတွေကျ။ (ဒီအကြောင်း အဲဒီဗိုလ်မှူး ဆိုသူက ဝင်းဦး ကွယ်လွန်ခြင်း ၃၅ နှစ်ပြည့်မှာ ရေးခဲ့တာ၊ ဝင်းဦးက ဘာဂလိုတိုတို ဆိုတာပဲ ထည့်ရေးပြီး ဒီအကြောင်း ထည့်မရေးထား)။ တခါ မှော်ဘီဘက် တာဝန်ကျပြန်တော့ တက္ကသိုလ်ဆရာမ တယောက်ကို ကြိုက်ပြီး ဖခင်ဖြစ်သူ ချစ်ဒုက္ခဦးဘညွန့်ကို သွားတောင်းခိုင်းပြန်။ ဟိုက ငြင်းလွှတ်။ ဝင်းဦးဟာ ချစ်ကိုယ်တွေ့မှာ နှစ်ခါတိုင်တိုင် အူကြောင်ကြောင်တွေ လုပ်ခဲ့။

ဒီနောက်တော့ မင်းသားဝင်းဦးရယ်လို့ ဖြစ်လာ၊အထူးကို အောင်မြင်ကျော်ကြားလာခဲ့ပြီးတဲ့နောက် သူ့လိုပဲ အထူးအောင်မြင်ကျော်ကြား ထင်ရှားလာသူ မင်းသမီးတယောက်နဲ့ ချစ်ကြ၊ ယူခါနီးကျမှ အဆင်မပြေတာ တခုဖြစ်ပြီး၊ လွဲခဲ့ကြ၊ လူပျိုကြီး တကိုယ်တည်းဘဝနဲ့ သေသည်အထိ အရိုးထုတ်သွားခဲ့ရ။ ဝင်းဦးကတော့ သူ့ချစ်ရေးချစ်ရာကိစ္စတွေနဲ့ပတ်သက်ပြီး ခုလို ရေးခဲ့တယ်။

“ကျနော်ဟာ ဘယ်သူမပြုမိမိမှု ဆိုတဲ့ စကားကို အမြဲတမ်း လက်ကိုင်ထားသူ တယောက်ပါ မမခင်။ တွေ့ကြုံဆုံကွဲ ဖြစ်မြဲဓမ္မတာဆိုတာမှာ မိမိကိုယ်မိမိသာ တရားခံအစစ်အမှန်လို့ စွပ်စွဲချက် ထုတ်လေ့ရှိသူပါ။ ရပ်တန်းက ရပ်ခဲ့ရတဲ့ နှလုံးသားဇာတ်လမ်းတွေမှာ မူလ အဓိကတာဝန်ရှိသူဟာ ကျနော်ပါပဲ။ ကျနော်သာ အစွဲအမြဲ မကြီးခဲ့ရင်၊ မာန်မာနမထားခဲ့ရင်၊ တဖက်စွန်းမရောက်ခဲ့ရင် အခုနေအခါမှာ ချမ်းမြေ့ပျော်ရွှင်သော အိမ်ထောင်ရှင်တဦး ဖြစ်နေမှာပါ။”

“မှားတာတွေ များရင် နောက် မမှားချင်တော့တာ လူ့ဓမ္မတာပဲ၊ လွဲတာတွေ များလာတဲ့အခါမှာ မလွဲချင်တော့တာဟာလည်း နှလုံးသားဒဏ်ရာ ရှိသူတိုင်းရဲ့ ဆန္ဒအမှန် ဖြစ်ပါလိမ့်မယ်။ ကျနော့်အဖို့ရာမှာ မလွဲချင်တော့လို့ မတွဲတော့တာလို့ပဲ ကောက်ချက်ချပါတော့ မမခင်။”

ဝင်းဦးရဲ့ ဇာတ်လမ်းပဒေသာစာအုပ်ထဲက စာရေးသူ ပတ္တမြားခင် ဆီ ပေးစာသဘောမျိုး ရေးထားတဲ့ “မောင်လေး မပြန်နိုင်တယ်”စာမူထဲက ကောက်နုတ်ဖော်ပြခဲ့တာပါ။

ဝင်းဦးကိုယ်တိုင်ရေး သူ့ဇာတ်လမ်းပဒေသာ စာမူတွေ ဖတ်ပြီးရင် ဝင်းဦးရဲ့အတွေးအမြင်၊ ဒဿနတွေကိုပါ တပါတည်း ကြည့်မြင်နိုင်တယ်။ လူတွေအပေါ်ထားတဲ့ ဝင်းဦးရဲ့ သဘောထားတွေ၊ အနုပညာဖန်တီးမှုတွေ၊ အနုပညာလောကသားတွေနဲ့ သူတို့ရဲ့ လုပ်ငန်းသဘောသဘာဝတွေကိုလည်း ထိတွေ့ခံစားရနိုင်ပါတယ်။

ဝင်းဦးရဲ့ ကိုယ်တိုင်ရေးဘဝမှတ်တမ်း ဇာတ်လမ်းပဒေသာ”စာအုပ်ထဲမှာ ဆယ်စုခေတ် တနှစ်စွန်း မန်းသင်္ကြန် အခန်းဆက်ဆောင်းပါးက စာအုပ်ထက်ဝက်လောက် နေရာယူထားပါတယ်။

ပြီးတော့ အလက်ကာကျော်စွာ ကျနော့်ဆရာ ရွှေပြည်အေး၊ ဘဝလှေကားထစ် အစသို့ ပြန်လည်ခြေချခြင်း၊ သင်္ကြန်မင်းသား၊ သံယောဇဉ်၊ လျှပ်တပြက်စိုက်ထူခဲ့ဖူးသော ဂီတမှတ်တိုင်တတိုင်၊ တံခါးခေါက်သံ ၊ ခရီးဖော် ၊ ပုံပြင်ထဲကလူ၊ မောင်လေး မပြန်နိုင်တယ်၊ ပြန်မစိုက်ရသေးတဲ့ သွားတချောင်း စတဲ့ စာမူတွေ အစဥ်လိုက် ထည့်သွင်းဖော်ပြထားပါတယ်။ ဝင်းဦး ပရိသတ်တွေအတွက် ပြန်လည်ခံစားဖတ်ရှုနိုင်ပြီး လွမ်းမောဖွယ်အတိတ်ကို ပြန်ရောက်သွားနိုင်ကြပါတယ်။

ဝင်းဦး တပည့်အရင်း ချိုပြုံးက အစ်ကိုက ကြည့်ရတာ အသက်ရှည်ရှည်နေချင်ပုံ မရပါဘူးလို့အင်တာဗျူးတခုမှာ ပြောဖူးတယ်။ 

မြသန်းတင့် ဖောက်သည်ချဖူးတဲ့ ဝင်းဦးရဲ့ သေခြင်းဒဿနနဲ့ ဒီစာစုကို အဆုံးသတ်လိုပါတယ်။

“လူတယောက်မှာ ရောဂါဝေဒနာတခု စွဲကပ်လာရင် ခံစားချက်လေးမျိုးနဲ့ တုံ့ပြန်တတ်တယ်။

ပထမအဆင့်မှာ ဒေါသ Anger နဲ့ တုံ့ပြန်တယ်၊ ငါ ဘာဖြစ်လို့ နေမကောင်းဖြစ်ရတာလလဲ ဆိုပြီးတောက် တခေါက်ခေါက်နဲ့ မကျေမချမ်း ဖြစ်နေတတ်တယ်။

ဒုတိယအဆင့်ကျတော့ ငြင်းဆန်တာ Denial ဗျ၊ ငါ့ရောဂါက တကယ်ဖြစ်တာ မဟုတ်ပါဘူး၊ ငါ့စိတ်က ထင်နေတာပါ। သူတို့ ဆရာဝန်တွေက ခံစားနေရတဲ့ ကာယကံရှင်လောက် သိတာမှတ်လို့ ဆိုပြီး ငြင်းဆန်လာတတ်တယ်။

တတိယအဆင့်ကျတော့ စိတ်ငယ်တာ Dejection ဖြစ်လာတတ်တယ်। ကျန်းကျန်းမာမာနဲ့ သွားလာလှုပ်ရှားနေတဲ့သူတွေကို ကြည့်ပြီး စိတ်ငယ်လာတယ်။

စတုတ္ထအဆင့်ကျတော့ မျှော်လင့်ချက်ကုန်သွားတာ Despair ဖြစ်လာတတ်တယ်။

သေရေးနဲ့ပတ်သက်တဲ့ ဝင်းဦးရဲ့အဘိဓမ္မာလို့ မြသန်းတင့်က ရေးခဲ့တယ်။ သူ သေရင် ကင်ဆာရောဂါနဲ့တော့ မသေချင်ဘူးလို့ ပြောခဲ့ဖူးပေမယ့် အဲဒီရောဂါနဲ့ပဲ သူ သေခဲ့ရတယ်။

ဝင်းဦးရဲ့ ကိုယ်တိုင်ရေးဘဝမှတ်တမ်း ဇာတ်လမ်းပဒေသာ” စာအုပ်ကို ၂၀၂၅ ခုနှစ်၊ မတ်လမှာ စိတ်ကူးချိုချို စာပေတိုက်က ပထမအကြိမ်စုစည်းမှုအဖြစ် အုပ်ရေ ၅၀၀ ထုတ်ဝေဖြန့်ချိထားပြီး စာအုပ်တန်ဖိုးက ကျပ် နှစ်သောင်းတိတိ။

“အနုပညာရှင်ကြီး ဝင်းဦး”၏ ကိုယ်တိုင်ရေးဘဝမှတ်တမ်းများကို ဆက်လက်စုဆောင်းလျက်ရှိပါသည်။ 

၁၃ နှစ် မန်းသင်္ကြန်”အပါအဝင် ဘဝအတွေ့အကြုံစာစုများကို စုစည်းတင်ဆက်သွားဦးမည် ဖြစ်ပါကြောင်း…။လို့ ကြေညာမောင်းထုထားတာမို့ မကြာမီ လာမည် မျှော်….။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar