Breaking News

မောင်လူမွှေး - အငြိုးအတေး ထားလေရော့သလား

မောင်လူမွှေး - အငြိုးအတေး ထားလေရော့သလား

မိုးမခ ၊ ဇူလိုင် ၆ ၊ ၂၀၂၅


"အငြိုးအတေး" ထားတတ်သူတွေဟာ ကြောက်စရာကောင်းတယ်။ အငြိုးအတေးဆိုတာ လူတစ်ယောက်တည်းပေါ်မှာလည်း ထားကြတယ်။ အဖွဲ့အစည်းပေါ်မှာလည်း ထားတတ်ကြသလို ရပ်ရွာအပေါ်ကိုတောင် ထားတတ်ကြတာတွေ ရှိပါတယ်။

မောင်လူမွှေး သိတဲ့ ဆရာတော်တစ်ပါးဆို ဒီမိုကရေစီဆိုတဲ့ စကားကို အာဏာရှင် သန်းရွှေခတ်မှာ  ခဏခဏ ပြောတတ်သူ ဖြစ်တယ်။ ခေတ်မီတဲ့ ပညာတတ်ဆရာတော်တစ်ပါးမို့ အများရဲ့ ကြည်ညိုလေးစားခြင်းကိုလည်း ခံရပါတယ်။ 

၂၀၁၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် မြို့ကိုလာတော့ သူ့ကျောင်းကို လာပြီး သူ့ကို တွေ့လိမ့်မယ်လို့ ဆရာတော်ဟာ မျှော်လင့်ခဲ့ပုံရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သူ့ကျောင်းမလာတော့ ဒေါ်အောင်ဆန်းစုကြည် တည်းခိုတဲ့ ဟိုတယ်ကို သူ ကြွလာပါတယ်။ ပါတီကိစ္စတွေ၊ နိုင်ငံရေးကိစ္စတွေဆွေးနွေးနေတာမို့ လုံခြုံရေးတွေက ဆရာတော်ကို အမေစုနဲ့ တွေ့ခွင့် မပေးလိုက်ကြပါဘူး။ အဲဒီကိစ္စကိုလည်း အမေစုတောင် မသိဖို့ များပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သူ့ကျောင်းကိုလည်းမလာ ၊ သူက သွားတွေ့တော့လည်း တွေ့ခွင့်မရတဲ့အချိန်ကစလို့ သူ့ကျောင်းကို ကြံ့ဖွတ်တွေ အဝင်အထွက် များခဲ့တယ်။ မဘသ ဦးဆောင်တဲ့ ဆရာတော် ဖြစ်လာတယ်။ ခုတော့ စစ်မှုထမ်းဥပဒေကို ထောက်ခံတဲ့ ဆရာတော်တောင် ဖြစ်နေပါပြီ။ လူ့အဖွဲ့အစည်းကို တိုးတက်အောင်လုပ်ခဲ့တဲ့ ၊ လုပ်နိုင်စွမ်းရှိတဲ့ ဆရာတော်၊ ခေတ်ပညာတတ်တဲ့ ဆရာတော်က ဒီလိုကြီး ပြောင်းလဲသွားတာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရလိုက်တဲ့အပေါ် အငြိုးထားလေရော့သလားလို့ မောင်လူမွှေး တွေးမိပါတယ်။

နောက်တစ်ယောက်ကတော့ အားလုံးသိတော်မူကြတဲ့ ရှစ်ဆယ့်ရှစ် မျိုးဆက် နိုင်ငံရေးသမားကြီး။ ကျောင်းသားဘဝကစ နှစ်ရှည်ထောင်ဒဏ်ကျခံကာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံရေးသမားကြီး။ သူဟာ သန်းရွှေခေတ် စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ ပြည်သူတွေရဲ့ ယုံကြည်ကိုယ်းစားမှုကိုရခဲ့သူဖြစ်ပါတယ်။ ဒီလိုစစ်အာဏာရှင်ကို နှစ်ရှည်လများ အကျဥ်းကျခံ ဆန့်ကျင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးဟာ ခုတော့ သူ ဆန့်ကျင်ခဲ့တဲ့ အာဏာရှင်သန်းရွှေထက် ပိုဆိုးတဲ့ မင်းအောင်လှိုင်နဲ့ ပလူးပလဲလုပ်ပြီး စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ် တကဲကဲဖြစ်နေတော့တာပါပဲ။

သူဟာလည်း ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ NLD ကနေ ဝင်ဖို့ ကြိုးပမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ NLD က သူတို့ကို လက်မခံခဲ့ပါဘူး။ ဒီတော့ သူဟာ  ပါတီထောင်တယ်။ သူ ပါတီထောင်တော့ ၈၈ မျိုးဆက်မို့ သူ့ပါတီဟာ NLD ရဲ့ပြိုင်ဘက် စစ်တပ်ပါတီ ကြံ့ဖွတ်ကို တတိယနေရာရောက်အောင်ပို့ပြီး  ပြည်သူတွေ ထောက်ခံတဲ့ ဒုတိယပါတီ ဖြစ်လာနိုင်တယ်လို့တောင် နိုင်ငံရေးဆောင်းပါးရှင်တချို့က သုံးသပ်ရေးသားခဲ့ကြတယ်။ တကယ်တမ်းလက်တွေ့  ၂၀၂၀ ရွေးကောက်ပွဲဝင်တော့ သူ့ပါတီဟာ တစ်နေရာမှ အနိုင်မရခဲ့ပါဘူး။ 

သူဟာသူ့ကို လွတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဝင်ရောက်ရွေးခံခွင့် မပေးခဲ့ NLD အပေါ်ကိုရော၊ သူ့ပါတီကို လွှတ်တော််မှာ တစ်နေရာလေးတောင်ရအောင် မဲမပေးခဲ့ကြတဲ့ ပြည်သူတွေအပေါ်မှာရော အငြိုးအတေးထားပြီး လူသတ်ကောင် မင်းအောင်လှိုင်နဲ့ပေါင်းလေသလားလို့လည်း စဥ်းစားမိတယ်။

ဆရာတော်နဲ့ နိုင်ငံရေးသမားကြီးတို့ အကြီးအကျယ်ပြောင်းလဲသွားရတဲ့ အကြောင်းအရင်းတွေထဲမှာ အငြိုးအတေးတွေကြောင့်လို့ တစ်ထစ်ချ ပြောလို့မရပေမယ့် အငြိုးအတေးတွေပါဝင်နိုင်တယ်လို့ မောင်လူမွှေး ထင်မြင်မိတယ်။

သူတို့နှစ်ဦးရဲ့ သမိုင်းဟာ ပြန်ပြင်လို့မရတော့ဘူး။ ဒါပေမဲ့ လက်ရှိအချိန် ဘယ်သူ ပါရင် မလုပ်ဘူး၊ ဘယ်အဖွဲ့အစည်းပါရင် မလုပ်ဘူးဆိုတဲ့ အငြိုးအတေးတွေကိုလည်း တော်လှန်ရေးကာလ မှာကြားနေရတယ်။ 

ဒီလို အငြိုးအတေးထားနေကြသူတွေရှိတယ်ဆိုရင် တော်လှန်ရေးကာလမှာ ပြင်ဆင်ဖို့ အချိန်မီ သေးတယ်။ ရှိတဲ့သူတွေ ပြင်ဆင်ကြပါ။ တော်လှန်ရေးမှာ အငြိုးအတေးတွေကို ပယ်ဖျောက်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လက်တွဲဆောင်ရွက်ကြပါလို့ တောကျောင်းဆရာ မောင်လူမွှေး မေတ္တာရပ်ခံ တိုက်တွန်း လိုက်ပါရစေခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar