လင်းလက်နွေဦး - နှင်းပန်းခိုင်မှ ခိုးယူထားတဲ့ စိတ်
လင်းလက်နွေဦး - နှင်းပန်းခိုင်မှ ခိုးယူထားတဲ့ စိတ်
မိုးမခ ၊ ဇူလိုင် ၂၆ ၊ ၂၀၂၅
ကျနော့်ထုံးစံအတိုင်းပေါ့၊ 'သတိမထားမိပါဘူး' ။ ကျနော့် မဟေသီက ပြောတယ်၊ ဝါဆိုပန်းတွေကို ကြည့်မိတယ်။ လွန်ခဲ့တဲ့ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့က ဝါဆိုပန်း ကပ်ခဲ့ပါတယ်။ ဝါဆိုသံဃာတွေ ဝါဆိုခါနီး ပန်းကပ်လှူတယ်ပေါ့။ ဝါဆိုပြီး စုပေါင်းသင်္ဃန်းကပ်၊ တရားနာ၊ ရေစက်ချ။ အဲ... ပြီးတော့ အန္တရာယ်ကင်းအောင်ဆိုပြီး သံဃာတော်တွေဆီ ကပ်ထားတဲ့ ပန်းတွေ ပြန်စွန့်လာတယ်။ တကယ်တော့ အဲဒီဝါဆိုပွဲ ကျင်းပနေချိန်တောင် အန္တရာယ်မကင်းပါဘူး။ အရင့်အရင်နှစ်တွေလို လူမစည်ကားတဲ့အပြင်၊ ရွာထဲ ကျောင်းထဲက ခွေးတွေ ထဟောင်လို့ ထိတ်ထိတ်ပျာပျာ ဖြစ်ကုန်တယ်။ ဆရာတော်ကြီးက ဟန်မပျက် တရားဟောနေပေမယ့်၊ သူ့မျက်စိတွေကလည်း ဂနာငြိမ်လှတယ် မရှိဘူး။ တရားတိုတိုနဲ့ နိဗ္ဗာန် မဂ် ဖိုလ် ရက်တိုတို ရောက်လိုက်ပါတယ်။
ကျောင်းအပြန် လ သာနေပေမယ့်၊ ဦးဇင်းတွေ ပင့်လာ၊ လိုက်ပို့ခိုင်းရလောက်အောင် တရွာလုံးတိတ်ဆိတ် ခြောက်လှန့်နေပါတယ်။ ဦးဇင်းတစ်ပါးက မိန့်တယ် 'ဒုက္ခတွေ ဒုက္ခတွေ ဒကာကြီးတွေ သစ္စာဆိုက်သင့်ပါပြီ'တဲ့။ ဟုတ်ပါ့... ဒုက္ခအဖုံဖုံ တွေ့ကြုံလိုက်ရတာ တရားပေါက်ပြီး ရဟန္တာတောင် ဖြစ်သင့်နေပြီ။
ခုတော့ တရားမပေါက်နိုင်တဲ့အပြင် သွက်သွက်ခါအောင် ရူးမသွားအောင်ဘဲ စိတ်ထိန်းနေရတယ်။ မြတ်စွာဗုဒ္ဓ ဟောခဲ့ပါတယ်၊ ဓမ္မစကြာမှာ 'ဇာတိပိ ဒုက္ခာ၊ ဇရာပိ ဒုက္ခာ၊ ဗျာဓိပိ ဒုက္ခာ...' ဒီအတိုင်း လူတိုင်း သက်ရှိတိုင်း မွေးရာပါဒုက္ခတွေ အများကြီး။ ချဲ့ရင် ချဲ့သလောက် ရမယ့် ဒုက္ခတွေ တလှေကြီး။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တဲ့၊ 'စွဲလမ်းရာဖြစ်တဲ့ ခန္ဓာငါးပါးတို့ဟာ ဆင်းရဲခြင်းပဲ'လို့ ရှင်းပြသွားတယ်။
လူတိုင်း သက်ရှိတိုင်း ခန္ဓာဝန်ကြီးကို ထမ်းထားရတဲ့အပြင် ရောဂါဆိုးတစ်ခုခုများ စွဲကပ်နေရင် သေရော။ ကြွားတာ မဟုတ်ဘူး၊ ကျနော် တနေ့ တနေ့ ဆေး ၁၂ လုံး သောက်နေရတယ်။ ဆေးဖိုးတွေ ဘာတွေ ခဏထားအုံး၊ ထမင်းလွတ် သောက်နေတဲ့ ဆေးတွေဟာ တခုပ်ကြီး။ မန်မန် အချိန်မှန် ဆာတဲ့အချိန် စားနိုင်ဖို့ မလွယ်တဲ့ ခေတ်ကြီးထဲမှာ ဆေး ၁၂ လုံး နေ့တိုင်းသောက်နိုင်ဖို့.....။ ကျနော် မရူးသေးပါဘူး။
ကိုဗစ်ကပ်ကြီးတွေ ဖြတ်ကျော်ခဲ့ရ။ မရူးသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက်၊ လစာအမြဲရနေတဲ့ ဝန်ထမ်းဘဝကနေ စွန့်လွှတ်ခဲ့၊ ရှောင်ရတိမ်းရ၊ ဆေးဖိုး ချေးရ၊ ကုန်မရှိဘဲ ဆိုင်ဖွင့်တယ် အပြောခံရ။ မရူးသေးပါဘူး။
ဆေးဖိုးတွေ ခေါင်ခိုက်။ ဆေးစစ်ခ ခေါင်ခိုက်။ မရူးသေးပါဘူး။
အစိုးရကျောင်း မပို့ချင်လို့၊ ကလေးနှစ်ယောက်ကို ကျူရှင်ပို့ရ။ ကျူရှင်ခ.....။ မရူးသေးပါဘူး။ ဘာလို့ မရူးသေးမှန်း သေချာမသိပါဘူး။ ဒါပေမဲ့ တခါတလေများ သေချင်စိတ်ပေါက်လာတယ်။ အလိုလို ငိုချင်လာတယ်။ ဘာမှန်းမသိဘဲလေ။ အနာဂတ်ကို အဝေးကြီး မပြောနဲ့၊ မနက်ဖြန်တောင် မပိုင်တဲ့ မသေချာမှုကြီးကိုလေ။ ပိုက်ဆံ မရှိပေမယ့် လိုချင်သလောက် အကြွေးပေးတဲ့ သူဌေးတစ်ယောက် ရှိတယ်။ ဘာလဲမသိ၊ သူ့ ကိုယ်မသိ၊ ကိုယ့် သူမသိ၊ ဖုန်းနဲ့ ပစ္စည်း မှာတယ်၊ လိုင်းကားနဲ့ ထည့်ပေးလိုက်တယ်။ အကြွေးတွေ ပေးပါတော့လို့ တခါမှ မတောင်းဖူးဘူး။ အဲလိုလူ။
အဲဒီလို ထူးဆန်းတာ ကိုဗစ်တုန်းကလည်း ကြုံဖူးတယ်။ လိုင်းပေါ်ကနေ ကိုဗစ်လူနာတစ်ယောက်အတွက် အမျိုးသားသူနာပြု ငှားချင်တဲ့အကြောင်း၊ မိမိမှာ ရောဂါအခံရှိလို့ ကြည့်ရှုပေးဖို့ မဖြစ်နိုင်တဲ့အကြောင်း ပို့စ်တင်မိတယ်။ ချက်ချင်းဆိုသလိုပဲ ချက်ဘောက်ကနေ စာပို့လာတယ် 'ခင်ဗျား ကိုဗစ်ကာကွယ်ဆေးထိုးမှ ရမယ်၊ လိပ်စာပေးပါ၊ အခမဲ့ ပို့ပေးမယ်'တဲ့။ ကိုဗစ်ဆေးက အဲတုန်းက တစ်ယောက်စာ သိန်းဆယ်ချီအောင် တန်တယ်။ ဘယ်လို လူပါလိမ့်၊ ကယ်ရီခတောင် မကုန်လိုက်ရဘူး၊ နာမည်တောင် မသိလိုက်ရပါဘူး၊ ကယ်တင်ရှင်တပါးလို ကွယ်ပျောက်သွားတယ်။
ခုလည်း နှစ်ပေါင်းများစွာ ကူညီနေတဲ့ ကျေးဇူးရှင်ကြီး။ သွေးမတော် သားမစပ် ကူညီနေသူ စိတ်မဆင်းရဲစေဖို့ ဈေးဖိုးရတာလေး စုလိုက် ပို့လိုက်၊ ပြန်မှာလိုက်။ သူက ဘယ်လောက်ကောင်းလဲဆိုရင် တခြား လိုချင်တာရှိရင် သူ့မှာ မရှိရင်တောင် ဝယ်ထည့် ပေးတဲ့လူ။ ကိုယ့်အပေါ် ကောင်းတော့ ဈေးလေး ကောင်းကောင်း ရောင်းချင်တာပေါ့။
ဒါပေမဲ့ နယ်တွေက သိတဲ့အတိုင်း တောင်က ပွဲဖြစ်ရင်၊ မြောက်က ဈေးဝယ်မျှော်ရတယ်။ အနောက်မှာ ဖြစ်နေရင် အရှေ့က လူတွေပဲ ဈေးလာရဲတယ်။ တချို့ရက်တွေများ ဈေးသည်တွေချည်းပဲ ရှိတယ်။ တယောက်နဲ့ တယောက် လဲစားနေရတယ်။ နင့်ကြက်ဥလေး ငါ့ခရမ်းချဉ်သီးနဲ့ လဲအုံးမယ်ပေ့ါ။ တချို့ရက်တွေမှာတော့ ဆိုင်တောင် မဖွင့်ရဘူး။ လူတွေကလည်း ဗုံးခိုကျင်းထဲ ဘုရားတနေရတဲ့ ရက်တွေ။
လက်နက်ကြီးတွေက လေးငါးမိုင်လောက်သာ ဝေးတဲ့ မြို့လေးပေါ် လာဆင်သတဲ့။ ဆင်တဲ့နေ့ကများ အစမ်းပစ်ကြည့်တာတဲ့လေ၊ ကျနော်တို့များ ဘုမသိဘမသိ ဗုံးခိုကျင်းထဲ ဆင်းပြေးရတယ်။ ပတ်မကြီးထဲ ထည့်ကြပ်ပြီး အားပါးတရ တီးထည့်လိုက်သလိုမျိုး။ နားပွင့်လုမတက်ပါပဲ။ နောက်ရက်တွေလည်း ကိုယ့်ခေါင်းပေါ် ကျော်ပစ်နေပေမယ့် ဟိန်းသံကြီး ကြားလိုက်ရရင် သွားလက်စ ဆုတ်ဆိုင်းသွားတာမျိုး၊ ကိုင်ထားတာ လွတ်ကျတာမျိုး၊ သတိလက်လွတ် ဖြစ်သွားတာမျိုးတွေ ကြုံကြရတယ်။ ငှက်တွေ ဝုန်းခနဲ ထပျံကုန်ကြ၊ ကျီးတွေ တအအ ထပျံကြပေ့ါ။ ခွေးလေးတွေ ဆောက်တည်ရာမရ ပြေးကြ လွှားကြ၊ ဟောင်ကြ....။
အိမ်ကခွေးလေးဆို တုန်ရီနေရှာတယ်။ သခင်တွေရဲ့ အနားကပ်လို့။ သူ့ကို ပွတ်သပ်ပေးပြီး အားပေးနေရပေမယ့်၊ ကလေးတွေရှေ့ မိန်းမရှေ့မှ ဟန်ဆောင်အားတင်းနေရပေမယ့် ကျနော့် ရင်ဘတ်ထဲမှာလည်း မုန်တိုင်းမွှေနေပါတယ်။ ရက်တွေ လတွေ ကြာပေမယ့် ရိုးအီမသွားတဲ့ အသံတွေပေါ့။ အိတ်ဇောပွင့် ဆိုင်ကယ် ထနှိုးလိုက်ရင်၊ တံခါးဆောင့်ပိတ်လိုက်ရင်ကို ထိတ်လန့် နေမိရဲ့။ အသံကြားရုံနဲ့ နာဖျားသွားနိုင်တဲ့ အစွမ်းတွေပေါ့။
သေချင်စိတ်ပေါက်ပေမယ့် မသေသေးတဲ့ အကြောင်းတွေ ရှိနေပါတယ်။ အဲဒီထဲက အချက်တစ်ခုက ဒီနှင်းပန်းတွေပါပဲ။ ဝါဆိုပန်းတွေ အန္တရာယ်ကင်းအောင် ယူလာတယ်။ အိမ်ဝိုင်းတံခါးတိုင်မှာ ချည်ထားလိုက်တယ်။ သပြေပန်းတွေ၊ နှင်းဆီတွေ၊ ကံ့ကော်တွေ... ညှိုးနွမ်းခြောက်သွေ့ကုန်ပြီ။ နှင်းပန်းတွေ ပွင့်ဆဲ၊ ပန်းခိုင်တွေ လန်းဆဲ။ ကြွေတော့ ကြွေမှာပဲ။ ခြောက်တော့ ခြောက်မှာပဲ။ သဘာဝပဲလေ။
မကြွေခင် မခြောက်ခင် မနွမ်းခင် လန်းနိုင်သမျှ ကြိုးစားပမ်းစား လန်းရဦးမှာ မဟုတ်ပါလား။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar