Breaking News

နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ငတ်မွတ်မှု၊ ရာဇဝတ်မှုနဲ့ မတရားသတ်ဖြတ်မှုတွေ

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂၅ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၆၊ ၂၀၂၅


နိုင်ငံအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့ ငတ်မွတ်မှု၊ ရာဇဝတ်မှုနဲ့ မတရားသတ်ဖြတ်မှုတွေ

မန္တလေးတိုင်း ငါးဇွန်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ဘေးတိမ်းရှောင်နေကြတဲ့ ဒုက္ခသည် ၁ သောင်းကျော် ဆန်ရိက္ခာမလုံလောက်တာကြောင့် အရွက်တွေသာ အားပြုစားနေကြရတယ်ဆိုတဲ့ သတင်းတပုဒ် ထွက်ပေါ်လာပါတယ်။ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးနေတာကြောင့် ညှင်းဆဲနှိပ်စက် သတ်ဖြတ်ခံရမယ့်ဘေးကနေ တိမ်းရှောင်ကာ အနီးအနားကျေးရွာတွေမှာ စစ်ဘေးရှောင်နေရသူတွေ အဖို့ ဆန်၊ အသားငါး မလုံလောက်တာကြောင့် ထမင်းလျှော့စားကာ စိုက်ပျိုးတဲ့ အသီးအရွက်တွေကိုသာ အားပြုစားသောက် နေကြရတယ်လို့ ဆိုပါတယ်။ 

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာလည်း ဖားကန့်ကို ဆက်သွယ်တဲ့ ကားလမ်းတွေ ပိတ်ထားတာကြောင့် ကြက်ဥတလုံး ၂၅၀၀ ကျပ်၊ ထမင်းတပွဲ ၁၃၀၀၀ ကျပ်အထိ စျေးမြင့်တက်နေတယ်လို့ ကချင်ပြည်နယ်က သတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။ ဖားကန့်ကို ဆက်သွယ်ထားတဲ့ အင်းတော်ကြီးလမ်းနဲ့ ကာမိုင်းလမ်း ၂ ခုလုံးကို စစ်ကောင်စီဘက်က ပိတ်ထားတာကြောင့် ဒေသတွင်းမှာ မွေးမြူ ထုတ်လုပ်တာမျိုး မရှိတဲ့ ကြက်သား၊ ငါး၊ ကြက်ဥတွေ အဆမတန်ဈေးတက်လာတာ လို့ဆိုကြပါတယ်။ မကြာသေးတဲ့လ သီတင်းပတ်ကစပြီး စစ်ကောင်စီ အနေနဲ့ ဖားကန့်ဒေသကို အင်အားထောင်ဂဏန်းနဲ့ စစ်ကြောင်းချီလာခဲ့ပြီး ကြီးကြီးမားမား တိုက်ပွဲတွေ ဖြစ်ပွားခြင်း မရှိသေးဘဲ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူတာမျိုးတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။ 

ဖားကန့်ဒေသဟာ ကျောက်စိမ်းတူးဖော်မှုကနေ အခွန်အကောက်အများအပြား ရရှိတဲ့ဒေသ ဖြစ်တာကြောင့် KIA နဲ့ စစ်ကောင်စီ နှစ်ဖက်စလုံးက ထိန်းချုပ်ထားနိုင်ဖို့ ကြိုးစားနေကြကာ၊ ကျောက်စိမ်းရှာဖွေတာ ကျောက်တူးတဲ့ လုပ်ငန်းတွေမှာ အလုပ်လုပ်နေကြတာ စတဲ့အလုပ်အကိုင် အခွင့်အလမ်းတွေကြောင့် စစ်ပွဲအန္တရာယ်၊ စားနပ်ရိက္ခာ ဈေးကြီးမြင့်မှုတွေကြားထဲမှာ ဒေသခံတွေအပြင် အခြားဒေသက သိန်းနဲ့ချီတဲ့ လာရောက်နေထိုင် လုပ်ကိုင်သူတွေရှိနေကြတဲ့ နေရာဖြစ်ပါတယ်။ 

အညာမှာ အစားအသောက် ရိက္ခာအခက်အခဲကြုံနေကြရတဲ့ စစ်ဘေးရှောင်တွေလိုပဲ စစ်ကောင်စီက ကုန်သွယ်မှုလမ်းကြောင်းတွေ ပိတ်ဆို့ထားတဲ့ ဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်မှာလည်း ဒေသအများအပြားမှာ လက်နက်ကိုင် တိုက်ပွဲ မဖြစ်တော့သည့်တိုင် အသက်ရှင်သန်နေထိုင်ဖို့ ရိက္ခာ၊ ဆေးဝါး၊ လောင်စာ စတဲ့ ကုန်စည်ဝင်ရောက်ခြင်း မရှိတော့တာကြောင့် ခက်ခက်ခဲခဲ အသက်ရှင်သန်နေထိုင်နေကြရတဲ့ လူဦးရေ သိန်း၊ သန်းနဲ့ချီရှိနေတာလည်း ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ် တခုလုံးမှာ စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့ ၂ မြို့သာကျန်ရှိပြီး ကျောက်ဖြူနဲ့ စစ်တွေမြို့တို့ဖြစ်ကာ အဆိုပါမြို့တွေအတွက် ကန့်သတ်ထားတဲ့ ပမာဏနဲ့ ရိက္ခာ၊ လောင်စာတွေကို ရခိုင်ပြည်နယ်ပြင်ပကနေ သယ်ဆောင်ခွင့်ပြုပြီး သတ်မှတ်ထားတဲ့ ပမာဏနဲ့ စိစစ်ဖြန့်ချိပေးနေတာ ဖြစ်ပြီး လနဲ့ နှစ်နဲ့ချီ ရိက္ခာ၊ လောင်စာ၊ ဆေးဝါး ဖြတ်တောက်ခံထားရတဲ့ ရခိုင်ပြည်နယ်မှာ ဘယ်လောက် ခက်ခဲကြပ်တည်းနေကြ သလဲဆိုတာ တခြားဒေသက သူတွေ သေချာစွာ မသိရှိနိုင်ကြပါဘူး။ ပိတ်ဆို့ခံထားရတာကြောင့် မတန်တဆဈေးကြီးတဲ့ လောင်စာဆီဈေးနှုန်းကြောင့် လယ်ယာစိုက်ပျိုးရာမှာ နွားတွေကိုသာ အသုံးချနေရတဲ့ အဖြစ်အပျက်တွေ သတင်းဌာနတချို့မှာ ရေးသားဖေါ်ပြလာကြတာ တွေ့ရပါတယ်။ စစ်ကောင်စီ ပိတ်ဆို့ထားတဲ့ ရခိုင်ပြည်နယ်ဘက်ကို ကုန်ပစ္စည်းသယ်ဆောင်တဲ့ ကားတွေကို လာဘ်ငွေယူပြီး ခွင့်ပြုခဲ့တဲ့ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ် အဆင့်ရှိသူအချို့ကို ၄င်းတို့ရဲ့ စစ်တရားရုံးကပဲ ပြီးခဲ့တဲ့ ရက်ပိုင်းက သေဒဏ်၊ တသက်တကျွန်း စသဖြင့် ကြီးလေးတဲ့ ပြစ်ဒဏ်ချခဲ့တဲ့ သတင်းလည်း သတိပြုမိကြပါလိမ့်မယ်။ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကုန်စျေးနှုန်းနဲ့ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့က ကုန်ဈေးနှုန်းတွေ အဆမတန် ကွာဟနေတာကြောင့် လာဘ်ထိုးပြီး သယ်ယူရောင်းချမယ့် ကုန်သည်တွေ လုပ်ငန်းရှင်တွေလည်း ရှိနေတာ ဒီသတင်းက ဖေါ်ပြနေတာ တွေ့ရမှာဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ အသက်ရှင်နေထိုင်ရတာ ခက်ခဲလွန်းတာ၊ စစ်ကောင်စီက ၄င်းတို့ထိန်းချုပ်နယ်မြေတွေမှာ အတင်းအကြပ် စစ်မှုထမ်းစုဆောင်းသလိုပဲ  AA ဘက်ကလည်း စစ်မှုမထမ်းမနေရ အမိန့်တွေကြောင့် ရခိုင်ရိုးမကို ခြေကျင်ဖြတ်ကျော်ပြီး ပဲခူးတိုင်း၊ မကွေးတိုင်းတွေဘက် ခိုးထွက်လာကြသူတွေလည်း မနည်းတာ သတင်းဖေါ်ပြမှုတချို့အရ ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

စစ်မှုထမ်း ဆင့်ခေါ်ခံရမယ့် အဖြစ်ကနေ တိမ်းရှောင်ကြတဲ့ ရွေးချယ်မှုက ပြည်သူလူထုရဲ့ ရွေးချယ်ပိုင်ခွင့်တခု လည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဘက်က ၄င်းတို့ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေမှာ မဲနှိုက်တဲ့ နည်းလမ်းသာမက အချိန်နဲ့နေရာကိုကြည့်ပြီး လမ်းသွားလမ်းလာတွေထဲက လူငယ်တွေကို အဓမ္မဆွဲခေါ် ကာ စစ်ထဲထည့်သွင်းသလိုပဲ အချို့သော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကလည်း အရေးပေါ်ကာလ အနေအထားကြေညာကာ အိမ်ထောင်စုတိုင်း စစ်မှုမထမ်းမနေရ အမိန့်တွေနဲ့ စစ်သည်စုဆောင်းနေကြတာ ဖြစ်ပါတယ်။ 

စစ်မှုမထမ်းမနေရ အမိန့်၊ ဥပဒေတွေကြောင့် မိမိတို့ရဲ့ အလုပ်အကိုင် အသက်မွေးဝမ်းကြောင်းတွေ စွန့်လွှတ်ပြီး အခြား နေရာဒေသနဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းတိမ်းရှောင်နေထိုင်ကြတာလည်း ဒီနေ့မြန်မာနိုင်ငံရဲ့ ပုံရိပ် တခုဖြစ်နေတာပါ။ 

စစ်ဘေး၊ စစ်မှုထမ်း ဆင့်ခေါ်တဲ့ဘေးတွေကနေ လွတ်အောင် နယ်မြို့တွေနဲ့ မြို့ကြီးတွေမှာ လာရောက်ခိုလှုံနေကြ သူတွေအဖို့လည်း မြို့တွေက အပြည့်အဝ အေးချမ်းလုံခြုံနေကြတာတော့ မဟုတ်ပါဘူး။ မြင့်တက်လာနေတဲ့ နေစရာအိမ်ငှားခ ဈေးနှုန်းတွေ၊ မြင့်တက်လာတဲ့ ရာဇဝတ်မှုတွေနဲ့ မြို့ပေါ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်တွေကိုလည်း သတိကြီးစွာထားပြီး အသက်ရှင်နေထိုင်ကြရတဲ့ သဘောဖြစ်ပါတယ်။ 

ခုသီတင်းပတ်တွေ အတွင်း ရွှေဆိုင်ဓါးပြတိုက်မှုသတင်းတွေ တခုမကကြားသိရပါတယ်။ မုဒုံမြို့လယ်က ရွှေဆိုင်တဆိုင်ကို လက်နက်နဲ့ ဓါးပြဝင်တိုက်ရာမှာ ရွှေဆိုင်ပိုင်ရှင် ဖြစ်သူ သေဆုံးပြီး သူ့သမီးဖြစ်သူလည်း ပြင်းထန်တဲ့ဒဏ်ရာ ရရှိခဲ့တဲ့ သတင်းဖတ်ရှုခဲ့ကြရပါတယ်။ မုဒုံမြို့ဟာ လက်နက်ကိုင် တိုက်ပွဲတွေနဲ့ ဒိလောက် နီးနီးစပ်စပ် ဒေသတခုမဟုတ်ပေမယ့်လည်း မြန်မာနိုင်ငံတနိုင်ငံလုံးနီးပါး တရားဥပဒေ စိုးမိုးမှုမရှိတော့တဲ့ အခြေအနေ၊ လက်နက်တွေ အလွယ်တကူ လက်ဝယ်ရရှိနိုင်တဲ့ အနေအထား၊ ရာဇဝတ်မှုကျူးလွန်ပြီးနောက် ထိန်းချုပ်နယ်မြေ တခုကနေ အခြားထိန်းချုပ်နယ်မြေ တခုကို လျင်လျင်မြန်မြန် ကူးပြောင်းရောက်ရှိနိုင်တဲ့ အခြေအနေတွေက ရာဇဝတ်မှုတွေကျူးလွန်ဖို့ တွန်းအားဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။ 

လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့လယ်လို့ ဆိုနိုင်တဲ့နေရာမှာလည်း ရွှေဆိုင်တဆိုင်ကို လက်နက်နဲ့ ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ တပ်ဖွဲ့တွေနဲ့ ဓါးပြတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။ မန္တလေး၊ မုံရွာ တို့လိုမြို့တွေမှာ ရွှေဆိုင် ဖုန်းဆိုင် ဓါးပြတိုက်မှုတွေ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မကြာခဏ ဖြစ်ပွားနေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓါးပြမှု ဖြစ်ပွားတဲ့အခါ သေနတ်နဲ့ ခြိမ်းခြောက်ရုံ အဆင့် အနေအထားမဟုတ်တော့ဘဲ ပစ်ခတ် သတ်ဖြတ်တဲ့အထိ ဖြစ်ပွားလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ ရွှေဆိုင်၊ ဖုန်းဆိုင်၊ ဘဏ်တွေကို ဓါးပြတိုက်တာတင် မက လူနေအိမ်တွေအထိ ပစ္စည်းယူ ဓားပြတိုက်ရာမှာ မိသားစုတစုလုံး သတ်ဖြတ်ခံရတဲ့ အဖြစ်တွေလည်း မြို့ကြီးတွေမှာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ စစ်ကောင်စီ ရုံးစိုက်တဲ့ နေပြည်တော်လိုမြို့မှာပင်လျှင် ပစ္စည်းယူ လူသတ်မှုတွေ မကြာမကြာ ဖြစ်ပွားနေတာတွေ့ကြရပါတယ်။ 

မြို့တွေမှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုတွေ၊ လက်နက်ကိုင်တိုက်ပွဲ ဖြစ်ပွားတဲ့နေရာဒေသတွေမှာ ဖြစ်ပွားတဲ့ စွပ်စွဲသတ်ဖြတ်မှုတွေ၊ ပိတ်ဆို့ဖြတ်တောက်မှုတွေအကြား လူထုအနေနဲ့ အသက်ရှင်သန်အောင် နေထိုင်ဖို့ ခက်ခဲလွန်းတာတွေ့ ကြရမှာပါ။ အခက်ခဲဆုံး အခြေအနေတွေမှာ ရောက်ရှိနေကြသူတွေကတော့ လက်နက်ကိုင် တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ မိမိတို့နေအိမ်မှာ နေထိုင်နိုင်ခြင်းမရှိဘဲ တောထဲ တောင်ထဲ၊ တခြားမြို့ရွာတွေမှာ ခိုလှုံနေရင်း လေကြောင်းတိုက်ခိုက်မှုအန္တရာယ်က လွတ်ကင်းဖို့၊ တနေ့တနေ့ စားသောက်ဖို့ ရိက္ခာ ရရှိရေးအတွက် လုံးပန်းနေကြရတဲ့ လူထုတွေဖြစ်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar