Breaking News

မောင်လူမွှေး - ဖြတ်စား လျှပ်စား လုပ်ရက်ကြသူတွေ

မောင်လူမွှေး - ဖြတ်စား လျှပ်စား လုပ်ရက်ကြသူတွေ

မိုးမခ ၊ ဇူလိုင် ၁၉ ၊ ၂၀၂၅


စစ်တပ်က ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခါစအချိန်က စစ်ရှောင်ကူညီရေးဆိုတာ မန္တလေးငလျင် ကယ်ဆယ်ကူညီရေးလိုပဲ ပေါ်ပင်ဖြစ်ခဲ့တယ်။ အရပ်စကားနဲ့ပြောရရင် စစ်ရှောင်ကူညီရေး ခေတ်ထခဲ့တယ်ပေါ့။ ခုအချိန်တွေ ကြာလာတာနဲ့အမျှ စစ်ရှောင်ကူညီရေးတွေလည်း နည်းပါးလာပြီး စစ်ရှောင်ပြည်သူတွေဟာ ပိုခက်ခဲလာကြတယ်။ ခက်ခဲလာရတဲ့ အကြောင်းအရင်းတွေထဲမှာ စစ်ရှောင်တွေကို ကူညီတဲ့ အလှူရှင်တွေ နည်းပါးလာတာဟာ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပြီး အရေးကြီးတဲ့ အခြားအကြောင်းအရာတွေလည်း ရှိနေတာကို  တွေ့ရတယ်။

စစ်ရှောင်ကူညီရေးမှာ စေတနာသန့်သန့်နဲ့ လုပ်ဆောင်ခဲ့ကြတဲ့လူတွေရှိသလို ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ခဲ့ကြတဲ့သူတွေလည်း ရှိတယ်။ ငွေကြေးအတွက်၊ ကိုယ့်နာမည်အတွက်၊ ကိုယ့်သြဇာအာဏာ၊ ကိုယ့်အဖွဲ့အစည်း စတာတွေ အတွက် စစ်ရှောင်ကူညီရေးလုပ်ကြသူတွေဟာ ကိုယ့်ကိုယ်ကျိူးစီးပွားအတွက် လုပ်ကြသူတွေဖြစ်ပါတယ်။ နှစ်ပိုင်းကြာလာတော့ ဒီလိုလူတွေဟာ ဘယ်လိုလူတွေဆိုတာ စစ်ရှောင်ပြည်သူတွေက သိလာကြပါတယ်။

စစ်ရှောင်စခန်းအတွက် အကူအညီခပ်ကြီးကြီးတစ်ခုရရင် ကိုယ့်အဖွဲ့အစည်းအတွက်ဆိုပြီး အချိန်ကိုက်အလှူခံတာမျိုးဟာလည်း မလုပ်သင့်တဲ့ အရာဖြစ်တယ်။ စစ်ရှောင်ပြည်သူတွေဟာ သီးနှံပေါ်လို့ အကျိုးအမြတ်ရတာ မဟုတ်ဘူး။ အလှူရှင်ရှိတဲ့အခါမို့ ရတာဖြစ်တယ်။ နောက်ဘယ်အချိန်မှ ပြန်ရမယ်မှန်း ဘယ်သူမှ မသိသလို ဒီဆန်၊ ဒီဆီ ကုန်ရင် နောက်ထပ်ရမယ်လို့ ဘယ်သူမှအာမ မခံနိုင်ပါဘူး။

ကိုယ် ပေးကျွေးထားတဲ့ စစ်ရှောင်စခန်းက လူတွေပဲဆိုပြီး စစ်ရှောင်စခန်းက ပြည်သူတွေကို ကိုယ်ခိုင်းချင်တာ ခေါ်ခိုင်းတာမျိုးဟာလည်း မလုပ်သင့်တဲ့ ကိစ္စ ဖြစ်တယ်။ တကယ်တော့ စစ်ရှောင်စခန်းကလူတွေ အဆင်ပြေအောင် ကိုယ်ကတဆင့်ခံ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးရာကနေ အလှူရှင်ကြီးအဖြစ် အထင်ရောက်သွားတာဖြစ်တယ်။ 

နောက်အမျိုးအစားတစ်ခုကတော့ ပြန်စာမလာတဲ့ သူတွေ ဖြစ်တယ်။ ခုခေတ်အသုံးနဲ့ ဆို Reply မပြန်တဲ့သူတွေ ဖြစ်တယ်။ စစ်ရှောင်စခန်းအတွက် တစ်အိမ် ဘယ်လောက်ရမှာဆိုပြီး ပြောဆိုကြ၊ ဆွေးနွေးကြပြီးမှ ဘာအကြောင်းမှ မပြန်ကြတဲ့သူတွေ ဖြစ်တယ်။ သူတို့ တင်ထားတဲ့ အဖွဲ့အစည်းက လှူဒါန်းမပေးနိုင်တော့တာလား သူတို့ကိုယ်တိုင်က ရရှိပါရက်နဲ့ ကိုယ်ကျိုးအတွက် သုံးတာလားဆိုတာ သူတို့ကိုယ်တိုင်ပဲ သိကြမှာဖြစ်တယ်။

နောက်တစ်မျိုးကတော့  လူရှုပ်တွေ ဖြစ်တယ်။ ကိုယ်ကိုယ်တိုင်က  စိတ်စေတနာ၊ ပညာဗဟုသုတ၊ စည်ကမ်း ဘာမှ မရှိဘဲနှင့် အများအကျိုး ဇွတ်ဆောင်ချင်ကြသူတွေ ဖြစ်တယ်။ ဒီလိုလူမျိုးတွေ အများစုကတော့ စာရင်းဇယားမနိုင်တာ၊ စနစ်မရှိတာကြောင့် မြန်မြန် ဘေးကိုရောက်ကြတာ များပါတယ်။

သူတို့ကို ကူညီခဲ့တဲ့ လူတွေဟာ ဘယ်လိုလူတွေဆိုတာ စစ်ရှောင်ပြည်သူအများစုက သိကြပါတယ်။ ဒီလိုလူတွေဟာ ဘေးကို ရောက်သွားကြတာလည်း ရှိသလို ရာထူး၊ တာဝန် စတဲ့ အရေခြုံထားတဲ့သူတွေ ဆိုရင်တော့ ထဲထဲဝင်ဝင် ပါဝင်နေဦးမှာပဲလို့ မောင်လူမွှေး တွေးမိပါတယ်။ သူတို့တွေကိုတော့ စစ်ရှောင်ပြည်သူတွေဟာ သူတို့ နေရပ်မပြန်နိုင်သေးသ၍ ကြိုးစားပြုံးပြ၊ ဆက်ဆံကြရဦးမှာကိုလည်း မြင်ယောင်မိပါတယ်။ ဒါပေမဲ့ နောင်တစ်ချိန်မှာတော့ စစ်ရှောင်ပြည်သူတွေရဲ့ နှုတ်ဖျားမှာ သူတို့ရဲ့ သမိုင်းကြောင်းဟာ ဘယ်ကောင်းနိုင်ပါတော့မလဲ။ 

လောကမှာ ကိုယ့်အကျိုးစီးပွားကို ရှာဖွေလို့ရတဲ့ နေရာများစွာရှိပါတယ်။ ဒီအထဲကမှ ဒုက္ခရောက်နေတဲ့ စစ်ရှောင်ပြည်သူတွေအပေါ်မှာ အညွန့်ခူးပြီးမှ ရှာဖွေရယူတာမျိုးကတော့ အင်မတန်အောက်တန်းကျတယ်လို့ပဲ မောင်လူမွှေး ယုံကြည်လက်ခံထားတယ်။ စစ်ရှောင်တွေကို ကူညီတဲ့နေရာမှာ မေတ္တာနဲ့ ပညာကို အခြေခံပြီး လူသားဆန်မှုနဲ့သာ ကူညီကြဖို့ သိပ်ကို အရေးကြီးပါတယ်။

ဖြတ်စားလျှပ်စား လုပ်ရက်ကြတဲ့ လူတွေကြောင့် စစ်ရှောင်ပြည်သူအချို့ ဒုက္ခရောက်ကြရပုံတွေကို တင်ပြပြီးတဲ့နောက်  တချို့စစ်ရှောင်စခန်းက ပြည်သူတွေ ခက်ခဲတဲ့ အကြောင်းအရင်းတွေထဲမှာ အဲဒီစခန်းက စစ်ရှောင်ပြည်သူတွေရဲ့အနေအထိုင်၊ အပြုအမူ၊ လောင်လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်တယ်ဆိုရင် ဘယ်လို သဘောထားကြမလဲ။ နောက်ဆောင်းပါးမှာ ဆက်လက်တင်ပြပါမယ် ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar