အာဇာနည်နေ့ နဲ့ အာဇာနည် အဓိပ္ပာယ်ဖွင့်ဆိုမှု
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၁၉ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၂၅
အာဇာနည်နေ့ နဲ့ အာဇာနည် အဓိပ္ပာယ်ဖွင့်ဆိုမှု
၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံ ဗြိတိသျှကိုလိုနီလက်အောက်တွင် ရှိနေဆဲ ဗြိတိသျှအင်ပိုင်ယာက ခန့်အပ်ထားသည့် ဘုရင်ခံ ရှိနေသည့် ကာလတွင် တပ်မတော်မှ ထွက်ပြီးနိုင်ငံရေး သမားအဖြစ် အစိုးရအဖွဲ့တွင် အခြားသော လွတ်လပ်ရေးကြိုးပမ်းသူ ခေါင်းဆောင်များ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသော ဝန်ကြီးများပါဝင်သည့် အစည်းအဝေးတွင် ဂဠုန်ဦးစော ခိုင်းစေသည့် လက်မရွံ့ အဖွဲ့များက ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့သည်။ ထိုသို့ နိုင်ငံလွတ်လပ်ရေး ရလုနီးကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံကို တည်ဆောက်ကြမည့် ခေါင်းဆောင် အများအပြား ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်ရပ်ဖြစ်ပွားသည့်နေ့ကို အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့ကြသည်။ ထို လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုတွင် အသက်သေဆုံးခဲ့ကြရသည့် သူအားလုံးကို အာဇာနည်အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ကြသည်။
အာဇာနည်နေ့ကို နိုင်ငံ၏ ရုံးပိတ်ရက်နေ့ အဖြစ်သတ်မှတ်ကာ နှစ်စဥ်နှစ်တိုင်း အာဇာနည်နေ့ ဖြစ်ပေါ်လာတဲ့ အကြောင်းနောက်ခံ၊ သမိုင်းသင်ခန်းစာ စသည်တို့ကို လူငယ်ကျောင်းသားများ သိရှိစေရန် စာသင်ကျောင်းများတွင် ဟောပြောခဲ့ကြသည်။
အာဇာနည် အခေါ်အဝေါ်က ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ တွင် လုပ်ကြံသတ်ဖြတ်ခံရသည့် လွတ်လပ်ရေး ကြိုးပမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့ကြသည့် အဖြစ်အပျက်တွက်သာမက ပဲ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတလျှောက် လွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ရင်း အသက်သေဆုံးရသည် အထိ ဆောင်ရွက်ခဲ့သူတွေကိုလည်း အာဇာနည် အဖြစ်သတ်မှတ် ခေါ်ဆိုကြတာတွေ့ရမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် လွတ်လပ်ရေး ကြိုးပမ်းမှုအစောပိုင်းကာလတွေမှာ ကိုလိုနီအစိုးရကို ဆန့်ကျင် အာခံခဲ့ကြတဲ့ ဦးဥတ္တမ၊ ဦးဝိစာရ တို့ဟာ ဗြိတိသျှကိုလိုနီ အုပ်ချုပ်မှုမှ လွတ်လပ်ဖို့အတွက် အမျိုးသားလွတ်မြောက်ရေး အာဇာနည်တွေ အဖြစ် အသိအမှတ်ပြုခဲ့ကြပါတယ်။ အဲဒီနောက် ၁၃၀၀ ရာပြည့် အရေးတော်ပုံကာလ မန္တလေးမြို့မှာ စီတန်းလှည့်လည်ဆန္ဒပြကြတဲ့ လူထုနဲ့ ရဟန်းသံဃာကို ဗြိတိသျှကိုလိုနီလုံခြုံရေးတွေက ပစ်ခတ်လို့ ၁၇ ဦး အသက်ဆုံးရှုံးခဲ့ကြရပြီး အဆိုပါ ၁၇ ဦးကို အာဇာနည် ၁၇ ဦး အဖြစ် သမိုင်းမှာ သတ်မှတ် မှတ်တမ်းတင် ခဲ့ကြပါတယ်။
ဇူလိုင် ၁၉ ရက်နေ့ကို အာဇာနည်နေ့ အဖြစ်သတ်မှတ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အောက်မေ့ဘွယ် နေ့တနေ့ အဖြစ် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ ပြည်ထောင်စု နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့က အခြားသော တိုင်းရင်းသားလူမျိုးတွေမှာလည်း ၄င်းတို့ လူမျိုး လွတ်မြောက်ရေး အတွက် အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်တွေလည်း အသီးသီး ရှိကြတာဖြစ်ပြီး အချို့တိုင်းရင်းသား လူမျိုးတွေအနေနဲ့ ၄င်းတို့ အလေးအမြတ်ထားတဲ့ အာဇာနည်နေ့ရယ်လို့ ရှိကြတာလည်း ဖြစ်ပါတယ်။
သာဓက တခုအနေနဲ့ ပြရမယ်ဆိုရင် ၁၉၄၈ ခုနှစ် နယ်ချဲ့ဗြိတိသျှထံမှ လွတ်လပ်ရေးရပြီးနောက် မကြာခင်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ကရင်လူမျိုးတွေရဲ့ အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ နယ်ချဲ့လက်အောက်က မလွတ်မြောက်ခင်ကတည်းက ကရင်လူမျိုးအရေး ကိစ္စများမှာ ဦးဆောင်လှုပ်ရှားခဲ့သူ၊ ၁၉၄၉ ခုနှစ် ဖဆပလ နဲ့ ဆွေးနွေးမှုမအောင်မြင်တဲ့နောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ ကရင့်တော်လှန်ရေးကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဖဆပလ နဲ့ ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ တို့အကြား ဖြစ်ပွားတဲ့ ပြည်တွင်းစစ် အစပိုင်း ၁၉၅၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကရင်ပြည်နယ် ထော့ကိုကိုးဒေသတွင် စောဘဦးကြီး ရောက်နေကြောင်း သတင်းအရ ဖဆပလ အစိုးရ၏ တပ်ခွဲက အလစ်အငိုက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့ရသည်။ အဆိုပါ စောဘဦးကြီး ကျဆုံးသည့်နေ့ကို ကရင့်အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ ယခုထက်တိုင် ကျင်းပလျှက်ရှိသည်။
အဆိုပါ အဖြစ်အပျက်ကဲ့သို့ အခြားသော တိုင်းရင်းသားလူမျိုးများတွင်လည်း ၄င်းတို့အမျိုးသား အာဇာနည် သတ်မှတ်မှုများ ရှိကောင်းရှိနေမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်ကြရာမှာ ဗမာလူမျိုးကြီးဝါဒဖြင့် အခြားသော တိုင်းရင်းသားများပါ ဗမာ့နိုင်ငံရေး ဖြစ်စဥ်သမိုင်းမှ အာဇာနည်နေ့ကိုသာ အလေးအမြတ်ပြုဖို့ တိုက်တွန်း ဖိအားပေးလို့ မရသည့် အချက်ကိုနားလည်သဘောပေါက်ဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။
ဗမာလူမျိုးကြီးဝါဒရဲ့ လောင်းရိပ်အောက်မှာ ခေတ်အဆက်ဆက် သမိုင်းတွေကို သင်ယူနားလည်ခဲ့ကြတာကြောင့် အခုလို တော်လှန်ရေးကာလမှာ မြန်မာ့သမိုင်းကို ဖက်ဒရယ်ရှုထောင့်က ပြန်လည်ချဥ်းကပ်ကြဖို့ နားလည်ကြဖို့လည်း အရေးကြီးတယ်လို့ ထင်မြင်မိပါတယ်။
မြန်မာ့အာဇာနည်နည်းတူ လူမျိုးအသီးသီးမှာလည်း အာဇာနည်တွေ ရှိကြတဲ့ အနေအထားကို နားလည်ကြဖို့က အခုလို အချိန်အခါမှာ လိုအပ်လာပြီလို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar