ခေါင်းကြီး - နွေဦးခုံရုံး
ခေါင်းကြီး - နွေဦးခုံရုံး
မိုးမခ ၊ ဇူလိုင် ၂၇ ၊ ၂၀၂၅
*(၁၉၃၈)ခုနှစ် (၁၃၀၀) ပြည့်အရေးတော်ပုံ...
*(၁၉၈၈) ခုနှစ် ရှစ်လေးလုံး (၁၃၅၀) ပြည့်အရေးတော်ပုံ...
*(၂၀၀၇) ခုနှစ် ရွှေဝါရောင်တော်လှန်ရေး...
*(၂၀၂၁) ခုနှစ် နွေဦးတော်လှန်ရေး...။
*သမိုင်းအဆက်ဆက်မှာ...
တိုင်းပြည်ပျက်ရလောက်အောင်...
မမြင်ရက် မနှစ်သက်စရာ အဖြစ်အပျက်များစွာကို...
ရက်ရက်စက်စက် လုပ်ရက်ခဲ့ကြ...
အခုထိ လုပ်ရက်နေကြဆဲသူတွေရဲ့...
မသမာတဲ့ ရာဇဝတ်မှုအမိုက်အမဲတွေထဲမှာ...
စိတ်ပါလက်ပါ ကိုယ်တိုင်လည်း တိုက်ရိုက်ပါဝင်နေပြီလား?
ဒါမှမဟုတ် မသိလိုက်မသိဘာသာပင်...
မပါချင် ပါချင်နဲ့ သွယ်ဝိုက်ပါဝင်သွားခဲ့ပြီလား?
*ရာဇဝင်အဆက်ဆက်မှာ...
စာတင်သွေးပျက်လောက်စရာ...
အပြစ်မဲ့ဘဝ အိပ်မက်ပေါင်းများစွာ...
အကောင်းချည်းတွေကနေ ထောင်းထောင်းကြေပျက်စီးခဲ့ကြ...
အခုထိ နင်းခြေဖျက်ဆီးခံနေကြရဆဲသူတွေရဲ့...
ငရဲတွင်းပမာ အကြောင်းခြင်းရာများကို...
ကိုယ်ချင်းစာတရားခေါင်းပါးစွာနဲ့...
နှလုံးသားမှာ မခံစားမသိနိုင်ကြတော့တာလား?
ဒါမှမဟုတ် တမင်တကာများ...
မသိချင်ယောင်ဆောင်နေကြတာလား?
*ခေတ်ကာလအဆက်ဆက်မှာ...
ဘယ်လိုမှ မပစ်ရက်နိုင်စရာ...
မျိုးဆက်သစ်ရတနာ အသက်ပေါင်းများစွာ...
ရက်ရက်ရောရောနဲ့ မမက်မောဘဲ နှင်းဆက်ခဲ့ကြ...
အခုထိ နှင်းဆက်နေကြဆဲသူတွေရဲ့...
ရဲရဲတောက်မျက်နှာတွေကို...
မထောက်မညှာ အတ္တ၊မောဟကြီးလွန်းစွာနဲ့...
မီးထွန်းကြည့်သည့်တိုင် မမြင်နိုင်ကြတော့တာလား?
ဒါမှမဟုတ် တမင်တကာပင်...
မမြင်ချင်ယောင်ဆောင်နေကြတာလား?
*စနစ်ဆိုးအဆက်ဆက်မှာ...
အလွန်နှစ်သက်မြတ်နိုးဖွယ်ရာ ...
တန်ဖိုးကြီး ခန္ဓာကိုယ်အစိတ်အပိုင်းများစွာ...
လိုလိုလားလားနဲ့ အပိုမကြွားဘဲ ပေးဆပ်သွားခဲ့ကြ...
အခုထိ ပေးဆပ်ထားနေကြဆဲသူတွေရဲ့...
မာန်ပါပါစကားသံတွေကို...
အမှန်တကယ် ကရုဏာတရားကင်းမဲ့စွာနဲ့...
လားလားမျှမဆိုင် မကြားနိုင်ကြတော့တာလား?
ဒါမှမဟုတ် တမင်တကာတောင်...
မကြားချင်ယောင်ဆောင်နေကြတာလား?
*လူမဟုတ်တဲ့ လူ့တိရစ္ဆာန်တွေကိုတော့...
အချိန်ကုန်ခံပြီး ဘယ်တော့မှ ဖျောင်းဖျလို့လည်းမရ...
လောဘမီးတွေကများ ဒေါသအမှားတွေလည်းဝန်မခံ...
နောင်တတရားဆိုတာလည်း တစ်ခါမှမကျန်...
အသိတရားအမှန်ကနေ အမြဲတစေလွတ်ကင်းလျက်...
စဉ်လာမပျက် ဆက်ပြီးမိုက်တွင်းနက်နေကြဆဲ...
အဝီစိငရဲကိုသာသွားကြမှာ တကယ်ပဲသေချာလှတာမို့...
ဘာဆိုဘာမှ ပြောနေစရာမလိုတော့လို့...
ခွေးသားရေပုရပိုက်မှာ အချိန်ကိုက်ပြီး...
ပြစ်မှုကြီးများအလိုက် စာရင်းပြုစုရေးသား...
မျဉ်းပိတ်မှတ်တမ်းတင်ထားလိုက်ပြီးဖြစ်ပေမဲ့...။
*စံပြအမှန်တရား ဓမ္မဘက်တော်သားကြီးများလိုလို...
ဟန်ပြအကြံသမား သီလဖက်ပျော်သမားကြီးများလိုလို...
နိုင်ငံရေးကို စိတ်မဝင်စား ကြားနေနိုင်ငံကြီးသားများလိုလို...
ဘာသာရေးကိုသာ အာရုံထား သူတော်ကောင်းကြီးများလိုလို...
ကိုယ်လုပ်မှ ကိုယ်စား ရိုးသားကြိုးစား စီးပွားရေးသမားကြီးများလိုလို...
ဟိုလိုလို ဒီလိုလို ငါနဲ့မဆိုင်သလို နေနိုင်ပြန်တဲ့...
ခံယူချက်တွေ မမှန်ကန် ဆရာကြီးများဟန်ပန်နဲ့...
အမည်ခံမြန်မာနိုင်ငံသားတွေ...။
*ဝေဖန်လေကန်သံတွေ ဆူညံ မူရင်းသန္ဓေမမှန်တဲ့...
ရောင်တော်ပြန် တော်လှန်ရေးသမားကြီးတွေ...
ဟန်ပါပါညာဝါးဖြီးဖြန်း ဆီးသီးဗန်းတွေ သိန်းသန်းကုဋေတွေးထားကြမဲ့...
အမြဲတမ်းကဝေ ငြိမ်းချမ်းရေးပွဲစားကြီးတွေ...
စားဖားတွေ မျက်နှာစုံညီစုရုံး ပွဲလန့်တုန်းဖျာအမီခင်းကြတဲ့...
ခါတော်မီ နိုင်ငံရေးသမားကြီးတွေ...
စီးပွားဥစ္စာတိုးတက် ခေတ်ပျက်မှာ လက်ခမောင်းခတ် အားရနေကြတဲ့...
လူရည်လည်ပညာတတ် တောကြောင်ပါးကြီးတွေ...
စည်းကမ်းကျင့်ဝတ်တွေရွတ်ပြ ဇွတ်ဖြူစင်တဲ့စိတ်ထားနဲ့ မျက်ရည်ချူပြစားနေကြတဲ့...
မုချအဖြူရောင်ပညာရှင် ဆရာသမားကြီးတွေ...။
*စသည် စသည်ဖြင့်...
ဉာဏ်မီသမျှ အကုန်အစင်...
အမျိုးအမည်စုံလင်စွာရေးထားတဲ့...
အခွင့်အရေးသမား ရေပေါ်ဆီလူတန်းစားများစွာအပြင်...။
*ပြည်ထောင်စုတိုင်းရင်းသား ညီနောင်သွေးချင်းတွေကြားမှာ...
အချင်းချင်းသပ်လျှိုသွေးခွဲ သွေးကွဲအားနည်းစေရန်ကြံ...
အချိန်တန်လည်း အိမ်မပြန်နိုင်အောင်...
ကလိမ်ဉာဏ်များစွာနဲ့ မရိုးမသားအကွက်ဖော်စားပြီး...
ကွက်ကျော်ကစားနေတဲ့သူတွေ အားလုံး(အားလုံး)ကို...။
*ပြတ်ပြတ်သားသားနဲ့ အတည်ပြောချင်နေတာက...
ကြည်လင်ပြေပြစ်တဲ့ ကြေးမုံပြင်မှန်တစ်ချပ်ရှေ့မှာ...
အပြန်ပြန်အလှန်လှန် ထပ်ခါထပ်ခါမရွှေ့...
ဂုဏ်သိက္ခာအပြည့် လုံခြုံတဲ့လိပ်ပြာမမေ့ဘဲ...
ကိုယ့်မျက်နှာကိုယ် စေ့စေ့ကြည့်လျက်...
မကွယ်မဝှက် မရှက်စတမ်း မေးလိုက်စမ်းပါ...
ငါဟာ လူလား? တိရစ္ဆာန်လား?
ဒါမှမဟုတ် လူ့တိရစ္ဆာန်လား?
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar