အမည်ခံယာယီသမ္မတဟောင်း မြင့်ဆွေ ကွယ်လွန်ခြင်းနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အစိတ်အပိုင်းတွေ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၇ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၈၊ ၂၀၂၅
အမည်ခံယာယီသမ္မတဟောင်း မြင့်ဆွေ ကွယ်လွန်ခြင်းနဲ့ စစ်အာဏာရှင်စနစ်ရဲ့ အစိတ်အပိုင်းတွေ
အသက် ၇၄ နှစ် သက်တမ်းရှိတဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး နဲ့ ယာယီသမ္မတဟောင်း မြင့်ဆွေ နာတာရှည်ရောဂါနဲ့ ကြာသာပတေးနေ့ နံနက်ပိုင်းက နေပြည်တော် စစ်ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။ သူဟာ ၁၉၉၀ ကျော် ခုနှစ်တွေက စစ်အစိုးရ ခေါင်းဆောင်ဖြစ်တဲ့ သန်းရွှေရဲ့ သစ္စာရှိတဲ့ စစ်အရာရှိ တဦးဖြစ်ပြီး အမိန့်နာခံသူ၊ မြန်မာနိုင်ငံက စစ်ဗိုလ်ချုပ်အများစုလိုပဲ စစ်ဗိုလ်ချုပ်တွေ ဖြစ်လာချိန်မှာ မိမိတို့ကိုယ်ပိုင်စီးပွားအတွက် ရသမျှသော အခွင့်အရေးတွေ ယူခဲ့သူ၊ လုပ်ပိုင်ခွင့်နဲ့ ငွေကြေးလဲယူပြီး စုမိဆောင်းမိအောင် စုဆောင်းရယူခဲ့တဲ့ စစ်အရာရှိတဦးဖြစ်ပါတယ်။ နိုင်ငံကောင်းစားရေး၊ တိုးတက်ရေး၊ နိုင်ငံရေး အယူဝါဒ၊ ယုံကြည်မှုတွေ ဘာမှ မည်မည်ရရ မရှိသူ အထက်မှာ တပ်က အမိန့်ပေးမယ့်သူ၊ တပ်မှာ သူ့ထက် အာဏာရှိသူက ခိုင်းတာအားလုံး လုပ်မယ့်သူ တဦးသာ ဖြစ်ပါတယ်။
၁၉၉၀ ကျော်ကာလက သူ့နဲ့ အလုပ်ကိစ္စနဲ့ပတ်သက်လို့ ထိတွေ့ခဲ့ဖူးသူ အရပ်ဘက်ဌာနက ပြည်ထောင်စုအဆင့် အရာရှိကြီး တဦးက အလွတ်သဘောပြောပြရာမှာ အဲဒီကာလက စစ်ရုံးမှာ ဗိုလ်မှူး အဆင့်နဲ့ တာဝန်ထမ်းဆောင်နေပြီး စစ်ခေါင်းဆောင် သန်းရွှေက စေခိုင်းတဲ့အခါ ဗိုလ်မှူးအဆင့်ရှိတဲ့ မြင့်ဆွေဟာ မာဇဒါ လေးဘီးကားနဲ့ သူ့ကို လာကြိုလေ့ရှိတယ်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းဌာနက ရေးသားထားရာမှာတော့ သူဟာ စစ်ရုံးမှာ ဆယ်စုနှစ်ချီ တာဝန်ယူခဲ့တာကြောင့် ရှေ့မှီနောက်မှီသူ တဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်မှာ အထက်အရာရှိတွေရဲ့ အမိန့်ကို နာခံပြီး အကောင်အထည်ဖော်သူ၊ ကိုယ်ပိုင် အမြင်၊ အယူဝါဒ ရယ်လို့ ရှိပုံမရဘဲ အထက်က ခိုင်းတာကို တာဝန်ကျေအောင် လုပ်ဆောင်သူအဖြစ် အများက သိကြပါတယ်။ ၁၉၉၀ ခုနှစ်အလယ်ပိုင်းလောက်ကစလို့ တလျှောက်လုံး စစ်ခေါင်းဆောင် သန်းရွှေအပေါ် သစ္စာခံခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ ပြီးနောက်မှာ လက်ရှိတပ်ချုပ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဘက်က ဒု သမ္မတလောင်း အဆိုပြုခံရပြီးနောက်မှာ လက်ရှိ စစ်ခေါင်းဆောင်ကို ဆက်လက် သစ္စာခံခဲ့ပုံရပါတယ်။ ဆယ်စုနှစ် ၂ ခုနီးပါး သစ္စာခံခဲ့တဲ့ သန်းရွှေထက် ၂၀၁၆ ကနေ အခုချိန်ထိ ၄င်းကို တာဝန်ပေးခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အမိန့် ညွှန်ကြားချက်တွေ အတိုင်း အကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုကို ၂၀၀၈ အခြေခံဥပဒေ နဲ့ ညီတယ်ဆိုတဲ့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဇာတ်ညွှန်းထဲမှာ အဲဒီအချိန်က ဒုသမ္မတရာထူးနဲ့ မင်းအောင်လှိုင် ညွှန်ကြားချက်တွေအတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ မြင့်ဆွေအနေနဲ့ သူ့ရဲ့ နိုင်ငံရေးရာထူးနဲ့ အာဏာရှိတဲ့ နောက်ဆုံးနေ့တွေလို့ မှတ်ယူထားခဲ့ပြီး ၂၀၁၆ နှစ်ဆန်းကျင်းပတဲ့ လွှတ်တော်မှာ စစ်တပ်ခေါင်းဆောင်က သူ့ကို ဒုသမ္မတအဖြစ် အဆိုပြုခံရချိန်မှာ အံ့အားသင့်ခဲ့တယ်လို့ နီးစပ်သူအချို့က ဆိုပါတယ်။ ဒီလို သူမျှော်လင့်မထားတဲ့ ရာထူးနေရာကို တာဝန်ပေးခဲ့တဲ့အပေါ် မြင့်ဆွေ အနေနဲ့ စစ်တက္ကသိုလ်မှာ သူ့ထက် ၄ နှစ်ငယ်တဲ့ မင်းအောင်လှိုင် အပေါ် သစ္စာခံဖို့ ဖြစ်စေခဲ့တာလည်း ဖြစ်နိုင်ပါတယ်။
သူ့လိုပဲ ဆိုရှယ်လစ် အမည်ခံထားတဲ့ စစ်အာဏာရှင် နေဝင်းက အထက်ကစီနီယာတွေကို အဆင့်ကျော်ပြီး တာဝန်တွေ ပေးအပ်ခံခဲ့ရတဲ့ ထောက်လှမ်းရေး ညွှန်ချုပ်အာဏာ အစွမ်းကုန်အသုံးချခဲ့သူ ခင်ညွန့်ဟာလည်း သူ့ရဲ့ ကျေးဇူးရှင် နေဝင်းကို တပ်ချုပ် ဖြစ်သူ သန်းရွှေက ကန့်သတ် အရေးယူမှုတွေမှာ သန်းရွှေဘက်က ရပ်တည်ခဲ့ပြီး သန်းရွှေလက်အောက်မှာ ဆက်လက် လုပ်ဆောင်ခဲ့ရာက ၂၀၀၄ ခင်ညွန့်နဲ့ ၄င်းရဲ့ ထောက်လှမ်းရေး ကွန်ရက်တခုလုံးကို ဖယ်ရှားအကျဥ်းချတဲ့ အဖြစ်အပျက်မှာ မြင့်ဆွေက တာဝန်ယူလုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကို သုံးသပ်ကြည့်ရင် စစ်တပ်မှာ သူ့လို အမိန့်နာခံသူ၊ တပ်ရဲ့ အစဥ်အလာတွေထက် စစ်အာဏာရှင်တွေရဲ့ အစဥ်အလာကိုသာ တာဝန်ကျေသည်အထိ ဖေါ်ဆောင်တဲ့ စစ်ခေါင်းဆောင်တွေထဲက တဦးဖြစ်တဲ့ မြင့်ဆွေဟာ ဘဝနိဂုံးကို အတက်အကျအနိမ့်အမြင့်တွေ လောကဓံတွေ ကြီးကြီးမားမား မကြုံတွေ့ရဘဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးဘက်က အချို့သူတွေကတော့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းကာလ မှာ သူ့အမိန့်နဲ့ ပစ်ခတ်နှိမ်နှင်းမှုတွေ၊ သံဃာတွေ အသက်ဆုံးရှုံးတဲ့အထိ ရိုက်နှက်ခံခဲ့ရတာတွေ ဖမ်းဆီးနှိပ်စက်မှုတွအတွက် တာဝန်ခံ ဖြေရှင်းနိုင်တဲ့ အခြေအနေမရှိခင်မှာ သူ ကွယ်လွန်သွားတာကို မချိတင်ကဲဖြစ်ကြပါတယ်။
လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကိုလည်း တနေ့မှာ သူတို့ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ လူမျိုးတုံး သတ်ဖြတ်မှုတွေ အတွက် တာဝန်ခံစေဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ လွတ်လပ်ရေးရပြီးနောက် မြန်မာ့သမိုင်းမှာ စစ်တပ်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ အဓမ္မပြုကျင့်မှုကို စစ်ပွဲမှာ လက်နက်သဖွယ် အသုံးချမှုတွေ၊ နေအိမ် ကျေးရွာတွေ မီးရှို့ဖျက်ဆီးကာ ဆယ်စုနှစ်ချီ ဒုက္ခသည်အဖြစ် နေထိုင်ကြရအောင် ဖျက်ဆီး ရွှေ့ပြောင်းမှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအတွက် ခုချိန်ထိ အသွင်ကူးပြောင်းမှုဆိုင်ရာ တရားမျှတမှု ရှာဖွေနိုင်ခြင်း မရှိသေးပါဘူး။
ဘာကြောင့်ဆို မြန်မာစစ်တပ်/ အစိုးရစစ်တပ်ဟာ ဆယ်စုနှစ်များစွာ အာဏာချုပ်ကိုင်ထားခဲ့တာကြောင့် အထက်က စစ်ရာဇဝတ်မှုတွေ လူသားဖြစ်မှုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေကို အဆုံးမသတ်နိုင်၊ တာဝန်ခံခြင်း မရရှိနိုင်တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက အချို့သူတွေရဲ့ အယူအဆက စစ်အာဏာရှင်စနစ်ထဲက အဓိကကျတဲ့ လူပုဂ္ဂိုလ်၊ ခေါင်းဆောင်တွေ မရှိတော့ရင် စစ်အာဏာရှင်စနစ် အဆုံးသတ်သွားလိမ့်မယ်လို့ မှတ်ယူတတ်ကြတာလည်း ခေတ်အဆက်ဆက်မှာ ရှိခဲ့တာပါ။ နေဝင်း မရှိရင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီလို့ ထင်မှတ်ခဲ့ကြသလို စောမောင်၊ သန်းရွှေ ခေတ်တုန်းကလည်း အလားတူ မှတ်ယူခဲ့ကြတာ ဖြစ်ပါတယ်။ လက်တွေ့မှာတော့ စစ်အာဏရှင်စနစ်က တဗိုလ်ဆင်း တဗိုလ်တက် စနစ်နဲ့ ဆက်လက်ချီတက်နေတာ ဖြစ်လို့ လူပုဂ္ဂိုလ်ထက် စနစ်ကို အဆုံးသတ်စေမယ့် မူဝါဒနဲ့ နည်းလမ်းတွေကို ဇောင်းပေးကြဖို့ အရေးကြီးတယ်လို့ ယူဆမိပါတယ်။
နေဝင်း၊ စောမောင်၊ သန်းရွှေ၊ မင်းအောင်လှိုင် တို့ဟာ စစ်အာဏာရှင်စနစ်ရဲ့ ကိုယ်စားလှယ်တွေသာ ဖြစ်ပြီး ၄င်းတို့ အဆုံးသတ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်နဲ့ ထပ်တူမကျတာကိုလည်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။
အခု ကွယ်လွန်သွားတဲ့ ဒုသမ္မတဟောင်း၊ ယာယီသမ္မတဟောင်း ဘွဲ့တွေ အမျိုးမျိုးပြောင်း ခံယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း မြင့်ဆွေရဲ့ အဆုံးသတ်ဟာ စစ်အာဏာရှင်စနစ် အဆုံးသတ်မဟုတ်သလို အကယ်၍ မင်းအောင်လှိုင် အဆုံးသတ်ခဲ့လျှင်တောင် စစ်အာဏာရှင် အဆုံးသတ်လို့ ပြောဆိုနိုင်ချင်မှ ပြောဆိုနိုင်မှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar