Breaking News

မောင်လူမွှေး - ကလေးတွေရဲ့ အနာဂတ်ကွင်းပြင်

မောင်လူမွှေး - ကလေးတွေရဲ့ အနာဂတ်ကွင်းပြင်

မိုးမခ ၊ ဩဂုတ် ၈ ၊ ၂၀၂၅



မနေ့က ညနေပိုင်း မောင်လူမွှေး စာသင်မသွားခင် မောင်လူမွှေးဆီ ဖုန်းဝင်လာတယ်။ စစ်ရှောင်ကလေးတွေအတွက် ကစားကွင်းလုပ်ဖို့ မြေကွက်လေးတစ်ကွက် ရဖို့ မောင်လူမွှေး အကူအညီတောင်းထားတဲ့ တာဝန်ရှိသူတစ်ယောက်ဆီက လာတဲ့ဖုန်းပါ။

"ကစားကွင်းအတွက် မြေလိုသလောက် လာကြည့်ပါ။ ဒီနေ့ ညနေတော့ ဖြစ်အောင်လာပြီး တခါတည်း လုပ်ရအောင်။ နောက်နေ့တွေကျ ကျနော်လည်း မသေချာဘူး" လို့ သူက ပြောပါတယ်။ မောင်လူမွှေးလည်း ကိုယ် စာသင်နေတဲ့နေရာကနေ ဆယ်မိုင်လောက်ဝေးတဲ့ စစ်ရှောင်စခန်းလေးဆီ ညနေပဲ ချက်ချင်းအရောက်သွားရပါတယ်။ 

ဒီလိုနဲ့ပဲ မောင်လူမွှေးနဲ့ မောင်လူမွှေး ဆရာသမားတွေ ထောက်မထားရတဲ့ စစ်ရှောင်ကျောင်းလေးက ကလေးတွေအတွက် ကစားကွင်းလေးတစ်ကွင်း ရခဲ့ပါတယ်။ ကစားကွင်းအတွက် သူ့အခင်းထဲကနေ မြေနေရာကို ရက်ရက်ရောရော ပေးတဲ့ ပုဂ္ဂိုလ်ကိုလည်း စိတ်ကောင်းထားသူအဖြစ် မောင်လူမွှေး နှလုံးသားထဲကနေ အသိအမှတ်ပြုလိုက်မိပါတယ်။

ကစားကွင်းဟာ ကလေးတွေအတွက်တော့ သူတို့အနာဂတ်ကွင်းပြင်ဖြစ်တယ်။ စည်းကမ်းလိုက်နာမှု၊ အချင်းချင်းညီညွတ်မှု၊ သည်းခံမှုနှင့် ဇွဲလုံ့လတွေကို ဒီကစားကွင်းကနေပဲ သူတို့ သင်ယူကြရမှာဖြစ်တယ်။ အဲ့ဒါတွေကြောင့်လည်း ညနေမိုးချုပ်ချုပ် မိုးတဖျောက်ဖျောက်ကျနေတဲ့ကြားက မောင်လူမွှေးတို့ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့ အရောက်သွားပြီး ကလေးတွေအတွက် ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်။

မောင်လူမွှေးဟာ အဲဒီစစ်ရှောင်ကျောင်းလေးကို တစ်ပတ် တစ်ရက် ရောက်တယ်။ မနက်ပိုင်း ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆွေးနွေး၊ ညနေပိုင်း ကလေးတွေနဲ့တွေဆုံ၊ သူတို့မေးတာတွေဖြေပေး၊ ပုံပြင်ပြော၊ သီချင်းဆိုကြနဲ့ တစ်နေကုန်ပါတယ်။

ပြီးခဲ့တဲ့လက သူတို့အတွက် ဘောလုံး သုံးလုံး ဝယ်သွားတယ်။ ကစားကွင်းမရှိတော့ ချောက်ကြိုးချောက်ကြားမှာ ဆော့ကြတယ်။ ဘောလုံးအားလုံး တစ်ပတ်အတွင်း ပေါက်တာပါပဲ။ မူလတန်းကလေးတွေက " ဆရာ.. ဘောလုံးတွေ ပေါက်ကုန်တယ်ဗျ" လို့ မျက်နှာငယ်လေးတွေနဲ့လာပြောကြတယ်။ "ပေါက်တဲ့တိုင်း ဆော့လို့ရသေးတယ် မှုတ်လား" လို့မေးတော့ " ရတယ်ဗျ" တဲ့။ ဒါဆို " ဒီအတိုင်းဆော့ကြကွာ" ဆိုတော့ ဝမ်းသာအားရ ထွက်သွားပြီး ဆော့ကြတယ်။ ဘောလုံးတွေ ရက်ပိုင်းအတွင်း ပေါက်သွားလို့ သူတို့လေးတွေ စိတ်မလုံ အားနာနေတာ ကျောင်းဆရာ မောင်လူမွှေး မသိဘဲနေပါ့မလား။

မောင်လူမွှေးတို့ လွတ်မြောက်နယ်မြေမှာ စစ်ရှောင်ကျောင်းတွေဟာ ခက်ခဲကြတယ်။ ခက်ခဲတဲ့အတွက် အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ တတ်နိုင်သလောက် ဆောင်ရွက်ကြရပါတယ်။ လှူဒါန်းတဲ့သူတွေထဲမှာ ကလေးတွေအတွက် စာအုပ်၊ ဘောပင်၊ ခဲတံ စတဲ့ သင်ထောက်ကူပစ္စည်း လှူဒါန်းသူတွေ၊ အဟာရ ဒါန လှူဒါန်းသူတွေ အထိုက်အလျောက်ရှိပေမယ့် ကလေးတွေ ကစားဖို့ အားကစားပစ္စည်းကို သီးသန့်ရည်ရွယ်လှူဒါန်းသူကတော့ အင်မတန်ရှားတာကို သတိထားမိတယ်။ 

အမြော်အမြင်ရှိတဲ့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ လက်အောက်မှာ ပညာသင်ကြားရတဲ့ ကလေးတွေကတော့ အားကစားတစ်ခုခုကို လုပ်ခွင့်ရကြမှာဖြစ်တယ်။ ဒါပေမဲ့ ကလေးအများစုဟာ အားကစားတစ်ခုကို လွတ်လပ်စွာလုပ်ဖို့၊ စည်းကမ်းတကျကစားတတ်ဖို့ အခွင့်အရေးတွေဆုံးရှုံးနေတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်။

ကလေးတွေအတွက် အားကစားကွင်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ ဆရာကြီးအောင်သင်းလို ပုဂ္ဂိုလ်မျိူးကတောင် အာပေါက်မတတ် ဟောပြောလမ်းပြခဲ့ပြီးပြီမို့ မောင်လူမွှေး အကျယ်ချဲ့ပြောဖို့ လိုမယ်မထင်တော့ပါ။ ကလေးတွေအပေါ် တကယ်စေနာထားရင် သူတို့အတွက် လွတ်လပ်စွာ ကစားနိုင်တဲ့ နေရာလေးတစ်ခုကိုတော့ ဖြင့် ဝိုင်းဝန်းဖန်တီးသင့်တယ်လို့ ယုံကြည်ပါတယ်။

ပြီးခဲ့တဲ့နှစ်က အတွေ့အကြုံလေးတစ်ခုကို အခုစာကို ရေးနေရင်း အမှတ်ရလာတယ်။ ကျေးရွာတစ်ရွာက ကျောင်းကော်မတီဝင်တစ်ဦးကို ကလေးတွေအတွက် ဘောလုံးဝယ်ပေးရင် သင့်တော်တဲ့ အကြောင်းစကားစမိတော့ " ဟာ.. ဝယ်ပေးရင်လည်း ပေါက်ကုန်တာပဲ" တဲ့။  

မောင်လူမွှေးရဲ့ စစ်ရှောင်ကျောင်းက ကလေးတွေအတွက် ဝယ်ပေးထားတဲ့ ဘောလုံး သုံးလုံးစလုံးပေါက်ကုန်ပြီ ဖြစ်တယ်။ ဒါပေမဲ့ သူတို့လေးတွေဟာ သူတို့ဆရာ မောင်လူမွှေး ဘောလုံးအသစ် နောက်ထပ်မဝယ်ပေးနိုင်ခင်ထိ ကွင်းပြင်ထဲမှာ ဘောလုံးအပေါက်တွေနဲ့ပဲ ပျော်ရွှင်စွာကစားကြမယ်။ ပြီးတော့ အားကစားကနေ သူတို့ဘဝအတွက် လိုအပ်တာတွေကို သင်ယူကြပါလိမ့်မယ် ခင်ဗျာ။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar