Breaking News

နွေဦးတော်လှန်ရေး ၄ နှစ်ခွဲမှတ်တိုင်မှ ပြန်လည်သုံးသပ်ချက်

မြန်မာနွေဦးခရိုနီကယ် - သြဂုတ် ၅ မြင်ကွင်း

(မိုးမခ) ဩဂုတ် ၆၊ ၂၀၂၅


နွေဦးတော်လှန်ရေး ၄ နှစ်ခွဲမှတ်တိုင်မှ ပြန်လည်သုံးသပ်ချက် 

နွေဦးတော်လှန်ရေး လို့ဆိုလိုက်ရင် လက်နက်ကိုင် တော်လှန်ရေးလို့ အများကနားလည်ကောင်း နားလည်ကောင်း နားလည်နေကြပါလိမ့်မယ်။ လက်တွေ့မှာလည်း စစ်အာဏသိမ်းပြီးနောက် ၃ လခန့်အကြာ မေလမှာ PDF တပ်ဖွဲ့ကို တရားဝင် ဖွဲ့စည်းတာ၊ PDF တပ်ဖွဲ့ မဖွဲ့စည်းမီကတည်းက နယ်မြို့အချို့ နဲ့ ကျေးရွာအချို့မှာ လက်နက်ကိုင်တပ်၊ ကျေးရွာကာကွယ်ရေးတပ် ဆိုတဲ့တပ်ဖွဲ့တွေ ဖွဲ့စည်းလှုပ်ရှားနေကြတာ ဖြစ်လို့ လက်နက်ကိုင်တော်လှန်ရေးကို နွေဦးတော်လှန်ရေးလို့ ထပ်တူနားလည်ကြတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ 

သို့ပေမဲ့ သေချာပြန်သုံးသပ်ကြည့်ရင် နွေဦးတော်လှန်ရေးဟာ စစ်အာဏာရှင် နဲ့ အခြားသောအာဏာရှင်စနစ်တွေကို မြန်မာနိုင်ငံမှာ အဆုံးသတ်စေမယ့် ခေတ်ပြောင်း၊ စနစ်ပြောင်း၊ အတွေးအခေါ် ပြောင်းလဲမယ့် တော်လှန်ရေးလို့ ဖွင့်ဆိုနားလည်သူတွေ ရှိနေတာ ဖြစ်ပါတယ်။ တန်းတူရေး၊ တရားမျှတရေးကို ဦးတည်တဲ့ ဘာသာ၊ လူမျိုး၊ ယုံကြည်ချက်အပေါ် အခြေခံပြီး ဖိနှိပ်တာ ခွဲခြားဆက်ဆံတာ၊ ခေါင်းပုံဖြတ်တာတွေကို ဆန့်ကျင်တဲ့ ရပ်တည်ချက် အခြေခံ သဘောတရားတွေနဲ့ ခေတ် စနစ်ကိုပြောင်းကြဖို့ ရည်ရွယ်ခဲ့တဲ့ တော်လှန်ရေးတရပ်လို့ ဆိုရမှာပါ။

ဒါက နွေဦးတော်လှန်ရေး ဆိုတဲ့ စကားရပ်ရဲ့ အဓိပ္ပာယ်ကို ပြန်ရှင်းလင်းဖွင့်ဆို အနားသတ်ကြည့်တာ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေး ၄ နှစ်ခွဲတင်းတင်းပြည့်ချိန်မှာ လက်တွေ့ ဘဝမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာတွေလည်း ပြန်သုံးသပ်ကြည့်ကြဖို့ လိုအပ်ပါတယ်။ သမိုင်းရေးဖို့ သုံးသပ်တာမျိုး မဟုတ်ဘဲ ရှေ့ဆက်လျှောကရမယ့်လမ်းကို မျှော်ကြည့်ဖို့၊ ရှေ့ချီတက်မယ့် လမ်း ဖြောင့်ဖြူးဖို့၊ ပန်းတိုင်ကို အကွေ့အကောက်တွေ ထပ်မံမကြုံစေရဖို့ အမြန်ဆုံး အဖြောင့်ဆုံးလမ်းကနေ ပန်းတိုင်ရောက်ရှိနိုင်ဖို့   လျှောက်လာခဲ့တဲ့ လမ်းတွေကို ပြန်လည်သုံးသပ်ကြည့်ကြဖို့ အရေးတကြီး လိုအပ်တယ် လို့ဆိုချင်ပါတယ်။ 

ဒီ ၄ နှစ်ခွဲတာ ကာလမှာ နိုင်ငံရေးအရ ဘယ်လောက် အောင်မြင်မှုတွေ ရရှိခဲ့ကြသလဲ၊ နိုင်ငံရေး ရည်မှန်းချက် ပန်းတိုင်ရောက်ဖို့ စစ်ရေးအရ ဘယ်လောက် အောင်ပွဲတွေ ရရှိခဲ့ကြပြီလဲ။ တော်လှန်ရေး ခရီးမှာ မြန်မာလူထုအနေနဲ့ ဘယ်လောက်ထိ ဒရွတ်တိုက် လိုက်ပါခဲ့ကြရသလဲ။ လူထုအဖို့ လက်နက်ကိုင် တိုက်ပွဲတွေ စစ်ပွဲတွေကြားထဲမှာ အသက်ရှင်သန် ကျန်ရစ်ဖို့ ဘယ်လောက်ထိ ခံနိုင်ရည် ရှိနေကြသေးသလဲ။ ပြည်သူလူထု ရဲ့ အသံ ကို နားထောင်နိုင်ကြရဲ့လား၊ ပြည်သူလူထုက သူတို့ အမှန်တကယ် ခံစားနေရတာကို ထုတ်ဖေါ်ပြောဆိုနိုင်တဲ့ အနေအထားရှိကြရဲ့လား စသဖြင့် ပြန်သုံးသပ်ကြည့်ပြီးမှ ရှေ့ဆက်လျှောက်လှမ်းမယ့် လမ်းကို ရွေးချယ်သတ်မှတ်ကြသင့်ပါတယ်။ 

၂၀၂၁ ခုနှစ်မှာ စစ်တပ် အားကိုးနဲ့ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်တွေ ဖွဲ့စည်းထားတဲ့ စစ်ကောင်စီကို လက်နက်ကိုင် နည်းလမ်းနဲ့ ဖြုတ်ချဖို့အတွက် ပြည်နယ်၊ တိုင်း နဲ့ မြို့တွေ ရွာတွေ အသီးသီးမှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။ တိုင်းရင်းသားနယ်မြေတွေမှာတော့ နကို ရှိနှင့်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့တော့ ၂၀၁၅၊ ၂၀၁၈ ခုနှစ်တွေမှာ လက်မှတ်ထိုးထားတဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ရပ်ဆိုင်းပြီး ပြန်လည်တိုက်ခိုက်ဖို့ ပြင်ဆင်ရုံသာဖြစ်ပေမယ့် ဗမာဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန်းလေးနဲ့ ပဲခူးတို့မှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ရှိနှင့်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထံက စစ်ပညာ၊ လက်နက်ခဲယမ်းအကူအညီတွေ ရယူတာ၊ ပူးပေါင်းတိုက်ခိုက်ပေးတာတွေ ပြီးခဲ့တဲ့ ၄ နှစ်ခွဲကြာ ကာလအတွင်း ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီ လက်ထဲက မြို့တွေ၊ စစ်စခန်းတွေကို သိမ်းယူပြီး ကားလမ်းတွေ၊ ရထားလမ်းတွေကို စစ်အာဏာရှင် ဆန့်ကျင်ရေး ထိန်းချုပ်ထားကြရာမှာ ၄နှစ်ခွဲ ရောက်လာချိန်မှာ မြန်မာနိုင်ငံရဲ့  နယ်မြေ အနည်းဆုံး ၇၀ ရာနှုန်းကို သိမ်းယူထားပြီး ဖြစ်တယ်လို့ သုတေသနပြု စောင့်ကြည့်တဲ့ အဖွဲ့တွေက ပြောဆိုထားကြပါတယ်။ အဆိုပါ ပမာဏအတိုင်းသာ ကောင်းစွာထိန်းချုပ်ထားနိုင်လျင် သော်လည်းကောင်း အဲဒီ ပမာဏကို တည်ငြိမ်အောင် ထိန်းချုပ် အုပ်ချုပ်နိုင်ရင်သော်လည်းကောင်း မြန်မာ့ နွေဦးတော်လှန်ရေးဟာ ခရီး တဝက်ကျော်လွန်ပြီလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် အဲဒီလို ထိန်းချုပ်ထားတဲ့ ၆၀ ရာနှုန်းထဲက နယ်မြေအများအပြားကို စစ်ကောင်စီ လေတပ်တွေက နေ့စဥ်နဲ့အမျှ ဗုံးကြဲတိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။ 

တော်လှန်ရေး တပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ၆၀/ ၇၀ ရာနှုန်းသော နယ်မြေဒေသတွေမှာ မိမိတို့ နေအိမ်၊ မြို့၊ ကျေးရွာတွေမှာ နေထိုင်နိုင်ခြင်း မရှိတဲ့ အခြေအနေလို့ ဆိုရင်လည်း မှားမယ်မ ထင်ပါဘူး။ 

နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေအကြား ဘုံရည်မှန်းချက်နဲ့ ဘုံလမ်းစဥ်ရှိကြရဲ့လား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။ 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့နဲ့ ဘုံသဘောတူညီမှု၊ ဘုံလမ်းစဥ်၊ ပူးတွဲ စစ်ဆင်ရေးမျိုးတွေ ရှိပေမယ့်လည်း အာဏာသိမ်း စစ်တပ်ကို အဆုံးတိုင် အနိုင်ရမယ့် အဖြေထွက်လောက်တဲ့ အဆုံးအဖြတ်ဖြစ်စေလောက်တဲ့ ပူးပေါင်းမှုမျိုး မရှိသေးဘူးလို့ အကဲဖြတ်မိပါတယ်။ 

အဲလို ပူးပေါင်းမှုမျိုး သဘောတူညီမှုမျိုး၊ ဘုံလမ်းစဥ်ချမှတ်မှုမျိုး မရတာက ဘာကြောင့်လဲဆိုတဲ့ မေးခွန်းလည်း ပေါ်လာပါတယ်။ နိုင်ငံရေးအရ သဘောတူညီမှု မရတာကြောင့် သို့မဟုတ် ရည်မှန်းချက် ပန်းတိုင်၊ အကျိုးစီးပွားချင်း ဆန့်ကျင်ဘက်ဖြစ်တာတွေ ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သာဓက အနေနဲ့ ပြရရင် စစ်ကောင်စီတွေလက်ထဲက နယ်မြေဒေသ၊ မြို့ တခုကိုသိမ်းယူပြီးနောက်မှာ အခွန်အကောက်ခွင့် အပါအဝင် အုပ်ချုပ်ခွင့်၊ သယံဇာတ ထုတ်ယူခွင့်တွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင် ဆန့်ကျင်တဲ့ လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြား အယူအဆမတူတာ အကျိုးစီးပွားဆန့်ကျင်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ဒီလို အကျိုးဆက်တွေ ဖြစ်ပေါ်လာခြင်းဟာ သဘာဝပဲလား သို့မဟုတ် ပြဿနာတွေ ပေါ်ထွက်လာရင် စစ်ရေးနဲ့သာ ဖြေရှင်းတာမျိုးမဟုတ်ဘဲ နိုင်ငံရေးအရ ညှိနှိုင်းဆွေးနွေးကာ နှစ်ဖက်လုံး အကျိုးမယုတ်တဲ့ ရလဒ်တခုထွက်အောင် ဆွေးနွေးပြောဆိုတဲ့ နိုင်ငံရေး ရေချိန်၊ အဆင့်တခု မရှိကြတာလား ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်လာပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး ကာလမှာ စစ်ရေးအရ အောင်ပွဲတွေ ရရှိလာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချင်းချင်းအကြား နယ်မြေစိုးမိုးအုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်တွေနဲ့ ပတ်သက်လို့ ပွတ်တိုက်မှု လက်နက်ကိုင်အချင်းချင်း ထိတွေ့မှုငယ်တွေ ဖြစ်ပွားခဲ့တာကို ကြည့်ရင်နိုင်ငံရေးအရ အဖြေရှာတဲ့ အစဥ်အလာ အလေ့အကျင့်တွေ နည်းပါးနေတာ ပေါ်လွင်စေပါတယ်။ 

နောက်တချက်က လူထုရဲ့ ခံစားချက်၊ လူထုတွေ အနေနဲ့ ထမ်းပိုးထားရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ကိုယ်ချင်းစာ၊ နားလည်နိုင်ကြရဲ့လား ဆိုတဲ့အချက်ဖြစ်ပါတယ်။ စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသက လူထုသာမက စစ်ပွဲ ဖြစ်ပွားခြင်းမရှိသေးပေမယ့် စစ်ပွဲရဲ့ ဝန်ကို ထမ်းပိုးထားရတဲ့ ပြည်သူလူထုတွေ ရဲ့ ဆန္ဒ၊ ခံစားချက်တွေကိုလည်း နားထောင် နိုင်ကြဖို့အရေးကြီးပါတယ်။ ထုတ်ဖော်ပြောဆိုခွင့် ရကြဖို့လည်း အရေးကြီးပါတယ်။ ထိခိုက်သေဆုံးမှု၊ နေအိမ်၊ ရိက္ခာ စတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးပျက်စီးမှု၊ စစ်မှုထမ်းအတွက် လူကိုယ်တိုင် ပါဝင်ပေးရတာ မဟုတ်ခဲ့ရင် ကျခံပေးရတဲ့ စစ်မှုထမ်းကြေး ကျခံမှု၊ အခွန်အကောက်နဲ့ ဆုံးရှုံးသွားတဲ့ အသက်မွေးဝမ်းကြောင်း အလုပ်အကိုင်တွေ အတွက် ဗီလိန်ဖြစ်တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တာဝန်ခံမှုလို့ဆိုရုံနဲ့ မပြီးဘဲ အဆိုပါ ဒုက္ခတွေ ဝန်ထုပ်ဝန်ပိုးတွေ အတိုင်းအတာတခုထိ လျော့နည်းအောင် တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ဆောင်ရွက်ပေးနိုင်ဖို့လည်း အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ 

အာဏာသိမ်းစစ်တပ်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး ပန်းတိုင် အမြန်ဆုံးရောက်ရှိနိုင်ဖို့ နည်းလမ်းရှာဖွေခြင်း နဲ့အတူ ပြည်သူလူထုတွေ ထမ်းပိုးထားရတဲ့ အမျိုးမျိုးသော ဒုက္ခတွေ လျော့ပါးရေးလည်း နိုင်ငံရေးအင်အားစုတွေ အနေနဲ့ ဦးစားပေး လုပ်ဆောင်သင့်ပြီဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar