Breaking News

ဖလော်ဒါဟန် - စိတ်တို့ နေထိုင်ရာရပ်ဝန်း


ဖလော်ဒါဟန် - စိတ်တို့ နေထိုင်ရာရပ်ဝန်း

မိုးမခ ၊ ဩဂုတ် ၆ ၊ ၂၀၂၅


စိတ်ရဲ့စွမ်းအားတွေ ဖြည့်ဆည်းနိုင်ဖို့ မိမိနဲ့ ဘဝတူ စိတ်တူ ကိုယ်တူ ဘဝတွေကို ပြန်ပြန်ကြည့်ဖြစ်ပါတယ်။

သူတို့တွေရဲ့ စွမ်းဆောင်ရည် အလုပ်၊ အပြော အရေး ကစလို့ နေထိုင်မှုပုံစံကိုပါ လေ့လာသုံးသပ်မိပါတယ်။

စီးပွားရေးသမားကတော့ စီးပွားရေးမှာပဲ မွေ့လျော်ကြတယ်။

ဝင်ငွေနဲ့ ထွက်ငွေက သူ့တို့ရဲ့ တနေ့တာ အကျိုးနဲ့ ရလဒ်ဖြစ်သလို ရောင်းအားကောင်းခြင်း၊ မကောင်ခြင်းတွေကတော့ အရောင်းဝန်ထမ်း ပစ္စည်းကွာလတီအပေါ်မှာမူတည်လိမ့်မယ်ထင်ပါတယ်။

ဘဝက ရိုးရှင်းပါတယ်။မရိုးရှင်းတာက ဒီအပေါ်မှာ မှီခိုလာတဲ့ လောဘ ပါ။

ကုသိုလ်နဲ့ နိုးထရင် လောဘနည်းမယ်

သဒ္ဓါနဲ့နိုးထရင် ပညာ ရမယ်။

လူ့စိတ် ဆိုသည်မှာ မိမိမှာ ပိုင်ဆိုင်ထားတဲ့ ပိုင်ဆိုင်မှုအပေါ်မှာ တွယ်တာတတ်ကြတယ် အကောင်းဆုံး ဆိုသည့်အရာတွေကို ရယူခဲ့ကြတယ် ပိုင်ဆိုင်ခွင့် ရလာအောင်လည်း ကြိုးစားခဲ့ကြတယ်။

နောက်ဆုံး ဆင်းရဲ ချမ်းသာ ညာတတ်သူ မတတ်သူ အစုစုတို့မှာ ပစ္စည်းဥစ္စာ ပညာ‌ဂုဏ်‌များ တိုးပွားလာကြပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် မိမိဘဝနဲ့ ထိုက်တန်သည့် အလုပ်တခုလုပ်‌နေခြင်းသည်လည်း မိမိရဲ့ပညာနဲ့ဂုဏ်ပါပဲ။

ဆင်းရဲသူလို့ ခေါ်ဝေါ်သုံးနှုန်းခံ လူ့အသိုင်းအဝန်းမှာလည်း သူတို့ကျွမ်းကျင်သည့်အလုပ် ဖြစ်သည့်ကြံဖတ်ကောက်ခြင်း၊ အမိုးပစ်ခြင်းတို့ကို လုပ်ကိုင်ကြပါတယ်။

နောက်တရာသီမှာ အင်ဖက်ကောက်မယ် အမိုးပစ်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘဝနဲ့ သူ့အထွာမှာ ဘဝရပ်တည်ဖို့ လက်မှုပညာမှာ ရှိသင့်သလောက်တတ်မြောက်ထားသူတွေ ရှိကြပါတယ်။

ယနေ့အချိန် အဖြစ်အပျက်နှင့် အနေအထားမှာ လူသားစွမ်းအားအရင်းအမြစ်နှင့် သက်ဆိုင်တဲ့ ပညာနှင့် လူနေမှုဘဝ ဆုံးရှုံးရသူတွေ များလာပါတယ်။

ဒါနဲ့ဆက်စပ်ပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း နဂိုမူလမှာ ရှိနေသည့် စိတ်ခံစားမှုနဲ့ဆန့်ကျင်တဲ့ ဘဝ‌တွေမှာ မိမိကိုယ်မိမိ ပြုပြင်ပြောင်းလဲ နေထိုင်လာသူတွေ များလာတာတော့ အမှန်ပါ။

အချို့သော စစ်ရှောင်နယ်ပယ်ဒေသတွေမှာ အတွေးရှင်းသလို ခံယူချက်ကလည်း ရှုပ်ထွေးမှုမရှိကြပါ။

ဘဝက ပေးတဲ့သင်ခန်းစာကို မိမိတို့ခံယူချက်နဲ့ ပေါင်းစပ်ပြီး အကောင်းဆုံးမဟုတ်တောင် အရှုံးမရှိနေထိုင်တတ်ခြင်းကလည်း ကျွန်မတို့အတွက် အတုယူစရာပါ။

ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ပညာတတ်ခြင်း၊ မတတ်ခြင်းသည် လူသားတို့၏ ဘဝဖြစ်တည်မှုမှာ အရေးပါတဲ့ အခန်းကဏ္ဍလို့ ဆိုရပေမဲ့ မိမိတို့ဘဝမှာ တန်ဖိုးအထားအရဆုံးဖြစ်တဲ့ အသက်သည်သာ လူ့ဘဝစည်းစိမ် ဖြစ်လာတာမျိုးတွေ ရှိလာပါတယ်။

မိမိတို့ဘဝတွေကို အနိုင်ကျင့်တဲ့ အနေအထားမှာ ဒါမှမဟုတ် အဖျက်အစီးခံဘဝတွေနဲ့ ကြုံကြိုက်လာတဲ့အခါမှာ စိတ်သည် အလိုလိုက်စရာ မဟုတ်ဘဲ လိုရာပန်းတိုင်ရောက်ဖို့ တခုတည်းသောလက်နက် ဖြစ်လာပါတယ်။

ဒီစိတ်လေးကပဲ အတက်အကျတွေကို ဦးဆောင်နိုင်သလို ဒီစိတ်ကပဲ စိန်ခေါ်မှုအမျိုးမျိုးအောက်မှာမကျရှုံးဖို့ မိမိကိုယ်ကိုယ် ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်ဆိုတာလေးကို မျှဝေရင်း။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar