၈၈ နဲ့ ၂၁ နှိုင်းယှဥ်မှုနဲ့ ဝါဒဖြန့်လှုံ့ဆော်မှု အလွဲရဲ့ အကျိုးဆက်တွေ
မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၄ မြင်ကွင်း
မိုးမခ ၊ ဩဂုတ် ၅၊ ၂၀၂၅
၈၈ နဲ့ ၂၁ နှိုင်းယှဥ်မှုနဲ့ ဝါဒဖြန့်လှုံ့ဆော်မှု အလွဲရဲ့ အကျိုးဆက်တွေ
၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ ၊ ၈၈ ခုနှစ် ၈ လ ၈ ရက်နေ့မှာ တိုင်းပြည်ကို ၂၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်(မဆလ) အမည်ခံ စစ်ယူနီဖောင်းချွတ်လဲထားတဲ့ စစ်ဗိုလ်ချုပ်တွေက ခေါင်းဆောင်တဲ့ စစ်အာဏာရှင် စနစ်နဲ့ အစိုးရကို လူထုအုံကြွမှု သို့မဟုတ် လူထုအရေးတော်ပုံ နဲ့ မဆလ စနစ်ဇတ်သိမ်းဖို့ တိုက်ပွဲ ခေါ်သံနေ့ ဖြစ်ခဲ့ပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မှာ ဆဲဗင်းဇူလိုင်လို ကျောင်းသားဆန္ဒပြမှု၊ ကျွန်းဆွယ်အရေးအခင်းလို ကျောင်းသားနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ၁၉၇၀ ခုနှစ် အစပိုင်း ရန်ကုန်၊ မော်လမြိုင် အစရှိတဲ့ မြို့တွေမှာ ကျောင်းသားဆန္ဒပြမှုတွေ၊ ၁၉၇၄ ခုနှစ်ဇွန်လ အလုပ်သမားအရေးအခင်း၊ အဲဒီနှစ် ဒီဇင်ဘာမှာ ဦးသန့် အရေးအခင်း၊ အဲဒီနောက် ၁၉၇၅ ခုနှစ် ဇွန်လတွင် အလုပ်သမားအရေးအခင်း နှစ်ပတ်လည် လှုပ်ရှားမှု၊ ၁၉၇၆ ခုနှစ်တွင် မှိုင်းရာပြည့် ကျောင်းသား အရေးအခင်း၊ ရွှေတိဂုံ အရေးအခင်း စသဖြင့် မဆလ အမည်ခံ စစ်အာဏာရှင် အစိုးရကို ဆန့်ကျင်ခဲ့ကြတဲ့ လှုပ်ရှားမှုတွေ ဆယ်စုနှစ် တခုအတွင်း ခပ်စိပ်စိပ် ဖြစ်ပွားလိုက် အချို့ကာလတွေမှာ ၈ နှစ် ၁၀ နှစ်နီးပါး မြုပ်သွားလိုက်နဲ့ ရှိနေခဲ့ရာက ၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေကို တန်ဖိုးမရှိတော့ကြောင်း ကြေညာရုပ်သိမ်းရာက ရန်ကုန်မြို့က တက္ကသိုလ်အချို့မှာ ကျောင်းသား ဆန္ဒထုတ်ဖေါ်မှုတွေ ဖြစ်ပေါ်အပြီး ၁၉၈၈ ခုနှစ်မှာ မတ်လ အရေးအခင်း ဇွန် လ အရေးအခင်းနဲ့ သြဂုတ်လ ၈ရက်နေ့ လူထုအုံကြွမှုအရေးတော်ပုံတွေ ပေါ်ထွက်ခဲ့တာ ဖြစ်ပါတယ်။
ကျောင်းသား လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြသူတွေဟာ အရင်မျိုးဆက်က သင်ခန်းစာတွေ လေ့လာကာ သင်ခန်းစာယူကြသလို၊ အရင်မျိုးဆက်တွေက နောက်မျိုးဆက်ကို လက်ဆင့်ကမ်း မျှဝေအကြံပြုကြတာတွေလည်း ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက် အရေးတော်ပုံဟာ ကျောင်းသားက စလိုက်တဲ့ လူထုအုံကြွမှု အရေးတော်ပုံ အထိ ကြီးမားကျယ်ပြန့်လာခဲ့တာပါ။ ၈၈ အရေးတော်ပုံ ကို အကဲဖြတ်ကြရာမှာ အတိုချုပ်ပြောရရင် စစ်အာဏာရှင် စနစ်ကို အပြီးအပြတ် အနိုင်မရခဲ့ဘူးလို့ ဆိုနိုင်ပေမယ့် ၈၈ အရေးတော်ပုံကနေ ပေါ်ထွက်လာတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ စစ်ရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ကြတဲ့ ABSDF ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး လို အဖွဲ့အစည်းတွေ နဲ့ အဆိုပါအဖွဲ့အစည်းက မွေးထုတ်လိုက်တဲ့ ခေါင်းဆောင်တွေ၊ သင်ခန်းစာတွေ က အခုချိန်ထိ ပြန်လည်အကဲဖြတ် သုံးသပ်လို့ မပြီးစီးနိုင်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
သမိုင်းအဖြစ်အပျက်တွေရဲ့ သဘောသဘာဝက နီးကပ်နေ၊ လတ်ဆတ်နေသေးချိန်မှာ အကဲဖြတ်ဖို့ ခက်ခဲနေလေ့ရှိကာ အချိန်ကာလတခု လုံလောက်တဲ့ အကွာအဝေးတခု ရောက်မှသာ ဖုံးကွယ်နေတဲ့ အချက်အလက်တွေ လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလာနိုင်ပြီး ခံစားချက်၊ ကိုယ်တိုင်ပါဝင် လှုပ်ရှားမှုတွေကြောင့် အကဲဖြတ်ဖို့ မလွတ်လပ်မှုတွေ ကို ဖယ်ရှားလာနိုင်ပြီး ပိုမို မှန်ကန်တဲ့ သုံးသပ်ချက်တွေ ရရှိနိုင်တာမျိုး ဖြစ်ပါတယ်။
၈၈၈၈ အရေးတော်ပုံနဲ့ ပတ်သက်ရင် အခုအချိန်မှာ အကြမ်းထည်အားဖြင့် သော်လည်းကောင်း၊ အချောထည်အနေအထားအားဖြင့် သော်လည်းကောင်း အကဲဖြတ်နိုင်တဲ့ အချိန်အခါတခု ရောက်ရှိပြီလို့ ထင်မြင်မိပါတယ်။
၈၈ မှာ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ၊ ၈၈ မှာ အားသာချက်တွေက ဘာတွေဖြစ်မလဲ၊ ယခုကြုံနေရတဲ့ အခက်အခဲ အကြပ်အတည်းတွေက ဘာတွေလဲ၊ ၈၈ ထက် အားသာတာတွေက ဘာတွေလဲ စသဖြင့် ချိန်ခွင်ပေါ်တင်ကြည့်ပြီး ဘက်မလိုက်ပဲ မျှမျှတတ အကဲဖြတ်မယ်ဆို ဖြတ်နိုင်တဲ့ ကာလ အကွာအဝေး၊ အချက်အလက်ရရှိမှု အတိုင်းအတာတခုထိ ပြည့်စုံလာပြီလို့ ဆိုရမှာပါ။
ဒါက ၈၈ ကို အနီးမြင် အဝေးမြင် အကဲဖြတ်ကြည့်ဖို့ စဥ်းစားကြည့်တဲ့ သဘောဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အစမှာပဲ ၈၈ အချိုးတွေ ၂၁ မှာ လာမချိုးနဲ့ ဆိုတဲ့ ကြွေးကြော်သံတရပ် ဆန္ဒပြသူတွေကြားထဲမှာ ပေါ်ထွက်လာခဲ့ပါတယ်။ ကြွေးကြော်သံရဲ့ ရည်ရွယ်ရင်းက စစ်တပ်ကို ဦးတည်ဆိုလိုတာလို့ ယူဆရပါတယ်။ ၈၈ ခုနှစ်တုန်းကလို စစ်တပ် အနေနဲ့ လူထုကိုအင်အားသုံး နိမ်နင်းတာ မလုပ်ဖို့၊ စစ်တပ်က အာဏာကို ထိန်းချုပ်တာမျိုးမလုပ်ဖို့ ရည်ရွယ်သတင်းစကား ပါးတာလို့ ယူဆမိပါတယ်။ သို့ပေမယ့် တဖက်မှာ ၈၈ တုန်းက အချိုးတွေ ၂၁ မှာ လာမချိုးနဲ့ ဆိုတဲ့ အဓိပ္ပါယ်ကို အခြားသဘော သက်ရောက်စေတဲ့ ပြောဆိုသုံးနှုန်းမှုတွေလည်း ရှိနေတာ ကြားသိလာရပါတယ်။ ၈၈ အရေးတော်ပုံတုန်းက ခေါင်းဆောင်ခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းတွေ၊ နိုင်ငံရေးသမားတွေကို ၂၁ မှာ သြဇာလာမပေးနဲ့ ဆရာ မလုပ်နဲ့ဆိုတဲ့ အဓိပ္ပာယ်မျိုး ရည်ရွယ်တဲ့ ပြောဆိုမှုတွေလည်း လူမှုကွန်ရက်မီဒီယာတွေမှာ ပေါ်ထွက်လာတာ သတိပြုမိကြပါလိမ့်မယ်။
၈၈ အရေးတော်ပုံခေတ်က ကျောင်းသားလှုပ်ရှားမှုနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေထဲ မှာပါဝင်ခဲ့ပြီး ၂၀၂၁ မှာ နှိုင်းနိုင်းချိန်ချိန် လုပ်ကြဖို့ ပြောဆိုကြသူတွေကို Generation Lee (အတိုကောက် Gen Lee ) တွေလို့ ကင်ပွန်းတပ်ပြီး ကြောက်တတ်သူ၊ တွန့်ဆုတ်သူတွေ အဖြစ်ပုံဖေါ်ကြကာ ၂၀၂၁ ကာလ မျိုးဆက်သစ် လူငယ်တွေနဲ့ ၁၉၈၈ အရေးတော်ပုံခေတ်က မျိုးဆက်တွေကို ရန်တိုက်ပေးတဲ့ အရေးအသား အပြောအဆိုတွေ လူမှုကွန်ရက် မှာ ပျံ့နှံ့လာတာ တွေ့ရပါတယ်။
အခုလို အင်တာနက်ခေတ်၊ အိုင်တီ နည်းပညာက သတင်းအချက်အလက်တွေကို လျင်မြန်စွာ ပျံ့နှံ့စေနိုင်တဲ့ နည်းပညာခေတ်မှာ နိုင်ငံရေး လှုပ်ရှားမှုကို ဦးဆောင်ကြသူတွေ အဖွဲ့အစည်းတွေ အနေနဲ့ အရင်မျိုးဆက်တွေ နဲ့ လက်ရှိမျိုးဆက်တွေအကြား သဘောထား အမြင်ကွဲလွဲမှု၊ ခံစားချက် ရှုထောင့်မတူကြတာကြောင့် အမြင် အယူအဆကွဲလွဲမှုတွေကို ပိုမိုကြီးထွား မလာရစေဖို့ လျင်လျင်မြန်မြန် ရှင်းလင်း ပြောဆိုနိုင်ကြဖို့ လိုအပ်ပါတယ်။
၈၈ အချိုးတွေ ၂၁ မှာ လာမချိုးနဲ့ ဆိုတဲ့ ကြွေးကြော်သံရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို လွဲမှားတဲ့ ရည်ရွယ်ချက်နဲ့ အသုံးပြုကြတာကတော့ လူမှုကွန်ရက်မီဒီယာတွေက ဆယ်လီလို့ ခေါ်တဲ့ လူသိများတဲ့ အကောင့်တွေ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ နိုင်ငံရေး ဆယ်လီလို့ ခေါ်တဲ့ အပြောကောင်း၊ လူကြိုက်များအောင် ဆဲဆိုတိုက်ခိုက်မှုတွေက နွေဦးတော်လှန်ရေးရဲ့ ဂုဏ်သိက္ခာနဲ့ ရည်ရွယ်ချက်တွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟာ တကြိမ် တခါတည်းနဲ့ အပြီးတိုင် အောင်ပွဲမရနိုင်သလို လူတဦး တယောက် ပြုတ်ကျဖို့ ကြိုးပမ်းမရုံနဲ့လည်း အောင်ပွဲမရနိုင်ပါဘူး။ သမိုင်းမှာ တဆင့်ပြီးတဆင့် ကြိုးပမ်းလာခဲ့ကြတဲ့ တော်လှန်ရေးကို အတိတ်က ဖြစ်ရပ်တွေကနေ သင်ခန်းစာယူနိုင်ပြီး လက်ရှိပစ္စုပ္ပန်မှာ အတိတ်က အမှားမျိုးရှောင်လွှဲနိုင်ဖို့ စည်းလုံးညီညွတ်စွာ ကြိုးပမ်းနိုင်ဖို့က အောင်ပွဲရဲ့ သော့ချက် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar