လေးလေး - သတင်းကြီးသည့် မင်းသမီးတွေ
လေးလေး - သတင်းကြီးသည့် မင်းသမီးတွေ
မိုးမခ ၊ ဩဂုတ် ၅ ၊ ၂၀၂၅
ဩဂုတ် ၄ ရက်မှာ ရန်ကုန်မြို့နေ သတင်းသမားတယောက် တင်ထားတဲ့ ပို့စ်တခု ဖတ်ရတယ်။ ရန်ကုန်မှာ ပဲပြုတ် တဆယ်သား ၁၂၀၀ ကျပ်ကနေ ၁၅၀၀ ဖြစ်သွားပြီ၊ အရင်လို ပဲပြုတ် ၅၀၀ ဖိုး ဝယ်မရတော့ဘဲ အနည်းဆုံး တ ထောင်ဖိုးပဲ ဝယ်ရတော့တဲ့အကြောင်း ရေးတင်ထားတာပါ။၂၀၂၁ ခုနှစ်၊ ရန်ကုန်မှာ ကျနော်တို့ရှိတုန်းက ပဲပြုတ် တဆယ်သား ၃၀၀ ကျပ်။ လေးနှစ်အတွင်း ပဲပြုတ် တဆယ်သား ဈေး ငါးဆ တက်သွားတယ်။ ဒါတောင် ဟိုအကောင်က ဒုတိယစာမျက်နှာ ဖွင့်ဦးမတဲ့။ ထားတော့၊ အကုသိုလ်ကောင်…။
ပြောချင်တာက ခုနေခါ စာအုပ်တန်ဖိုးတွေ တအုပ်ကို အနည်းဆုံး ၇၀၀၀ ကျပ်၊ ၈၀၀၀ ကျပ်ကနေ တသောင်း၊ တသောင်းခွဲ၊ နှစ်သောင်း၊ ကျပ်သုံးသောင်းခွဲ ဖြစ်နေပေမယ့် နာမည်ရှိတဲ့ စာအုပ်တိုက်တွေကတော့ သူတို့ထုတ်စရာရှိတဲ့ စာအုပ်တွေကို ပုံမှန်ထုတ်နေကြတာတွေ့ ရတယ်။ ဒါက ဘာပြောနေသလိုဆို စာဖတ်တဲ့ စာဖတ်ပရိသတ်တွေ အခိုင်အမာ ရှိနေတုန်းပဲ ၊ပြီးတော့ အသစ်တွေ ဘယ်လိုကောင်းကောင်း အဟောင်းကိုတော့ တလည်လည် ဆိုသလို ရှေးရှေးက စာအုပ်ကောင်းတွေ ပြန်ပြန်ထုတ်ဝေဖြန့်ချိနေကြတုန်း ဆိုတာပါပဲ။
မန္တလေးမြို့က လူထုကြီးပွားရေးစာအုပ်တိုက်ကနေ ၂၀၂၅ ခုနှစ်၊ မတ်လမှာ သတ္တမအကြိမ်မြောက်အဖြစ် ထုတ်ဝေလာတဲ့ စာအုပ်က လူထုဒေါ်အမာရဲ့ လက်ရာမြောက် “ပြည်သူချစ်သော အနုပညာသည်များ” စာအုပ်ပဲ ဖြစ်တယ်။ လူထုတိုက်ဟာ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ ရေးထားရစ်တဲ့ စာအုပ်ကောင်းတွေကို တအုပ်ပြီး တအုပ် ပြန်လည် ရိုက်နှိပ်ထုတ်ဝေနေတာ သတိမထားမိဘဲ မနေနိုင်အောင်ပါ။ ပြည်သူချစ်သောရဲ့ စာအုပ်ဈေးနှုန်းတွေကလည်း စိတ်ဝင်စားစရာ။ ၁၉၆၄ခုနှစ်မှာ ပြည်သူချစ်သော အနုပညာစာအုပ် ထုတ်ခဲ့တုန်းက စာတအုပ် ၅ ကျပ်၊ ဟော... အခု နှစ်ပေါင်း ၆၀ ကျော်ကြာ ၂၀၂၅ ခုနှစ်မှာ ထုတ်တော့ စာတအုပ်တန်ဖိုးက ကျပ် ၃၅,၀၀၀။
ပြည်သူချစ်သော အနုပညာသည်များ စာအုပ်မှာ အနုပညာရှင် ၈ ဦးအကြောင်း ရေးဖွဲ့ထားပြီး၊ ဒီထဲမှာ ၄ ယောက်က အငြိမ့်မင်းသမီးတွေအကြောင်း ဖြစ်နေ၊ မထွေးလေး၊ မြခြေကျင်း မငွေမြိုင်၊ ကောလိပ်စိန် ခေါ် မမြလွင် နဲ့ လေဘာတီမမြရင်တို့အကြောင်းတွေ ဖြစ်တယ်။ ဒေါ်အမာက အနုပညာရှင်ကြီးတွေ အကြောင်း ရေးဖွဲ့ထားတာမှာ သူတို့တတွေရဲ့အနုပညာဂုဏ်ကို ဦးစွာရေးဖွဲ့ပြီး အဲဒီနောက်မှာမှ အနုပညာရှင် တဦးချင်းစီရဲ့ စိတ်နေစိတ်ထား၊ ဘဝအကြောင်းတို့ကို ရောယှက်ပြီး ရေးတယ်။
ဒီလို ရေးရာမှာ ပုထုဇဉ်သဘာဝ အားနည်းချက်၊ အားသာချက်တို့ကိုလည်း မဖြစ်မနေ ထည့်သွင်းရေးဖွဲ့ထားတာ တွေ့ရတယ်။ ဥပမာ- မင်းသမီး မထွေးလေးဟာ ပိုက်ဆံကိုင် မသုံးတတ်တာ၊ လေဘာတီမမြရင်ကျ သူ့မိခင်ကပဲ ပိုက်ဆံကို စီမံခန့်ခွဲတာ၊ စတဲ့ ထူးခြားတဲ့ အလေ့တွေကို ကျွဲကူးရေပါ ထည့်သွင်းရေးဖွဲ့ထားတာမျိုးပါ။ စာအုပ် အဖွင့်ပါ “သတင်းကြီးသည့် မင်းသမီးမထွေးလေး”စာမှာတင် ဗဟုသုတဖြစ်ဖွယ် ခုလို ဖတ်ရတယ်။
“မန္တလေးအနှစ် ၁၀၀ သဘင်ခေတ်ကို အကြမ်းအားဖြင့် လေးပိုင်းမျှ ပိုင်း၍ ကြည့်လျင် မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းတရားနှင့် သားတော် သီပေါမင်းတို့ခေတ်တွင် နန်းတွင်း အီနောင်ဇာတ်၊ ရာမဇာတ် စသည်တို့ကို ကပြသည့် မယင်းတော် တို့၊ မကွမ်းငုံတို့၊ မဆင်ခိုး တို့၏ခေတ်ကို မန္တလေးပထမသဘင်ခေတ် သို့မဟုတ် ရတနာပုံခေတ်ဟု ခေါ်နိုင်ပါသည်။
မထွေးလေး တို့၊ ဆရာပု တို့ခေတ်ကို မန္တလေး ဒုတိယသဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။ မြခြေကျင်းငွေမြိုင် တို့၊ ဩဘာသောင်းတို့၊ လေဘာတီမမြရင် တို့၏ခေတ်ကို မန္တလေး တတိယသဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။ ယခု စစ်ပြီးကာလ ပန်တျာခေတ်ကို မန္တလေးစတုတ္ထသဘင်ခေတ်ဟု ခေါ်နိုင်ပါသည်။”
ဒီလို အသိအမြင်မျိုးရတာက ရှေးလူကြီးတွေ ရေးတဲ့စာတွေ ဖတ်မှ ရတတ်တာမျိုးပါ။ သဘင်ဆိုင်ရာ ကျမ်းအစောင်စောင် ကိုင်ဆောင် ဖတ်စရာမလိုဘဲ တမျက်နှာမရှိတရှိ ဖတ်ရတာနဲ့တင် အသိအမြင်ရှိလာတာမျိုးပါ။ ပြည်သူချစ်သော အနုပညာရှင်များစာအုပ်ကနေ ကောက်နုတ်ဖော်ပြလိုတဲ့ အနုပညာရှင်နှစ်ဦးကတော့ မထွေးလေးနဲ့ လောဘာတီမမြရင် တို့ပါ။ အငြိမ့်မင်းသမီးတွေချည်း ဖြစ်ကြပေမယ့် သူတို့နှစ်ဦးဟာ ပရိသတ်ကို ဖမ်းစားတဲ့နေရာမှာ အင်မတန်ကွဲပြားခြားနားတဲ့ မင်းသမီးတွေ ဖြစ်လို့ပါပဲ။
မထွေးလေး ဆိုတာက နန်းတွင်းက စုဖရားလတ်အနား ခစားခဲ့ရတဲ့ အပျိုတော်တဦးပါ။ သူ့ထူးခြားချက်က သူ့မျက်လုံးမှာ ရှိတယ်။ သူ့လိုပဲ ခေတ်ပြိုင်မင်းသမီးတလက်ဖြစ်တဲ့ ရွာစားကြီးစိန်ဗေဒါရဲ့ ဇနီး မင်းသမီး မစိန်မေက မထွေးလေး အကြောင်း ပြန်ပြောင်း ပြောပြရာမှာ “သူ့အလှတကာထဲတွင် မျက်လုံးဖြစ်၍ သူ့မျက်လုံး ဒဏ်ကို ခံနိုင်သူရှားလိမ့်မည်”ဟု ပြောပြပါသည်။
ဒေါ်စိန်မေနှင့် မထွေးလေးတို့သည် တခါက ဧည့်ခံပွဲတခု၌ အတူသီချင်းဆိုဖူးသည်။ ထိုစဉ်က မထွေးလေးက သီချင်းဆိုသည့် နေရာမှနေ၍ “မစိန်ရေ ကြည့်နော်၊ ဟိုနားထိုင်နေတဲ့ နားခံတော်မင်း ငါ့အနား ရောက်လာအောင် ငါ ဒီကနေပြီး လုပ်လိုက်မယ်”ဟု ရယ်၍ပြောပြီး မျက်လုံးနှင့် ခေါ်ယူလိုက်ရာ နားခံတော်မင်းသည် ထိုင်ရာမှ တကယ်တမ်း ထလာသည်ကို ကြုံရဖူးသည်။ မိန်းမက လှလည်းလှ၊ တတ်လည်းတတ် ၊ဆော့လည်းဆော့၍ သူနှင့်တွေ့လျှင် ဘယ်ယောကျ်ားမှ မတိမ်းမတ်ဘဲ မနေနိုင်အောင် ဖြစ်ရသည်။”
မထွေးလေးနဲ့ ကိုဘိုးကွန်း တို့ လင်မယား ဖဲရိုက်တာ ဝါသနာကြီးလွန်းလို့ ပွဲကရသမျှ ပိုက်ဆံ အဖတ်မတင်တာ၊ ကိုဘိုးကွန်း ဆုံးပြီးတဲ့နောက် သူ့တပည့် အီကင်းကိုမောင်ကြီးနဲ့ မထွေးလေး တို့ အကြောင်းပါမှပဲ ပွဲကရသမျှ ပိုက်ဆံ အဖတ်တင်ပြီး အလှူအတန်းပြုလုပ်လာနိုင်တာ စတာတွေလည်း စိတ်ဝင်စားဖွယ် ဖတ်ရတယ်။ လေဘာတီမမြရင် အကြောင်းဖတ်ရပြန်တော့ မထွေးလေးနဲ့ တဘာသာ။
မမြရင်က သဘင်မျိုးရိုးက ဆင်းသက်လာသူ၊ ရုပ်လည်းလှ၊ အသံဝါနဲ့ အသံကောင်း ၊အကကလည်း ညက်၊ တခြားသူနဲ့ ခေတ်ပြိုင်မင်းသမီးတွေနဲ့ မတူ ကွဲပြားတာကတော့ မမြရင်ဟာ အငြိမ့်မင်းသမီးပေမယ့် မကလက်၊ ဣနြေရှိတဲ့ မင်းသမီးဖြစ်နေတာပါပဲ၊ မမြရင်ကတဲ့ အငြိမ့်ကို အဖေနဲ့သမီး အတူထိုင်ကြည့်လို့ရတယ်။ “စန်း” အင်မတန်ကောင်းတဲ့၊ ပရိသတ်အင်မတန်ချစ်တဲ့ အငြိမ့်မင်းသမီးပါလို့ ဒေါ်အမာက ရေးဖွဲ့ပါတယ်။ “အသံမင်းသမီး မမြရင်” လို့ တင်စားရသည်အထိ အသံကောင်းပုံကို ခုလို ဖတ်ရတယ်။
“မမြရင်၏အသံမှာ အသံဝါကလေး ဖြစ်ပြီး အလွန်ကျက်သရေရှိသည့်အသံ ဖြစ်သည်။ သူ့အသံသည် ဆွဲတိုင်းလည်း ရသည်။ ဟစ်တိုင်းလည်း ပေါက်သည်။ မမြရင်က အလှည့်အပတ်များလည်း လှည့်တတ် ပတ်တတ်သည်။
မမြရင်တို့ခေတ်က အသံချဲ့စက်များ မပေါ်သေး၍ တပ်ဆင်ထားခြင်း မရှိပါ။ အငြိမ့်မင်းသမီးသည် မိမိ၏ပင်ကိုသံနှင့်ပင် ပွဲခင်းကို မပေါက် ပေါက်အောင် ကြိုးစားဆိုကြရသည်။ မမြရင်၏ အသံမှာကား သူ ဟစ်ဆိုလိုက်သည့်အခါ ဘုရားပွဲများဆိုလျှင် ပြိုင်ကနေသည့် အခြားပွဲခင်းကလူကို သူ့ဆီရောက်အောင် ခေါ်သလို သူ့အသံက ပွဲကူး၍ပေါက်လာလေသည်။ မမြင်ရင်နှင့် ကဖူးသည့် လူပြက် ချန်ပီယံ ဘလှိုင်ကြီးက “ခုကာလ မင်းသမီးတွေ အသံချဲ့စက်ရှိလို့သာ ထမင်းစားရတာပေါ့၊ သူတို့ပင်ကိုသံက ခြင်မြည်သလောက်ရှိတာပဲ” ဟု ဝေဖန်သည်။
မမြရင်၏ အသံသည် ဘယ်လောက်အော်အော် အသံဝင်သည်၊ အသံပြာသည်၊ နင်သွားသည်ဟု မရှိ။ ပွဲဆက်များ၍လည်း အသံမဝင်တတ်ပေ။ မမြရင် ကျော်သည်ဆိုရာ၌ အသံကောင်းမှုသည် ရာခိုင်နှုန်းအများကြီး ပါလေသည်။”
ပွဲကြည့်ပရိသတ် ၂,၀၀၀ ကျော် ကြားအောင် သီဆိုဖျော်ဖြေခဲ့တဲ့ လေဘာတီမမြရင်၊ ချစ်သူက ပွဲကြည့်စင်ပေါ်ထိ တက်ဆွဲပြီး ပွဲမကရအောင် သဝန်တိုတာခံရတဲ့ မမြရင်၊ တလတည်း ပွဲချီ ၃၀ ကျော်အောင် ကရတဲ့ တဦးတည်းသော အငြိမ့်မင်းသမီး မမြရင်၊ ပရိသတ်ချစ်တာခံရတဲ့၊ ပရိသတ်ကို “ကြာ” မပစ်ဘဲ သီဆိုကပြတတ်တဲ့ မမြရင်၊ ဪ... မြရင် မြရင်”ဆိုတဲ့ အငြိမ့်မင်းသမီးဟာ စစ်ကြီးအတွင်း စစ်ပြေးရင်း ဖျားနာ သေဆုံးခဲ့ရတယ်။
“ပြည်သူချစ်သော အနုပညာသည်များ”စာအုပ်ထဲမှာ အစောပိုင်းပြောခဲ့တဲ့ အငြိမ့်မင်းသမီး လေးယောက်အကြောင်းအပြင် ရုပ်သေးမင်းသမီး ဆရာပုကြီး၊ ရွာစားစိန်ဗေဒါ၊ နန်းတော်ရှေ့ဆရာတင် နဲ့ မြို့မငြိမ်းတို့ အကြောင်းတွေ ပါဝင်တယ်။ အနုပညာသည်တွေအကြောင်းဖတ်ရင်း သူတို့ ဖြတ်သန်းခဲ့တဲ့ ခေတ်တွေကို မြင်ရ ကြားရတယ်။ သူတို့တွေ ဘာလို့ကျော် ဆိုတာလည်း မြည်းစမ်းခွင့်ရတယ်။ တမူထူးတဲ့ ဘဝအတွေ့အကြုံနဲ့ အတွေးအမြင်တွေကိုလည်း သိခွင့်ရတယ်။ သူတို့နဲ့ လက်တွဲဖော် အနုပညာသည်တွေအကြောင်းလည်း တပါတည်း တွေ့မြင် ကြားသိရတယ်။
တလောက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခါသမယမှာ ပေါ်ထွက်ခဲ့တဲ့ သတင်းတခုအရ အခု အကျဉ်းကျ ကာလအတွင်း သူ မှာဖတ်ခဲ့တဲ့ စာအုပ် ၂,၀၀၀ ကျော်ထဲမှာ လူထုဒေါ်အမာ ရေးတဲ့ “ပြည်သူချစ်သောအနုပညာ သည်များ”စာအုပ်လည်း ပါပါတယ်။ ဝယ်ဖတ်၊ အခါခါ ဖတ်မှတ်ပြီး စာအုပ်စင်မှာ တရိုတသေ သိမ်းထားရမယ့် စာအုပ်မျိုးပါ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar