ကိုသန်းလွင် - ပျောက်ဆုံးနေသော မြေးငယ်လေးများ
ကိုသန်းလွင် - ပျောက်ဆုံးနေသော မြေးငယ်လေးများ
မိုးမခ ၊ ဩဂုတ် ၁၁ ၊ ၂၀၂၅
( ၁ )
ကမ္ဘာပေါ်ရှိ များစွာသောဓာတ်ခွဲခန်းများတွင် (gene therapy) ကို အသုံးပြု၍ ရောဂါများကို ကုစားလျက် ရှိပါသည်။ Sickel Cell disease နှင့် ကင်ဆာရောဂါ အများအပြားမှာ ဤကုထုံးကို အသုံးပြုရပါသည်။ သို့သော် အာဂျင်တီးနားနိုင်ငံတွင်မူ ဂျင်းကို သုံး၍ ပျောက်ဆုံးနေသော မိမိ သားသမီးများကို ရှာဖွေပေးနေပါသည်။
( ၂ )
BNDG Banco Nacional de Datos Genetics ခေါ် ဂျင်း ဒေတာဘဏ်သည် များစွာသော လူတို့ကို သူတို့၏ သားသမီးများကို သက်သေပြနိုင်အောင် စီစဉ်ပေးခဲ့သည်။ အာဂျင်တီးနားနိုင်ငံတွင် ၁၉၇၆ ခုနှစ် မတ်လ ၂၄ ရက် တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်တွင် သမ္မတ အယ်ဖွန်စင် (Raul Alfonson) ၏ ဒီမိုကရက်တစ်အစိုးရ တက်လာသည်အထိ စစ်တပ်က အုပ်ချုပ်ခဲ့သည်မှာ ၇ နှစ်ခန့် ကြာမြင့်ခဲ့သည်။ စစ်တပ် အုပ်ချုပ်ခဲ့စဉ်အတွင်း ကိုယ်ဝန်ဆောင်မိခင် ၃၅၈ ဦးအပါအဝင် လူပေါင်း ၃၀၀၀၀ ကျော်ကို အစပျောက်စေခဲ့ပါသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ သားသမီး မွေးဖွားသည်အထိ အသက်ရှင်နေပြီးနောက် ဘာသံမှ မကြားရတော့ပါ။ မွေးခါစကလေးငယ်များကို မိခင်ထံမှ ယူဆောင်သွားပြီး အစိုးရကို ထောက်ခံသော မိဘများထံ အပ်နှံ၍ မွေးမြူခိုင်းလိုက်ကြသည်။ ဤနည်းဖြင့် ကလေးငယ်များမှာ မွေးနေ့ အသစ်၊ နာမည်အသစ်များဖြင့် သူစိမ်း မိဘများထံမှာ ကြီးပြင်းကြရသည်။
သို့သော် စစ်တပ်က ပယ်ဖျက်မရနိုင်ခဲ့သည်မှာ ထိုကလေးများနှင့် မိဘများ၏ အချစ်နှင့် မေတ္တာစိတ်တို့ ဖြစ်ပါသည်။ ထိုမေတ္တာစိတ်များကြောင့်ပင် နောင်အခါ၌ အမေရိကန်သိပ္ပံပညာရှင်များ၏ အကူအညီနှင့် အမှန်တရားကို ထိန်းသိမ်းထားနိုင်ရန် ကြိုးစားခဲ့ကြသည်။ မိဘများမှာ သူတို့သားသမီးများ ဆုံးပါးရသည့်အပြင် သူတို့ မြေးငယ်များ သတင်းကို ဘာမှစုံစမ်း၍ မရဘဲ ဖြစ်ကြရသည်။ သူတို့သည် ဘုရားရှိခိုးကျောင်းများ၊ တရားရုံးများ၊ ပြည်ထဲရေးဝန်ကြီးဌာနရုံးများသို့ အနှံ့အပြား သွားရောက်ပြီး မိမိနှင့်ဘဝတူများနှင့် အချင်းချင်း တွေ့ဆုံကြသည်။ သူတို့က အသင်းအဖွဲ့တစ်ခုကို ထူထောင်လိုက်ကြရာ အာဂျင်တီးနား သမ္မတနန်းတော်ရှေ့ရှိ ရင်ပြင်ကို ကိုယ်စားပြု၍ “အဗြူလာ” (Abuelas de plaza de Mayo) အဖွဲ့ဟု ထင်ရှားလာသည်။
ထိုအဖွဲ့က ဦးဆောင်၍ တစ်ပတ် တစ်ကြိမ် ကြာသပတေးနေ့တိုင်း နန်းတော်ရှေ့ရင်ပြင်တွင် ဆန္ဒပြခဲ့ကြသည်။ တဖြည်းဖြည်း အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆက်သွယ်သည်သာမက ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံကာ သူတို့ပြဿနာများကို ရင်ဖွင့်ကြသည်။ သူတို့သည် ပုရွက်ဆိတ်များ၊ ပျားများ၊ စပိုင်များသဖွယ် အသွင်အမျိုးမျိုးနှင့် လိုချင်သောအဖြေကို ရရှိအောင် ဆောင်ရွက်ခဲ့ကြသည်။
အသင်းကြီး၏အမည်ကို လူများက တဖြည်းဖြည်း သတိပြုမိလာကြပြီး သူတို့ဆန္ဒပြရာ ရင်ပြင်တွင် စာရွက် စာတမ်း၊ မှတ်တမ်းမှတ်ရာ၊ လျှို့ဝှက်သိပ်သည်းစွာ ရေးမှတ်လာသော အမှတ်အသားများကို လက်ဆင့်ကမ်းဝေငှကြသည်။ ထိုမှတ်တမ်းများကို အခြေခံ၍ အဗြူလာအဖွဲ့ဝင်များ၏ ဆွေမျိုးများကို ခြေရာခံနိုင်ခဲ့ကြသည်။
၁၉၈၂ ခုနှစ်တွင် စစ်ဗိုလ်ချုပ်များ၏ ဖေါက်ကလင်ကျွန်း (Falkland Islands) ကိစ္စတွင် အရေး ရှုံးနိမ့်ခဲ့ခြင်းကြောင့် အစိုးရသစ် တက်လာခဲ့ပြီး နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲခဲ့သည်။ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများမှာ ရပ်တန့်သွားခဲ့သည်။ သို့သော် စစ်အစိုးရက ကလေးများကို မိဘများနှင့် ပြန်လည်တွေ့ဆုံခွင့်ကို မပေးခဲ့ပါချေ။ အဗြူလာအဖွဲ့သည် သိပ္ပံပညာရှင်များထံသို့ သွားကာ သူတို့၏သွေးကို စစ်ဆေးကြည့်၍ မိမိတို့၏ အမျိုးတို့ကို သိနိုင်ပါမည်လားဟု မေးကြပါသည်။ ထိုအချိန်က ဒီအင်အေ (DNA-Deoxyribonucleic Acid) စစ်ဆေးခြင်းလည်း မပေါ်ပေါက်သေးပါ။ နှစ်ပေါင်းများစွာကြာအောင် သိပ္ပံပညာရှင်များက လိုချင်သောအဖြေကို မပေးနိုင်ခဲ့ကြပါ။ မိဘ ဟုတ်၊ မဟုတ်ကို စမ်းသပ်နိုင်သော်လည်း အဖေကြီး အမေကြီး ဟုတ်၊ မဟုတ်ကို စစ်ဆေးနိုင် ရန်မှာ မိမိ မိခင်၊ ဖခင်အရင်းတို့၏ သွေးကို မရရှိဘဲ မဖြစ်နိုင်ပါ။
နောက်ဆုံးတွင်မှ အမေရိကန်မှ ဂျင်းပညာရှင် ဒေါ်တာ မာရီကလဲယာ ကင်း (Dr. Mary clare King) ကို တွေ့ကြသည်။ ကင်းမှာ BRCA I နို့ကင်ဆာဂျင်းကို တွေ့ရှိခဲ့သောကြောင့် ကျော်ကြားနေချိန် ဖြစ်သည်။ သူသည် ကာလီဖိုးနီးယား တက္ကသိုလ်မှ ပီ၊ အိတ်ချ၊ ဒီ ကျောင်းသားအဖြစ် ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်ခဲ့သူ ဖြစ်၏။ သူသည် ၁၉၇၃ ခုနှစ် ပညာရေးလဲလှယ်ရေး အစီအစဉ်အရ ချီလီနိုင်ငံတွင် စာသင်ကြားပို့ချပေးနေခဲ့သည်။ သူ့ သမီးသည် အဗြူလာတို့ ရှာဖွေနေသည့် ကလေးများအရွယ် ဖြစ်နေပါသည်။ သူသည် အာဂျင်တီးနားနိုင်ငံမှာသာ ရှိနေခဲ့ပါက သူ့သမီးသည်လည်း အဖမ်းခံရနိုင်ကြောင်း ပြောပြပါသည်။
သူသည် အခြား အဗြူလာများနှင့် ပူးပေါင်းကာ (Index of grandpaternity) ကို တီထွင်ခဲ့သည်။ ထိုညီမျှခြင်းကို သုံး၍ ကလေးသည် တစ်စုံတစ်ယောက်၏မြေး ဟုတ်၊ မဟုတ်ကို စမ်းသပ်၍ရနိုင်ပါသည်။ ထိုဖော်မြူလာသည် အဗြူလာတို့၏ လက်သုံး ဖြစ်လာခဲ့သည်။
ဒီအင်အေ စမ်းသပ်မှုစနစ် ပေါ်လာသောအခါ အဗြူလာတို့သည် ပို၍အားကောင်းလာသော ကိရိယာတို့ဖြင့် ရှာဖွေနည်းကို တတ်မြောက်ခဲ့ကြသည်။ နျူကလီးယာ ဒီအင်အေ ဆိုသည်မှာ ဆဲလ်တွင်ရှိသော နျူကလီ ယပ် ထဲရှိ ဂျင်းဆိုင်ရာ အချက်အလက်များကို မိဘမှ သားသမီးသို့ ကူးပြောင်းခြင်းကို ခေါ်သည်။ mitochondrial ဒီအင်အေဆိုသည်မှာ ဆဲလ်အတွင်း နျူကလိယပ်ပြင်ပမှ ဂျင်းဆိုင်ရာ ပစ္စည်းများကို မိခင်မှ သားသမီးများကို ကူးပြောင်းပေးခြင်းကို ဆိုလိုပါသည်။ ၎င်းသည် အမေကြီးနှင့် သားသမီး မြေးတို့အထိ ဆက်စပ်ပေးသည်။
မိဘတစ်ဦးသည် သားနှင့်သမီး ရှိသည်ဆိုလျှင် mintochondrial ဒီအင်အေသည် မိခင်ဖြစ်သူကသာ လက်ဆင့်ကမ်းပေးနိုင်ပြီး၊ သားဖြစ်သူက လက်ဆင့်မကမ်းနိုင်ပေ။ သမီးဖြစ်သူ အဖမ်းခံရချိန်တွင် မိဘများမှာ ၅၀-၆၀ အရွယ်များ ဖြစ်ကြရာ ယခုအချိန်တွင် အသက်အရွယ် ကြီးရင့်၍ သေဆုံးနိုင်သွားနိုင်သောကြောင့် မိဘများ၏ သွေးဆိုင်ရာအချက်အလက်များကို ထိန်းသိမ်းထားနိုင်ရန် အကြံရကြသည်။ ၁၉ဂ၇ ခုနှစ်တွင် အဗြူလာ၏ အကြံပေးချက်ဖြင့် ဒေတာဘဏ် ဖြစ်ပေါ် လာသည်။
ယခု မီလေး (Javier Milei) အစိုးရက အဗြူလာ၏ လုပ်ငန်းများကို အားမပေးခဲ့ပေ။ သူက စစ်အစိုးရ အုပ်ချုပ်သည့် အချိန်များကို ကြောက်မက်ဖွယ်ရာ အချိန်များဟု မသတ်မှတ်လိုဘဲ လုပ်စရာရှိသည်များကို လုပ်ခဲ့သည်ဟုသာ ယူဆလိုသူ ဖြစ်သည်။ သူ့အစိုးရက ပျောက်ဆုံးသူများ ရှာဖွေရန် ရန်ပုံငွေများကို ဖြတ်တောက်ခဲ့သည်။ ရန်ပုံငွေရှားပါးသွားချိန်တွင် အဖွဲ့ကြီးမှာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ အထောက်အပံ့ဖြင့်သာ ခရီးဆက်ရတော့သည်။
မေလ ၂၂ ရက်နေ့တွင် အစိုးရက ဘဏ်ကို ပိတ်ပစ်ရန် ကြိုးစားခဲ့ရာ မအောင်မြင်ခဲ့ပေ။ အဖွဲ့၏ မှတ်တမ်းမှတ်ရာများကို ထိန်းသိမ်းထားရန်လိုပြီး ဖျက်သိမ်းလိုပါက တရားရုံးသို့ တင်ပြ၍ တရားရုံး၏ အဆုံးအဖြတ်ကို ယူရန် အမြင့်ဆုံးတရားရုံးက အမိန့်ချမှတ်ခဲ့သည်။ အစိုးရက အဖွဲ့အတွက် ဘတ်ဂျတ်အသစ်ကိုလည်း ချမပေး၊ ဘဏ်ဥက္ကဋ္ဌရာထူးကိုလည်း သက်တမ်းကုန်ဆုံးချိန်၌ပင် အသစ်ရွေးချယ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ ယခုလက်ရှိ ဘဏ်ဥက္ကဋ္ဌ ဒေါက်တာ ပီညဲရိုးမှာ ဆွေမျိုး ၃ ဦးအနက် ၂ ဦးမှာ ပျောက်ဆုံးသွားခဲ့သူ ဖြစ်သည်။
( ၃ )
မစ္စတာ ဂွန်ဇာလက်သည် ဘီအင်ဒီဂျီရုံးပေါ်သို့ သူ၏သွေးနမူနာကို ပေးရန်ရောက်ရှိလာသည်။ သူသည် ဗွာနာအေရီး မြို့ရှိရုံးပေါ်သို့ ရောက်သွားသောအခါဆိုင်ရာတို့က သူ့ကို အဖြူရောင်ဖိုင်တစ်ခု ပေးအပ်ခဲ့သည်။ ထိုဖိုင်အဖုံးမှာ သတိရစရာ၊ အမှန်တရား၊ တရားမျှတမှု၊ သိပ္ပံနှင့် မည်သူမည်ဝါ ဖြစ်သည် ဆိုသော စာများကို ရေးသားထားသည်။ သူသည် သူ့ကို မွေးဖွားခဲ့သော မိဘအရင်းနှင့် နေထိုင်ရသူ မဟုတ်ပါ။ ယခုနေရသော မိဘနှစ်ပါးက လူဖြစ်အောင် ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ သူ၏မိခင်အရင်း၏အမည်မှာ ခရစ္စတီးနား နာဗာရာ (christina Silvia Navajas) ဖြစ်ပြီး စစ်တပ်၏ ဖမ်းဆီးခြင်းကို ၁၉၇၆ ခုနှစ် ဇူလိုင်လက ခံခဲ့ရသည်။ သူ့ဖခင်မှာ မိခင်အဖမ်းခံရပြီးနောက် နိုင်ငံခြားသို့ ထွက်ပြေးရာ ယခုအခါ အသက်ရှင်လျက် ရှိပါသေးသည်။
သူ့အမေကြီး ဂိုမက် (Nelida Gomez de Navajas) မှာ အဗြူလာအသင်းဝင်တစ်ဦးဖြစ်ပြီး အသင်းကြီး၏ သိပ္ပံနည်းကျ စုံစမ်းရသော အမှုများတွင် တက်ကြွစွာ ပါဝင်လေ့ရှိသူ ဖြစ်၏ ။ သို့သော် သူသည် ၂၀၁၂ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါပြီ။ သူ့သမီး အဖမ်းခံရပြီးကတည်းက နှစ်စဉ်နှစ်တိုင်း သူ့မွေးနေ့ဟု မှတ်ထင်ရသော နေ့တိုင်း ကိတ်မုန့်ကိုဖုတ်ကာ ဖယောင်းတိုင်ကို မီးမှုတ်၍ မုန့်ကို အဗြူလာ ဌာနချုပ်သို့ ပို့ဆောင်စေခဲ့ပါသည်။
မကြာခင်က သူ၏ညီအစ်ကိုတော်သူနှင့် ဗီဒီယို chat နှင့် စကားပြောခဲ့ရသည်။ မျက်ရည်များကြားမှ သူ့ကို စိတ်ဓာတ်မကျ ရှာဖွေခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောသည်။ သူ့အမည်ကို နာဗာရာ သို့ (Deniel Santucho Navajas) ပြောင်းလိုက်ပြီး သူ့မွေးနေ့အစစ် ၁၉၇၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်ကို လက်မောင်းအောက်ဘက်တွင် အဗြူလာ၏ အထိမ်းအမှတ် ပဝါအဖြူနှင့်တွဲ၍ တက်တူး (Tatoo) ရေးထိုးခဲ့ပါသည်။ ပဝါဖြူ မှာအဖွဲ့ဝင်များ၏ အပတ်စဉ် ဆန္ဒပြပွဲများတွင် ခေါင်းကို ခြုံခဲ့ကြသည်။
သူသည် အဗြူလာက တွေ့ခဲ့သည့် ၁၃၃ ကြိမ်မြောက် ကလေး ဖြစ်ပြီး နောက်ထပ် လူ ၆ယောက်ကို ထပ်မံအတည်ပြုနိုင်ခဲ့သည်။ ဇန်နဝါရီလက နောက်ဆုံး တွေ့ခဲ့သည့် ကလေးမှာ ၁၃၉ ယောက်မြောက် ဖြစ်သည်။ ဒေတာဘဏ်၏ အလုပ်များကို တားဆီးခြင်းသည် ပေါင်းဆုံရန် ကျန်ရှိသူများကို တားဆီးခြင်း ဖြစ်သည်။ အာဂျင်တီးနားနိုင်ငံ၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်များကို အနာကျက်စေရန် လုပ်ဆောင်ရေးအတွက်လည်း အနှောင့်အယှက် ဖြစ်နေပါသည်။
ကိုသန်းလွင်
Ref: How a group of Grandmothers revealed the Argentina’s Past, By Haley Gilliland, NY Times July 5 2025
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar