Breaking News

သမ္မတ ဦးဝင်းမြင့် မြန်မာနှစ်ဆန်းတရက်နေ့ မှာ လွတ်မြောက်လာ


မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၁၆ မြင်ကွင်း

(မိုးမခ) ဧပြီ ၁၇ ၊ ၂၀၂၆


သမ္မတ ဦးဝင်းမြင့် မြန်မာနှစ်ဆန်းတရက်နေ့ မှာ လွတ်မြောက်လာ 

ပြည်ပရောက် မြန်မာသတင်းဌာနတွေက သမ္မတဦးဝင်းမြင့် လို့ သုံးနှုန်းကြပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ကတော့ သမ္မတဟောင်းလို့လည်း မသုံးနှုန်းသလို ယဥ်ကျေးမှုအရပင်လျင် ဦး တပ်မခေါ်ဘဲ ဝင်းမြင့် အဘအမည် .... ဆိုတဲ့ အကျဥ်းကျသူ အသုံးအနှုန်းနဲ့ နှစ်ဆန်း ၁ ရက်နေ့ လွတ်ငြိမ်းခွင့်ကို သမ္မတဦးဝင်းမြင့် တဦးထည်းအတွက် သီးခြားထုတ်ပြန်ချက်နဲ့ ကြေညာခဲ့ပါတယ်။ 

နိုင်ငံတကာ သတင်းဌာနတွေကတော့ “ရာထူးမှ ဖယ်ရှားခံရသော သမ္မတ”၊ “သမ္မတဟောင်း ဦးဝင်းမြင့်” စတဲ့ အသုံးအနှုန်းနဲ့ ရေးသားဖေါ်ပြကြတာတွေ့ရတာ ဖြစ်ပါတယ်။ ဦးဝင်းမြင့်ကို အမျိုးသားညီညွတ်ရေး အစိုးရမှာ သမ္မတ ရာထူးထည့်သွင်း ထားတာ၊ ကမ္ဘာ့ကုလသမဂ္ဂက တရားဝင် ဖေါ်ပြမှုမှာ ဦးဝင်းမြင့်ကို သမ္မတအဖြစ်ဆက်လက်ထားရှိတာ စတဲ့ မတူညီတဲ့ အသုံးအနှုန်း၊ အသိအမှတ်ပြုမှုတွေလည်း ရှိနေကြတာ ဖြစ်ပါတယ်။ 

သို့ပေမယ့် လက်တွေ့အခြေအနေအရ ပကတိ အခြေအနေအရတော့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ သမ္မတအဖြစ် ခန့်အပ်ထားခြင်းကို ကာယကံရှင်က လက်ခံသဘောတူသလား မတူသလား စတဲ့မေးခွန်းတွေလည်း ရှိနေတဲ့ အနေအထားဖြစ်ကာ အခုလို အာဏာသိမ်းစစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ အကျဥ်းထောင်က လွတ်လာတဲ့ နိုင်ငံရေးသမား တယောက် အနေနဲ့ ယခုချက်ခြင်း ရှင်းလင်းဖြေကြားဖို့ မလွယ်တဲ့အခြေအနေ ဖြစ်လိမ့်မယ်လို့ မှန်းဆရပါတယ်။ 

နှစ်စဥ် မြန်မာနှစ်သစ်ကူးတဲ့ နှစ်ဆန်း တရက်နေ့ဖြစ်တဲ့ ဧပြီလ ၁၇ ရက်နေ့မှာ လွတ်ငြိမ်းခွင့် ကြေညာလေ့ရှိတာကြောင့် ယခုနှစ်လည်း လွတ်ငြိမ်းခွင့်ကြေညာချက် ထွက်ပေါ်လာလိမ့်မယ်ဆိုတာ အများက မျှော်လင့်ထားကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ယခုနှစ် နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်းခွင့်က ၂၀၂၅/၂၆ ရွေးကောက်ပွဲကျင်းပပြီးစီးကာ အစိုးရအဖွဲ့လည်း ဖွဲ့ပြီး နိုင်ငံအာဏာအလုံးစုံကို ရယူလိုပြီး ရာထူးအားဖြင့် သမ္မတဖြစ်ချင်တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ သူဖြစ်ချင်တဲ့ သမ္မတ ဖြစ်လာပြီမို့လို အောင်မြင်မှုအဖြစ်နဲ့ ယုံကြည်မှုရှိကြောင်း ပြသဖို့ရာ ယခုနှစ် လွတ်ငြိမ်းခွင့်က ယခင်နှစ်တွေထက် ပိုပြီးထူးခြားမှု ရှိကောင်းရှိလိမ့်မယ်လို့ မှန်းဆထားကြတာ လည်း ဖြစ်ပါတယ်။  

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ အပြီး ရက်အနည်းငယ်အကြာမှာ နေအိမ်အကျယ်ချုပ်နဲ့ ၇ နှစ်နီးပါး ထားရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နအဖ အစိုးရက လွှတ်ပေးခဲ့တဲ့ အစဥ်အလာ၊ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ ဖွဲ့ပြီးချိန် နိုင်ငံရေး အကျဥ်းသားတွေ အများအပြားကို တသုတ်ပြီးတသုတ် လွှတ်ပေးခဲ့တဲ့ အစဥ်အလာတွေ အရ ယခု ၂၀၂၆ ခုနှစ် ဧပြီလမှာ လွှတ်တော်က သမ္မတနဲ့ အစိုးရအဖွဲ့ကို အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံရေးအရ ယုံကြည်မှုတခုကို ပြသတဲ့အနေနဲ့ သော်လည်းကောင်း နိုင်ငံတကာ အစိုးရတွေကို စည်းရုံးဖို့ အတွက် ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး အကျဥ်းသားတွေကို လွှတ်ပေးလိမ့်မယ်လို့ ယူဆခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေရာမှာ ဘယ်လောက် အတိုင်းအတာထိ လွှတ်ပေးနိုင်မလဲ၊ ပြည်သူအများစုရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးမလား ဆိုတဲ့ တွေးဆမှုတွေလည်း ရှိနေခဲ့တာပါ။ 

ဒီအနေအထားမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘဲ သမ္မတဟောင်း ဦးဝင်းမြင့်ကိုသာ ဧပြီ ၁၇ ရက်နေ့မှာ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ တောင်ငူထောင်မှာ အကျဥ်းကျနေတဲ့ ဦးဝင်းမြင့်ကို ဧပြီ ၁၇ ရက်နေ့မှာ အကျဥ်းထောင်ထဲကနေ လာရောက်ခေါ်ဆောင်ကာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ နောက်တကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၄င်းအပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံစေရမည်” ဆိုတဲ့ ချွင်းချက်နဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ဦးဝင်းမြင့်ကိုသာ လွှတ်ပေးပြီး တရားရုံးအမှုတင်စဥ်က တတွဲထည်း တရားရုံးထုတ်ခါ စီရင်ချက်ချရာမှာ ပါဝင်ခဲ့တဲ့ NLD ပါတီဥက္ကဋ္ဌ၊ ၂၀၁၆ ကနေ ၂၀၂၀ ထိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ လွှတ်ပေးဖို့ မဝံ့တဲ့ အနေအထားလို့ ဆိုရမှာ ဖြစ်ပါတယ်။ နှစ်ဆန်းတရက်နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေလည်း ပေါ်ထွက်နေခဲ့ပေမဲ့ ဧပြီလ ၁၇ ရက်နေ့သာ ကုန်ဆုံးသွားပေမယ့် ဘယ်နေအိမ်မှာမှ အကျယ်ချုပ်ပြောင်းလဲတဲ့ အထောက်အထား မတွေ့ရှိခဲ့ရပါဘူး။ 

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ အခုလို ဦးဝင်းမြင့်ကို လွှတ်ပေးလိုက်ခြင်းဟာ မြေပေါ်နိုင်ငံရေးအရ ဆန့်ကျင်မှုတွေကို ထိန်းသိမ်းနိုင်တဲ့အနေအထား ပုံမှန်အခြေအနေမျိုး ပြန်ရောက်ဖို့ မဝေးတော့ဘူးဆိုတာကို ပြသဖို့ ကြိုးပမ်းမှုတရပ်လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ တဖက်မှာ နိုင်ငံတကာအသိုက်အဝန်းကို သံတမန်ရေးအရ ပြန်လည် ချဥ်းကပ်ဖို့ ကြိုးပမ်းတဲ့ ရည်ရွယ်ချက်လည်း ပါဝင်ကောင်း ပါဝင်တယ်လို့ ယူဆရပါတယ်။ 

နောက် ရှုထောင့်တခုကတော့ ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးပြီး ပြည်တွင်း မြေပေါ် နိုင်ငံရေး အခင်းအကျင်းနဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်တွေရဲ့ အနေအထားကို ဟန်ချက်ပြောင်းလဲသွားဖို့ စမ်းသပ်လုပ်ဆောင်မှု တခုဖြစ်နိုင်တယ်ဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ ဦးဝင်းမြင့် အနေနဲ့ NUG, CRPH တို့အပေါ် ဘယ်လို သဘောထားမလဲ။ ဒေါ်အောင်ဆန်းစုကြည်လို အဆုံးအဖြတ် ပေးနိုင်သူ မဟုတ်သည့်တိုင် NUG, CRPH မှာ ခေါင်းဆောင်နေကြတဲ့ NLD ပါတီခေါင်းဆောင်တွေထက် ပါတီမှာ သြဇာပိုမိုရှိသူ ဖြစ်တဲ့ ဦးဝင်းမြင့်ရဲ့ သဘောထားက မြေအောက်နိုင်ငံရေး အခင်းအကျင်းကို လှုပ်ခတ်သွားစေနိုင် မလားဆိုတဲ့ ယူဆချက် ဖြစ်ပါတယ်။ 

ပထမအဆင့်အနေနဲ့ ဦးဝင်းမြင့်ကို လွှတ်ပေးပြီး အထက်က သက်ရောက်မှုတွေ၊ ပြောင်းလဲသွားတဲ့ အနေအထားတွေကို လေ့လာပြီး နောက်တဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်၊ မလွှတ် ပြန်အကဲဖြတ်တာ ဆုံးဖြတ်တာတွေလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 

အမှန်အတိုင်းဆိုရရင် NUG, CRPH အခင်းအကျင်းတွေက စစ်အာဏာမသိမ်းမီ ရက်ပိုင်းတွေမှာ NLD ပါတီအနေနဲ့ ကြိုတင် မှန်းဆထားခြင်း မရှိသလို၊ တိုင်ပင်ဆွေးနွေးကာ တာဝန်ခွဲဝေထားကြတာမျိုးလည်း မဟုတ်တာကြောင့် NUG, CRPH တို့အနေနဲ့ ဦးဝင်းမြင့် လွတ်မြောက်လာပြီးနောက် ၄င်းရဲ့ မှတ်ချက် သဘောထားတွေကို အထူးဂရုပြု စောင့်နားထောင်နေကြ ရမှာ အသေအချာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar