Breaking News

ရှင်ရဲထွဋ် - မနက်ဖြန်သော့ခလောက်

Art- Aung Htet
 
မနက်ဖြန်သော့ခလောက်
ရှင်ရဲထွဋ်
(မိုးမခ) ဩဂုတ် ၁၄၊ ၂၀၂၅


ရှမ်းဘုန်းကြီးအိပ်မက်
စာရွက်တရွက်ရလာရင်
ခွန်နစ်စောင်တိတိတော့ကူးရေးပြီး
လိုက်ဝေပေးရမှာပဲ၊
ကြောက်စိတ်က
သစ်ဆွေးတုံးထဲမှာပေါက်နေတဲ့
ကပ်ပါးမှိုတမျိုး၊
လူတိုင်းဟာ
စိုးမိုးမေတ္တာဇာတ်လမ်းထဲက
ကိုရင်သိန်းတန်တွေပဲ၊
မိုးညိုရောက်ရင်အဖမ်းခံရမယ်မှန်း
ဘယ်သူမှကြိုမသိကြသလိုမျိုးဆိုပါစို့၊
မဲနယ်ရောင်ကြောင်မကြီးဟာ
ဒွန်း နို့ဆီဘူးပေါ်ကနို့စားနွားမကြီးလို
အဖြူတကွက်အနက်တကွက်နဲ့
ကြောင်လေးတွေမွေးတဲ့ပျော်စရာမျိုးကိုလည်း
ဘယ်မနက်ဖြန်ကမှချမပြခဲ့သလို၊
စားမယ့်ကွမ်းယာထဲသဲပါတာကစလို့
ဘဲသားဆန်ပြုတ်ကြွပ်ကြွပ်အိပ်
အပေါက်သေးသေးလေးပါတာအထိ
ဘယ်သူကနီးမှကပ်ပြောခဲ့ဖူးလို့လဲ၊
လူဆိုတာ
ပိုက်ဆံရှင်းကာနီးမှ
တိတ်ကပ်ထားတာမျိုးနဲ့တွေ့ရ၊
မင်းသားနဲ့မင်းသမီးနမ်းခါနီးမှ
ရထားဖြတ်သွားတာကြုံရ၊
ဦးရှင်ကြီးဟာ
နတ်စိမ်း စာမေးပွဲမှာ
သူ့မနက်ဖြန်သူမသိသေးလို့
စောင်းတလက်နဲ့ဗျာများခဲ့သူပေါ့၊
ခုရောက်နေတဲ့နေရာကလှမ်းတိုင်းရင်
နှစ်ဆယ့်လေးနာရီတိအမှတ်ဟာ
မနက်ဖြန်ဆိုပေမယ့်
အဲသည်အကွာအဝေးပါးပါးလေးအတွက်
ပြင်ဆင်ထားသမျှ
ဂါထာတိုင်းအစွမ်းမထက်၊
မနက်ဖြန်ဟာတစ္ဆေတကောင်
မနက်ဖြန်ဟာ ပွန်ပီမီးတောင်၊
အနာဂတ်ကိုပစ်ခတ်သမျှ
'ဝီလျှံတဲ' လိုလက်တည့်တဲ့သူရှားပါတယ်၊
အရှုပ်အရှင်းကင်းတဲ့လမ်းပေါ်တောင်
ရထားဟာလမ်းချော်ထွက်ခဲ့၊
ဘုရားသခင်ကိုသက်သေစာရင်းကပယ်ဖျက်
ပြီး
လက်ထဲကအကြွေစေ့ကိုပစ်ချလိုက်
တဖက်ကခေါင်း တဖက်ကပန်း
အရှုံးမဟုတ်ရင်အနိုင်၊
သတ္တုမိုင်းလုပ်သားတွေရဲ့ဦးထုပ်လို
ကြံကြံ့ခံကြ၊
ရွှေတူးသမားတွေရဲ့ပေါက်ချွန်းလို
ထက်မြက်ကြ၊
မဲမှောင်ဂူထဲကလင်းနို့တွေအုပ်လိုက်ထွက်လာသလို
ညနေရောက်ရင်သက်တံ့ထွက်လာမယ်လို့
ယုံကြည်နေတုန်းပဲ၊

၁၈ နိုဝင်ဘာ ၂၀၂၃

 -
 
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar