Breaking News

မှောင်ခိုခေတ်၊ ပိတ်ဆို့မှုကာလ အခွန်အကောက်နဲ့ လာဘ်တောင်းခြင်းတွေ အောက်က လူထုထမ်းပိုးထားရတဲ့ ကုန်စျေးနှုန်းတွေ

မြန်မာနွေဦးခရိုနီကယ် - ဩဂုတ် ၁၃ မြင်ကွင်း

မိုးမခ ၊ ဩဂုတ် ၁၄၊ ၂၀၂၅

မှောင်ခိုခေတ်၊ ပိတ်ဆို့မှုကာလ အခွန်အကောက်နဲ့ လာဘ်တောင်းခြင်းတွေ အောက်က လူထုထမ်းပိုးထားရတဲ့ ကုန်စျေးနှုန်းတွေ

၁၉၇၀ ခုနှစ်ဝန်းကျင်ကာလတွေကနေ ရှစ်လေးလုံး အရေးတော်ပုံ ဖြစ်ပွားပြီး ၁၉၈၉ ခုနှစ်ဝန်းကျင်အထိ ရှိခဲ့တဲ့ အိမ်နီးချင်းနိုင်ငံ နဲ့ ဒေသတွင်းနိုင်ငံတွေက ကုန်ပစ္စည်းတွေ သယ်ယူကာ မှောင်ခိုခေတ်ကာလ တခုကို လူလတ်ပိုင်း အသက်အရွယ် ရှိသူတွေ ကြားဖူးကြုံဖူးကြပါလိမ့်မယ်။ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင်ကာလက ထိုင်းကုန်ပစ္စည်း၊ မလေးရှားနဲ့ စင်ကာပူက ကုန်ပစ္စည်းတွေက မှောင်ခိုကုန်တွေ ဖြစ်ကြပါတယ်။ ထိုင်းမြန်မာနယ်စပ်မြို့တွေ ဖြစ်တဲ့ မြဝတီ၊ တာချီလိတ်၊ ကော့သောင်းတို့က အခုလို အကောက်အခွန်ဆောင်ပြီး တရားဝင် ကုန်သွယ်ခွင့် မပြုဘဲ နယ်စပ်တွေကို ဖြတ်ကျော်သယ်ဆောင်ပြီး မြန်မာနိုင်ငံ မြို့ကြီးတွေရောက်အောင် နည်းအမျိုးမျိုးနဲ့ သယ်ယူကာ ရောင်းချခဲ့ကြတာ ဖြစ်ပါတယ်။ အလားတူ မွန်ပြည်နယ် တနင်္သာရီတိုင်းတို့က စက်လှေတွေနဲ့လည်း မလေးရှား ပီနန်၊ စင်္ကာပူကနေ ကုန်ပစ္စည်းတွေ သယ်ယူပြီး မော်လမြိုင်၊ ရေး၊ မြိတ်စတဲ့ မြို့တွေက တဆင့် ရန်ကုန်မန္တလေးနဲ့ အခြားမြို့တွေကိုသယ်ယူ ရောင်းချကြခဲ့တာပါ။ အဆိုပါ ကုန်ပစ္စည်းတွေက အကောက်အခွန်မဲ့ ပစ္စည်းတွေ ဖြစ်ပြီး လမ်းခရီးမှာ ဖမ်းဆီးတာ၊ လူကိုပါ အကောက်အခွန် ဥပဒေ နဲ့ ထောင်ချတဲ့အထိ အရေးယူခဲ့ကြတာ ဖြစ်ပါတယ်။ 

မှောင်ခိုခေတ်ဟာ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် စျေးကွက်စီးပွားရေး စနစ်ကိုပြောင်းလဲခဲ့တဲ့နောက် မှောင်ခိုခေတ်ရဲ့ နိဂုံး အဆုံးသတ်ခဲ့ပါတယ်။ 

အခု ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက် တစတစ နယ်စပ်ကုန်သွယ်ရေးတွေကို တင်းကြပ်လာခဲ့ရာက မကြာသေးခင်က ထုတ်ပြန်လိုက်တဲ့ စစ်ကောင်စီ နိုင်ငံခြားငွေ သုံးငွေ ကြီးကြပ်မှုကော်မတီ လမ်းညွှန်ချက် အရ အမွှေးတိုင်၊ သကြားလုံး၊ ဖျာ၊ အုန်းနို့၊ ဘူဒိုဇာ၊ သစ်သီးမျိုးစုံ၊ ဆပ်ပြာ၊ သွားတိုက်ဆေး၊ အသင့်သောက် နို့၊ ဒိန်ချဥ်၊ ဆိုင်ကယ်၊ စက်ဘီး တာယာ နဲ့ကျွတ် ပလပ်စတစ်ခြင်းပုံး၊ ထိုင်း SCG ဘိလပ်မြေ စတာတွေကို သွင်းခွင့်မပြုကြောင်းနဲ့ အခြား ကုန်စည်တွေကို ရေကြောင်းကသာ ခွင့်ပြုကြောင်း ထုတ်ပြန်ထားတဲ့စာ ပျံ့နှံ့လာခဲ့ပါတယ်။ 

သတင်းတွေထဲမှာလည်း ရန်ကုန်မြို့မှာ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာမှုန့် ၊ ဆေးဝါးစတာတွေ စျေးမြင့်တက်နေသလို ဆေးဝါးလိုကုန်ပစ္စည်းတွေ ဝယ်ရခက်ခဲနေတဲ့ အကြောင်း ဖေါ်ပြထားကြတာ တွေ့ကြရမှာ ဖြစ်ပါတယ်။ 

စစ်ကော်မရှင် ရဲ့ ဒုခေါင်းဆောင် က ဥက္ကဌ အဖြစ်တာဝန်ယူတဲ့ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနဲ့ သယ်ယူလာတဲ့ ကုန်ပစ္စည်းတွေကို ဖမ်းဆီးတာ၊ အခွန်ဆောင်ခွင့် မပြုတဲ့ ကုန်စည်တွေအဖြစ် သတ်မှတ်တာတွေ နဲ့ ကုန်သွယ်မှုကမောက်ကမ ဖြစ်ပျက်နေတဲ့ သတင်းတွေ ခုသီတင်းပတ်တွေမှာ ဆက်တိုက်ဖတ်ရှုနေရပါတယ်။ 

ပြီးခဲ့တဲ့ ၃/၄ နှစ်အတွင်း နှစ်ဖက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နှစ်ပေါက်အောင် ပိတ်ထားတဲ့ ကားလမ်းတွေ မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေကြပါတယ်။ မြဝတီ ဖားအံလမ်းပေါ်က ကော့ကရိတ်နဲ့ မြဝတီအကြား အာရှလမ်းလို့ခေါ်တဲ့ လမ်းမကြီးကိုလည်း နယ်မြေစိုးမိုးမှုအရ စစ်ရေးအကြောင်းတွေကြောင့်  ပိတ်ထားတာ တနှစ်ကျော် နှစ်နှစ်ထဲဝင်လာပြီဖြစ်ပါတယ်။ အလားတူ တရုတ်နယ်စပ် ကုန်သွယ်ရေးမှာအဓိက ကားလမ်းဖြစ်တဲ့ မန္တလေး ပြင်ဦးလွင် လားရှိုးမူဆယ်လမ်းခရီးမှာလည်း တံတားတွေ ချိုးဖျက်ထားတာ၊ အပိုင်းလိုက် ပိတ်ဆို့ထားတာတွေက ၂ နှစ်နီးပါးကာလ ရောက်ရှိလာပြီဖြစ်ပါတယ်။ မန္တလေး၊ မြစ်ကြီးနားလမ်းပိုင်းမှာလည်း အချို့အပိုင်းတွေ လနဲ့နှစ်နဲ့ချီ ဖြတ်သန်းခွင့်ပိတ်ထားတာကြောင့် တမြို့နဲ့ တမြို့ ကုန်ပစ္စည်းသယ်ယူရာမှာ ပုံမှန်အချိန်တွေထက် ၂ ဆ ၃ ဆလောက် အချိန်ပိုကုန်တာ၊ လမ်းခရီးမှာ နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေက ကုန်ပစ္စည်းအပေါ် အခွန်အကောက်နဲ့ ဖြတ်သန်းခ ကောက်ခံတာတွေက ကုန်စျေးနှုန်း မတန်တဆ မြင့်တက်စေတဲ့ အကြောင်းတွေ ဖြစ်လာနေတာပါ။ 

ရန်ကုန်မြို့လို ရေကြောင်း ကုန်စည်စတင်ရောက်ရှိတဲ့မြို့တွေမှာ ကုန်စျေးနှုန်းအထိုက်အလျောက် သက်သာပေမယ့် ဝေးကွာတဲ့ နယ်မြို့တွေ၊ လက်နက်ကိုင်တိုက်ပွဲဖြစ်ပွားရာဒေသတွေကို ဖြတ်ကျော်ပြီးမှ ရောက်တဲ့ မြို့တွေမှာ ရန်ကုန်၊ မန္တလေးတို့က သယ်ဆောင်ရောင်းချတဲ့ လောင်စာဆီ၊ ဆန်၊ စားသောက်ကုန်၊ ဆေးဝါး စျေးနှုန်းတွေ ယခင်က မကြားဖူးတဲ့ စျေးနှုန်းတွေနဲ့ ဝယ်ယူ သုံးစွဲနေကြရတာ ဖြစ်ပါတယ်။ 

အခုလို ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် ကရင်နီဒေသတို့ထက် အဆများစွာ ဆိုးတဲ့ ဒေသက ရခိုင်ပြည်နယ် ဖြစ်ပါတယ်။ စစ်ကောင်စီက ၂၀၂၃ နိုဝင်ဘာမှာ AA တပ်ဖွဲ့နဲ့ တိုက်ပွဲပြန်ဖြစ်ကတည်းက ပြည်နယ်တခုလုံးကို ပိတ်ဆို့ပြီး ၄င်းတို့ ရုံးစိုက်တဲ့ စစ်တွေမြို့အတွက်သာ ပါမစ်နဲ့ သယ်ဆောင် ဖြန့်ဖြူးစေတာကြောင့် ရခိုင်ပြည်နယ် မှာ ရန်ကုန်၊ ဧရာဝတီတိုင်းတို့က သယ်ဆောင်လာတဲ့ ကုန်စည်တွေထက် အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့က ခက်ခက်ခဲခဲ တင်သွင်းတဲ့ လူသုံးကုန်ပစ္စည်းတွေကို စျေးကြီးပေးကာ အသုံးပြုနေကြရတာ ဖြစ်ပါတယ်။ 

စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ကို ကုန်စည်ပိတ်ဆို့မှုဟာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဖြစ်ပါတယ်။ မကြာသေးခင်က ကုန်စည်သယ်ဆောင်တဲ့ ကားတွေကို လာဘ်ငွေယူပြီးခွင့်ပြုခဲ့တယ် ဆိုတဲ့ စစ်ကောင်စီဘက်က စစ်အရာရှိကြီးတွေကို ဖမ်းဆီးပြီး ကြီးလေးတဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ သတင်းလည်း ဖတ်ရှုခဲ့ကြရ ပါသေးတယ်။ ရခိုင်ပြည်နယ်က လူထုအဖို့ ကုန်ပစ္စည်းတွေကို စျေးကြီးပေးဝယ်နေရတာတင် မကပဲ ရခိုင်ပြည်နယ်ထဲမှာ စိုက်ပျိုးရေး လုပ်ကိုင်သူတွေ လောင်စာဆီစျေးကြီးလို့ လူအားနဲ့ ထွန်ယက်စိုက်ပျိုးရတဲ့ အဖြစ်၊ စိုက်ပျိုးလို့ရရှိလာတဲ့ ဆန်စပါး ရောင်းစရာ စျေးကွက်မရှိတဲ့ အဖြစ်တွေနဲ့လည်း ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ဟာ အခြားသော ဒေသတွေထက် အဆများစွာ ဆိုးရွားတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ တနှစ်ကျော် ၂ နှစ်နီးပါး ရောက်ရှိနေတာပါ။ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ လုပ်ကိုင် နိုင်ခြင်း မရှိတဲ့ အခြေအနေမှာ စားသောက်သုံးဆောင်ရမယ့် ကုန်ပစ္စည်းတွေရဲ့ စျေးက မတန်တဆ နှုန်းထားတွေနဲ့ ဝယ်ယူနေရတဲ့ ရခိုင်ပြည်နယ်က လူထုတွေရဲ့ ဘဝက စဥ်းစားကြည့်ရုံနဲ့တင် အဖြေမရှိသလို ခံစားကြရတာ ဖြစ်ပါတယ်။ AA အနေနဲ့ ရခိုင်ပြည်နယ်ကို စစ်ရေးအရ အနိုင်ရပေမယ့် အာဏာသိမ်း စစ်တပ်ရဲ့ ဖြတ် ၄ ဖြတ် ပိတ်ဆို့မှုကို ၂၀၂၃ နိုဝင်ဘာလကတည်းက ခုချိန်ထိ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ၂ နှစ်ဝန်းကျင်ကာလ အတွင်းတွေမှာ တိုက်ပွဲတွေ ကြောင့် ဒေသအသီးသီးက မြို့ကြီးတွေဆီ ရွှေ့ပြောင်းနေထိုင်လာကြသူတွေလည်း အများအပြားရှိပါတယ်။ ရှမ်းမြောက်ဒေသ၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့က မြို့ကို ရွှေ့ပြောင်းနိုင်တဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ၊ ငွေကြေးတတ်နိုင်သူတွေက ရန်ကုန်၊ မန္တလေး၊ တောင်ကြီး စတဲ့မြို့တွေကို ပြောင်းရွှေ့နေထိုင်ကြတာ ဖြစ်ပါတယ်။ သို့ပေမယ့် လူဦးရေ အများစုကတော့ မိမိတို့ ဒေသတွင်းမှာပဲ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို ခေတ္တရှောင်တိမ်းရင်း နေထိုင်ကြရတာ ဖြစ်ပါတယ်။ 

စစ်ဘေးရှောင်သူတွေများလာတဲ့ မြို့တွေမှာလည်း အိမ်ငှားခတွေ စျေးမြင့်တက်လာခဲ့တာလည်း ကြားသိနေကြရတာပါ။ 

တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက မိသားစုတွေအနေနဲ့ ရှိတဲ့ အပိုအလျှံငွေကြေး၊ အလုပ်အကိုင် မှာ သုံးစွဲနေတဲ့ အရင်းအနှီးတွေကို ထုတ်သုံးပြီး အသက်ဘေး၊ အရွယ်ရောက်ခါစ သားသမီးတွေရဲ့ စစ်မှုထမ်း ခေါ်ခံရမယ့် ဘေးကလွတ်မြောက်ဖို့ လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။ 

ခုရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းတပုဒ်မှာ လားရှိုးမြို့က ဖခင်နဲ့ သားသမီး ၃ ဦး ကြွက်သတ်ဆေးသောက်ပြီး သတ်သေကြတဲ့ အဖြစ်အပျက်က အသက်ရှင်သန်ရေးအတွက် ငွေကြေးကြပ်တည်းလာခြင်း ထွက်ပေါက် မရှိခြင်းကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ ကလေးတွေရဲ့ မိခင် အလုပ်သွးနေချိန် ဖခင်ဖြစ်သူက ကျောင်းနေအရွယ် သားသမီး ၃ ဦးကို ကြွက်သတ်ဆေးတိုက်ပြီး သူကိုယ်တိုင်လည်း သောက်ကာ အဆုံးစီရင်ခဲ့တဲ့ အဖြစ်က ကြားသိရသူတိုင်းကို ရင်နင့်စရာဖြစ်ရပ်တခု နားထောင်နိုင်စွမ်း မရှိတဲ့ဖြစ်ရပ် တခုဖြစ်နေတာပါ။ 

စစ်အာဏာရှင် စနစ် ဖယ်ရှားဖို့ တော်လှန်ရေးလုပ်ဆောင်ကြရာမှာ လက်နက်ကိုင် တိုက်ပွဲတွေ ပဋိပက္ခတွေ ရှည်ကြာလာလေလေ ပဋိပက္ခဒေသက လူထုတွေအဖို့  အသက်ရှင်သန်ဖို့ ခက်ခဲလာလေလေ ဖြစ်လာနေပါတော့တယ်။

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar