Saturday, September 6, 2025

ရွေးကောက်ပွဲကို ကူညီမယ့် ကရင်ပြည်နယ်က BGF၊ မြဝတီအနီးက သင်္ဃန်းညီနောင် ဗျူဟာ အာဏာသိမ်းစစ်တပ်က ပြန်ရ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၅ မြင်ကွင်း

မိုးမခ ၊ စက်တင်ဘာ ၆၊ ၂၀၂၅

ရွေးကောက်ပွဲကို ကူညီမယ့် ကရင်ပြည်နယ်က BGF၊ မြဝတီအနီးက သင်္ဃန်းညီနောင် ဗျူဟာ အာဏာသိမ်းစစ်တပ်က ပြန်ရ

ယမန်နှစ်က မြဝတီမြို့ နယ်ထဲက အာဏာသိမ်းစစ်တပ်ရဲ့ ဗျူဟာစခန်းတွေ၊ တပ်ရင်းစခန်းတွေကို KNU/KNLA က သိမ်းယူပြီးနောက် မြဝတီမြို့ကိုပါ သိမ်းယူဖို့ ပြင်ဆင်ခဲ့စဥ် KNU/KNLA နဲ့ စစ်တပ်အကြား ကြားဝင်ကာနေရာယူခဲ့တဲ့ စောချစ်သူခေါင်းဆောင်တဲ့ Border Guard Forces က စစ်တပ်က ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲကို ထောက်ခံကြောင်းနဲ့ ကူညီမယ့်အကြောင်း စက်တင်ဘာ ၃ ရက်နေ့ BGF အဖွဲ့ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းတွေပေါ်ထွက်လာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ KNU/KNLA နဲ့ PDF ပူးပေါင်းတပ်တွေ မြဝတီမြို့ နယ်ထဲက ဗျူဟာအရ အရေးပါတဲ့ စခန်းတွေ တပ်ရင်းတွေကို ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့ပြီး မြဝတီမြို့စောင့်တပ်လို့ ခေါ်ဆိုကြတဲ့ ခလရ ၂၇၅ ကိုပါ သိမ်းယူကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ ထိုင်းမြန်မာနယ်စပ်တံတားအမှတ် (၂) ဆီဆုတ်ခွာပြီးရက်အတန်ကြာ ခုခံတပ်စွဲနေခဲ့ရတာ ဖြစ်ပါတယ်။ ထိုစဥ်က အဆိုပါအဖြစ်အပျက်ကို စစ်ကောင်စီတပ်တွေ အတွက် ကြားဝင် ဆောင်ရွက်ပေးခဲ့တာက စောချစ်သူ ဦးဆောင်တဲ့ BGF တပ်ဖြစ်ပါတယ်။ BGF တပ်တွေက မြဝတီမြို့ကို ကြားကထိန်းသိမ်းခဲ့ပြီး စစ်ကောင်စီတပ်တွေ ချောင်ပိတ်မိနေတဲ့ အခြေအနေကနေ ကယ်ထုတ် ပေးခဲ့တဲ့ သဘောလို့ အားလုံးနားလည်ကြပါတယ်။ KNU/KNLA အနေနဲ့လည်း မြဝတီကို ဆက်လက် မတိုက်ခိုက်တော့ဘဲ ကရင်လက်နက်ကိုင် အချင်းချင်း မတိုက်ခိုက်ရေး မူအရ မြဝတီမှာ တိုက်ပွဲတွေ ဖြစ်ပွားမယ့် အခြေအနေမျိုးကနေ ရှောင်လွှဲခဲ့တာဖြစ်ပါတယ်။ 

BGF အနေနဲ့ ကရင်အမျိုးသား တပ်မတော် KNA ဖွဲ့စည်းမယ်လို့ ကြေညာခဲ့သလို အာဏသိမ်း စစ်တပ်အတွက် တိုက်ခိုက်ပေးတာမျိုး မလုပ်လိုတော့ကြောင်း လူသိရှင်ကြားပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် ယခုကာလအထိ မြဝတီမြို့မှာ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေး၊ ရဲ၊ အခြားအုပ်ချုပ်ရေးဌာနတွေ ဆက်လက် လည်ပတ်နေကြပြီး ထိုင်း-မြန်မာ နယ်စပ် လူဝင်လူထွက် ကိစ္စ၊ ကုန်စည်အခွန်ကောက်ခံမှုနဲ့ နယ်စပ်က ကျားဖြန့်ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နှိမ်နှင်းရေးနဲ့ လှည့်ဖျားခေါ်ယူခြင်းခံရတဲ့ နိုင်ငံခြားသားတွေ နေရပ်ပြန်ပို့ရေး ကိစ္စရပ်တွေမှာ စစ်ကောင်စီရဲ့ အရပ်ဖက်နဲ့ ရဲတပ်ဖွဲ့တွေက ပါဝင်လုပ်ဆောင်ခဲ့တာ တွေ့ရမှာဖြစ်ပါတယ်။ မြဝတီမြို့ရဲ့ လုံခြုံရေးကိုတော့ BGF တပ်ဖွဲ့က အဓိက ထိန်းချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အဲလို အခြေအနေမှာ အာဏာသိမ်း စစ်တပ်က အာရှလမ်းလို့ ခေါ်တဲ့ ကော့ကရိတ်-သင်္ဃန်းညီနောင် မြဝတီ လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့ အင်အားထောင်ချီပါရှိတဲ့ စစ်ဆင်ရေး တရပ်ကို စတင်ဆင်နွှဲလာခဲ့ပါတယ်။ ၂ နှစ်နီးပါးကြာ KNU/KNLA ဘက်က ထိန်းချုပ်ထားပြီး ဖြတ်သန်းသွားလာခွင့် မရှိတဲ့ အာရှလမ်းကို ပြန်လည် စိုးမိုးထိန်းချုပ်နိုင်ဖို့ အာဏာသိမ်းစစ်တပ်အနေနဲ့ ရည်မှန်းချက်ချထားပြီး ထိုးစစ်ဆင်လာရာမှာ စက်တင်ဘာ ၅ ရက်နေ့မှာတော့ ကော့ကရိတ်ဘက်ကနေ မြဝတီကို ဦးတည်ချီလာတဲ့ စစ်ကြောင်းနဲ့ မြဝတီမြို့ဘက်က စစ်ကောင်စီတပ်တွေ ဒေါနတောင် ကျော်ဖြတ်ပြီး သင်္ဃန်းညီနောင် တဝိုက်မှာ ဆက်မိသွားကြတဲ့ အကြောင်း သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။ 

သီတင်းပတ်အနည်းငယ်ကြာ ရင်ဆိုင်တိုက်ပွဲတွေ နဲ့ တဖြည်းဖြည်း ရှေ့တိုးလာရာက စက်တင်ဘာ ၅ ရက်နေ့မှာ ရှေ့က ပိတ်ပြီးတိုက်ခိုက်နေတဲ့ KNU/KNLA နဲ့ PDF တပ်ဖွဲ့တွေကို အာဏာသိမ်းစစ်တပ်က ဖောက်ထွက်နိုင်ခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီလို ဖောက်ထွက်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ရှင်းရှင်းလင်းလင်း မသိရှိရသေးသော်လည်း BGF တပ်ဖွဲ့တွေ အနေနဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်ခြင်း မပြုသည့်တိုင် ၄င်းတို့နေရာယူထားတဲ့ နေရာတွေ ကုန်းတွေကို စွန့်ခွာကာ အဆိုပါနေရာတွေကို အာဏာသိမ်းစစ်တပ်ဘက်က နေရာဝင်ယူ ထိုးဖောက်ဝင်လာနိုင်ခြင်းကတည်း ပိတ်ဆို့မှုကိုကို ကျော်ဖြတ်နိုင်ခဲ့ရတဲ့ အကြောင်းတချက်အဖြစ် သတင်းအချို့မှာ တွေ့ရှိရပါတယ်။ အဓိကကျတဲ့ အချက်ကတော့ အာဏာသိမ်းစစ်တပ် အနေနဲ့ များပြားတဲ့ လူအင်အား၊ ဒရုန်း၊ လေကြောင်းအကူအညီတွေနဲ့ ဒေါနတောင် ကျော်ဖြတ်ပြီး မြဝတီ မရောက်ခင် သင်္ဃန်းညီနောင် ဗျူဟာနဲ့ တပ်ရင်းစခန်းတွေ နဲ့ အာရှလမ်းကို ပြန်လည်ထိန်းချုပ်ဖို့ ဖြစ်တဲ့နည်းနဲ့ ကြိုးစားခဲ့ခြင်း ဖြစ်တာထင်ရှားပါတယ်။ 

ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းတကြော ထိုင်းနယ်စပ် တလျှောက်က နယ်ခြားစောင့် စစ်စခန်းတွေကို ပြီးခဲ့တဲ့ လပိုင်းတွေမှာ တခုပြီးတခု လက်လွှတ်ခဲ့ရတဲ့ စစ်တပ်အနေနဲ့ အဆိုပါ စခန်းတွေကို ပြန်လည်ရယူရေးထက် ပိုအဓိကကျတဲ့ မြဝတီနယ်ထဲက ဗျူဟာစခန်းနဲ့ အာရှလမ်းကို ပထမဦးစွာ သိမ်းယူနိုင်ဖို့ ရည်ရွယ်ခဲ့ပုံရပါတယ်။ 

ဒီလို သိမ်းယူနိုင်ရေးမှာ BGF ရဲ့ ရပ်တည်မှုကလည်း အရေးပါတဲ့ အကြောင်းတချက်ဖြစ်ခဲ့ပုံရပြီး တနှစ်ကျော်ကြာ စစ်တပ်နဲ့ ပြတ်ပြတ်သားသား ထောက်ခံတာ၊ ဆန့်ကျင်တာ မရှိခဲ့တဲ့ BGF တပ်ဖွဲ့အဖို့ ရွေးကောက်ပွဲကို ကူညီမယ့် အကြောင်း ဆုံးဖြတ်ချက်နဲ့ အတူ စစ်တပ်ရဲ့  အာရှလမ်းထိန်းချုပ်ရေး စစ်ဆင်ရေးကို အတိုင်းအတာတခုထိ အကူအညီပေးခဲ့တာ တွေ့ခဲ့ရပြီဖြစ်ပါတယ်။ 

အာဏာသိမ်းစစ်တပ် အနေနဲ့ တနှစ်ကျော်ကြာ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို အလုံးစုံ ထိန်းချုပ်ထားနိုင်ခြင်း မရှိသလို အခွန်အကောက် အများစုက လမ်းကြောင်းတလျှောက်မှာရှိတဲ့ တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေဆီ စီးဆင်းနေတဲ့ အခြေအနေကို ပြောင်းပြန်လှန်ဖို့ ရပ်တန့်ဖို့ ရည်မှန်းချက် ထားပြီး အခုစစ်ဆင်ရေးကို ဆင်နွှဲခဲ့တာလို့ ဆိုရင် မှားမယ်မထင်ပါဘူး။ 

မကြာသေးခင် သီတင်းပတ်တွေက စလို့ အာဏာသိမ်းစစ်တပ်က မြဝတီ တံတားအမှတ် ၂ ကို ပိတ်စေတာ၊ ဘားအံမြို့မှာ ထိုင်းက တင်သွင်းလာတဲ့ ကုန်စည်ကားတွေကို ဖမ်းဆီးထားတာတွေ လုပ်ဆောင်ပြီး ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကို ရပ်တန့်စေခဲ့ပြီး ရနောင်း-ကော့သောင်း ရေကြောင်းကသာ ကုန်သွယ်ဖို့ ညွှန်ကြားခဲ့ခြင်း နဲ့ အခု ဒေါနတောင် ဖြတ် အာရှလမ်း ထိုးစစ်တွေက ဆက်စပ်နေတာ ဖြစ်ပါတယ်။ အာရှလမ်းတလျှောက် ထိန်းချုပ်နိုင်လာတဲ့ အနေအထား မြဝတီမြို့ အနီးက သင်္ဃန်းညီနောင် ဗျူဟာနဲ့ အတူ ကုန်သွယ်ရေး လမ်းကြောင်း တလျှောက်ကို အာဏာသိမ်းစစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်တဲ့ အနေအထားမျိုးရောက်ရှိခဲ့ရင် နယ်စပ်ကုန်သွယ်ရေးကို ပြန်လည် ဖွင့်လှစ်ကောင်းဖွင့်လှစ်နိုင်မယ်လို့ မှန်းဆရပါတယ်။ 

အခု စစ်ဆင်ရေးဟာ ရွေးကောက်ပွဲ မတိုင်ခင် နယ်မြေတိုးချဲ့ သိမ်းယူရေး ရည်မှန်းချက်လည်း ပါဝင်နိုင်သလို ိနေတဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့  ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကနေ အခွန်အကောက်ရရှ အဖွဲ့တွေရရှိနေတာကိုလည်း ဖြတ်တောက်လိုတဲ့ ရည်ရွယ်ချက် ပါရှိတာ သံသယဖြစ်စရာ မလိုဘူးလို့ ဆိုရမှာဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar