Saturday, September 6, 2025

မောင်သော်တာ - ကြယ်ကလေး

 Art- Aung Htet
‌ကြယ်ကလေး
မောင်သော်တာ
(မိုးမခ) စက်တင်ဘာ ၆၊ ၂၀၂၅


အမှောင်ထုရဲ့အပေါ်မှာ ဘာလို့များနေသားကျနေခဲ့သလဲ ကြယ်ကလေး
ဟုတ်တယ် သတ္တိမရှိတဲ့ကြယ်ကလေးပေါ့
ထွက်ပြေးနေတဲ့အသက်ရှူသံတွေနဲ့ပေါ့
အောက်ကို ငုံ့ကြည့်မိတော့လည်း ကြံ့ခိုင်နေတဲ့သစ်ပင်တွေ ယိမ်းနွဲ့လို့
ရူးချင်ယာင်ဆောင်တာလား တကယ့်ကို ရူးသွပ်ပျော်ရွှင်နေတာလား
ဘယ်မှာလဲ ပွင့်လင်းရာသီ
ဘုရားသခင်ရဲ့အာဏာတော်အောက်မှာ ပိပြားနေတဲ့ကျွန်တွေလို
ဝန်ကို ပျော်ပျော်ရွှင်ရွှင်ထမ်းနေတဲ့ ကောင်းကင်ကြီးသားပီပီ
ရုန်းလို့ တက်လို့ ပြုးလို့ မော်လို့
အမှောင်ထုကို မမြင် ချောက်ကမ်းပါအစွန်းကို တရွေ့ရွေ့
ငုံ့ကြည့်မိတဲ့ကြယ်ကလေး ကျနော်ကြည့်မိ အပြစ်ရှိပါသည်
မြင်တဲ့အတိုင်းပြောရင်မဖြစ်လို့ မပြောဘဲနေရင်ပျောက်ဆုံးသွားမယ့်အလင်းရောင်တွေပဲ
ကြယ်ကလေး ငုံထားရမလား
သတ္တိမရှိတဲ့ကြယ်ကလေးပေါ့
အများနဲ့တစ်ယောက်ဖြစ်နေမယ့်ကြယ်ကလေးပေါ့
ရူးနေတဲ့ကြယ်ကလေးနဲ့ ရူးသွပ်နေတဲ့အမှောင်ထုကြီးအောက်မှာ
အမှောင်ရဲ့ခြားနားကန့်သတ်မှု
ဟိုဘက်ဒီဘက် သံဝေဂတွေရလို့
တကျွတ်ကျွတ်နဲ့ သနားနေကြလို့
သစ်ပင်တွေ လေယူရာယိမ်းနွဲ့ လှနေကြတယ်

၅ စက်တင်ဘာ ၂၅

-

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar