ခေါင်းကြီး - ငါတို့ ဘာကြောင့် အရှုံးပေးရမှာလဲ
ခေါင်းကြီး - ငါတို့ ဘာကြောင့် အရှုံးပေးရမှာလဲ
မိုးမခ ၊ စက်တင်ဘာ ၅ ၊ ၂၀၂၅
*(၂၀၂၁) ခုနှစ် ဖေဖော်ဝါရီ (၁) ရက် တနင်္လာနေ့...။
*အဲဒီနေ့ဟာ...
ငါတို့ရဲ့ နှလုံးသားထဲမှာ သံမှိုစွဲထားသလို မပျောက်မပျက်ဘဲ...
တစ်သက်ပတ်လုံး ငါတို့ရဲ့နောက်ဆုံးရက်တွေ ရောက်တဲ့အထိ...
ဘယ်လိုမှ မေ့ဖျောက်ပစ်လို့ မရနိုင်တော့မဲ့နေ့...
ဖြစ်နိုင်ရင် ပြက္ခဒိန်ထဲမှာရှိခဲ့တဲ့ နေ့တစ်နေ့အဖြစ်...
ဘယ်အချိန်မှာမှ ပြန်ရှာမတွေ့ချင်တော့တဲ့...
ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေမဲ့နေ့...။
*အဲဒီနေ့မတိုင်မချင်း...
ခိုင်မာခြင်း တက်ကြွခြင်း ပျော်ရွှင်ခြင်းများရဲ့အလယ်မှာ...
ခမ်းနားကြီးကျယ်တဲ့ မျှော်လင့်ချက်အိပ်မက်များစွာ...
လင်းလက်တောက်ပနေတဲ့ အနာဂတ်အလားအလာနဲ့...
အေးချမ်းသာယာနေတဲ့ ငါတို့မြန်မာပြည်ကြီးကို...
ရစရာမရှိအောင် မညှာမတာ သိမ်းပိုက်ဖျက်ဆီးပြီး...
မငြိမ်းနိုင်တဲ့ ပြည်တွင်းစစ်မီးကို လောင်စာထိုး...
မိုးကြိုးမုန်တိုင်းကြီးတွေ ခေါင်းမဖော်နိုင်အောင်ပြင်းထန်...
ဇောက်ထိုးမိုးမျှော်နိုင်ငံဖြစ်အောင် ကောက်ကျစ်ယုတ်မာခဲ့ကြတဲ့...
စစ်အာဏာရူးတွေရဲ့ အလိုတော်ကျ ကျွန်သပေါက်ဘဝနဲ့...
ဒူးထောက်ခယနေစရာ ဘာအကြောင်းမျှမရှိ...။
*အဲဒီနေ့ကစတင်ပြီး...
အပြစ်ကင်းစင်တဲ့ နုနုနယ်နယ် ရင်သွေးငယ်လေးတွေ...
ကြယ်စင်ဖြူဖြူ အညွန့်တလူလူနဲ့ ဂျန်ဇီလူငယ်လေးတွေ...
တိုင်းပြည်ရဲ့မောင်းနှင်အား ပညာရှင်၊လုပ်အားရှင် ဦးဆောင်ဖခင်တွေ...
မျိုးဆက်သစ်ရဲ့အရှင်သခင် ပုခက်လွှဲတဲ့ လက်ပိုင်ရှင် ပဲ့ကိုင်မိခင်တွေ...
နိုင်ငံရဲ့အဖိုးတန်ရတနာ မိဘဆရာ လူကြီးသူမတွေ...
အစရှိတဲ့ ငါတို့ပြည်သူအားလုံးရဲ့ ဘဝတွေကို...
တစ်စစီဖြစ်အောင် ရက်ရက်စက်စက် နင်းချေဖိနှိပ်ပြီး...
အိပ်မရစားမရ အမှောင်ညတွေနဲ့ ဒုက္ခပင်လယ်ဝေအောင်...
"ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုတဲ့...
အကျင့်သီလမျိုး ဗီဇဆိုးတွေနဲ့ ငရဲမိုးတွေရွာနေတဲ့...
ဖက်ဆစ်မိစ္ဆာသူခိုးတွေရဲ့ အမိန့်သံအမျိုးမျိုးအောက်မှာ...
အညံ့ခံရိုကျိုးနေစရာ ဘာအကြောင်းမျှမရှိ...။
*အဲဒီနေ့ကအစချီပြီး...
မြန်မာပြည်တစ်လွှား မြို့ရွာအနှံ့အပြားမှာ...
ကိုယ့်ပြည်သူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်များစွာကို...
အချိန်နဲ့အမျှ ကာကွယ်စောင့်ရှောက်ပေးရမဲ့အစား...
အညှိုးအတေးကြီးမားစွာနဲ့ ဗုံးကြဲတိုက်ခိုက် မီးလောင်တိုက်သွင်းပြီး...
မျက်နှာပြောင်တိုက်ငြင်း ဗြောင်လိမ်ပြီးရှင်းတတ်တဲ့...
ဒေဝဒတ်နဲ့အပေါင်းအပါ ဂုဏ်သိက္ခာတစ်စက်မျှမရှိ...
ကမ္ဘာသိလက်မရွံ့သား လက်နက်ကိုင်စစ်ဘီလူးများရဲ့...
မရေမတွက်နိုင်အောင် များပြားလှတဲ့ စစ်ရာဇဝတ်မှုများကို...
မေ့ပစ်ခွင့်လွှတ်နိုင်စရာ ဘာအကြောင်းမျှမရှိ...။
*အဲဒီနေ့ကတည်းက...
ရာဇဝင်ရိုင်းလှတဲ့ နရသိန်အုတ်တံတိုင်းတွေရဲ့ အနောက်မှာ...
ဥမမယ်စာမမြောက် (၃)နှစ်လောက်အရွယ် ကလေးငယ်ကအစ...
မြန်မာ့မိခင် အသက်(၈၀)အရွယ် အမယ်အိုကြီးအဆုံး...
ငယ်ငယ်ကြီးကြီး အာခံတော်လှန်သူ ရဟန်းရှင်လူအားလုံးကို...
အမုန်းတရားကြီးစွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်...
လူရုပ်မပေါ်အောင် ရန်စောင်နှိပ်စက်ညှဉ်းပန်း...
လူလူချင်းတောင် ကိုယ်ချင်းစာတရားမထားနိုင်တဲ့...
တကယ့်အောက်တန်းစား လူ့တိရစ္ဆာန်များရဲ့...
လူမဆန်စွာကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို...
ဖျောက်ဖျက်ဖုံးအုပ်ပစ်လိုက်စရာ ဘာအကြောင်းမျှမရှိ...။
*အဲဒီနေ့မှာ...
ကပ်ရောဂါအန္တရာယ်တွေကြားက အစစ်အမှန်ရွေးကောက်ပွဲမှာ...
တစ်ခဲနက် အောင်ပွဲခံခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်များကို...
မဟုတ်မမှန်စွပ်စွဲထောင်ချ အဓမ္မအနိုင်ကျင့်စော်ကား...
လက်နက်အားကိုး သူခိုးလူဟစ် ကလိမ်ကကျစ်များစွာနဲ့...
ပြည်သူ့အာဏာကို မတော်မတရား အတင်းလုယူထားခဲ့တဲ့...
နိုင်ငံတော် ပုန်ကန်မှု ကျူးလွန်သူ စစ်ဗိုလ်ချုပ်များရဲ့...
ဉာဏ်နီဉာဏ်နက်များနဲ့အတူ လှုပ်ရှားပြင်ဆင်လာတဲ့...
တရားမဝင် မည်ကာမတ္တရွေးကောက်ပွဲ ဆိုတာကလည်း...
မျက်လှည့်ပြစရာ ညစ်ပတ်လှတဲ့ လိမ်ဆင်တစ်ခုမျှသာ...
"လယ်ပြင်မှာဆင်သွားသလို" ထင်ရှားနေတာအမှန်မို့...
ယုံစားလက်ခံနိုင်စရာ ဘာအကြောင်းမျှမရှိ...။
*အဲဒီနေ့မတိုင်မီကတည်းက...
ငါတို့တိုင်းပြည်ကို လူစဉ်မမီဖြစ်သွားအောင်...
မျိုးဆက်နဲ့ချီပြီး နှစ်ပေါင်းများစွာ ဖျက်ဆီးလာခဲ့တဲ့...
စစ်အာဏာရှင်စနစ်ကို တော်လှန်ပစ်နိုင်ဖို့ကြိုးစား...
ခေတ်ကာလဆိုးတွေ ရင်ဆိုင်ဖြတ်သန်းရင်းနဲ့...
တော်လှန်မျိုးစေ့ကို လက်ဆင့်ကမ်းသယ်ဆောင်...
အခုထက်ထိတိုင်အောင် တော်လှန်ရေးအဆက်ဆက်မှာ...
အသက်ကိုမတွယ်ဖက် နှင်းဆက်ခဲ့ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်တွေ...
ခန္ဓာကိုယ်စွန့်လွှတ် နောက်မတွန့်ခဲ့ကြတဲ့ သူရဲကောင်းတွေ...
ဘဝအပျက်ခံ စည်းစိမ်ပါမကျန် ပေးဆပ်ခဲ့ကြတဲ့ နိုင်ငံ့သားကောင်းတွေ...
အားလုံး(အားလုံး)ရဲ့ မျက်နှာတွေကို ငဲ့ညှာထောက်ထား...
ကျေးဇူးတရားတွေကို အလဟဿ ရေစုန်မျောမသွားစေဖို့အတွက်...
နောင်တရ ကျောခိုင်းထွက်သွားစရာ ဘာအကြောင်းမျှမရှိ...။
*ဒါကြောင့်မို့...
ငါတို့ပြည်မြန်မာရဲ့ မရေမရာ အနာဂတ်ကံကြမ္မာ...
အသေအချာ ကောင်းကျိုးတွေများလာနိုင်ဖို့...
မကောင်းဆိုးဝါး စစ်အာဏာရှင်စနစ် အလုံးစုံကို...
အမြန်ဆုံးအကုန် အမြစ်ဖြတ် အဆုံးသတ်နိုင်ရန်နဲ့...
မှတ်ကျောက်တင်ခံတဲ့ သမိုင်းအစစ်အမှန်များကို...
မုချဧကန် ရေးသားကမ္ပည်းတင်နိုင်ကြရန်အတွက်...
လက်ရှိအခြေအနေအရပ်ရပ်နဲ့ အချိန်အခါသမယဟာ...
အရေးအကြီးဆုံး အဆုံးအဖြတ်ကာလ ဖြစ်တဲ့အပြင်...
ငါတို့အတွက် ရတောင့်ရခဲ အကောင်းဆုံးအခွင့်အရေးပဲမို့...
ဒီနောက်ဆုံးတိုက်ပွဲ နွေဦးတော်လှန်ရေးခရီးမှာ...
တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းမဝေး သွေးမအေးဘဲ...
ပန်းတိုင်အရောက် ရှေ့ဆက်လျှောက်ဖို့သာ ခွန်အားမွေးလို့...
ငါတို့ဘာကြောင့် လက်မြှောက်အရှုံးပေးရမှာလဲ?
လုံးဝ(လုံးဝ) မေးနေစရာအကြောင်းမရှိ...
"ငါတို့ ဘယ်တော့မှ အရှုံးမပေးဘူးဟေ့"...။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar