အင်အားကြီးနိုင်ငံတွေရဲ့ နောက်ခံနဲ့ အားပြန်ဖြည့်လာတဲ့ အာဏာသိမ်းစစ်တပ် လူထုတွေရင်ဆိုင်နေကြရတဲ့ ဒုက္ခ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၄ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၅၊ ၂၀၂၅
အင်အားကြီးနိုင်ငံတွေရဲ့ နောက်ခံနဲ့ အားပြန်ဖြည့်လာတဲ့ အာဏာသိမ်းစစ်တပ် လူထုတွေ ရင်ဆိုင်နေကြရတဲ့ ဒုက္ခ
ခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို သွားရောက်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ SCO အဖွဲ့ဝင် နိုင်ငံ၊ လေ့လာတဲ့နိုင်ငံနဲ့ ဒုတိယကမ္ဘာစစ်အပြီး ဖက်ဆစ်စနစ်အောင်ပွဲခံ အထိမ်းအမှတ်တက်ရောက်လာတဲ့ အာရှနိုင်ငံတွေအကြားမှာ သံတမန်ရေးအရ လူရာဝင်ကြောင်း ပြသနေတဲ့ ဝါဒဖြန့်ချိရေးရဲ့ ဂယက်က အတော်လေး သက်ရောက်မှုရှိတာတွေ့ရပါတယ်။
တီအန်မင် ယင်ပြင်က ကောဇောနီခင်းထားတဲ့လမ်းမှာ တရုတ်၊ ရုရှားနဲ့ မြောက်ကိုးရီးယား သမ္မတ ၃ ဦးရှေ့ဆုံးက ရင်ဘောင်တန်းပြီး အဲဒီနောက်မှာ အခြားသော ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေ အုပ်စုလိုက် လမ်းလျှောက်လာကြပြီး စစ်ရေးပြပွဲကြည့်မယ့် စင်မြင့်ပေါ် သွားကြမယ့် မြင်ကွင်းက ဒုစရိုက်ဂိုဏ်း ခေါင်းဆောင်တွေ ရှိုးထုတ်အင်အားပြ လမ်းသလားတဲ့ အဖြစ်မျိုးနဲ့ နှိုင်းယှဥ်ကာ ပြောဆိုကြတာတွေလည်း လူမှုကွန်ရက်တွေမှာ တွေ့ကြရသလို၊ အချို့သူတွေကတော့ ဒီမြင်ကွင်းကြောင့် ကမ္ဘာကြီးက အုပ်စုဖွဲ့မှုနဲ့ စစ်ပွဲတွေဖြစ်ပွားဖို့ နိမိတ်ပြလိုက်တဲ့ သဖွယ်ခံစား အဓိပ္ပါယ်ဖွင့်ဆိုကြတဲ့ အထိဖြစ်စေတယ်လို့ ဆိုကြပါတယ်။
တတိယကမ္ဘာစစ်ဖြစ်ပွားဖို့ ဖြစ်နိုင်ခြေပိုမိုများလာတဲ့ သဖွယ်၊ ကမ္ဘာပေါ်မှာ ရန်လိုမှုတွေ၊ စစ်အင်အားပြိုင်ဆိုင်မှုတွေ မကြာခင်မှာ ပိုမိုမြင့်တက်လာမယ့် သဖွယ် အကဲဖြတ်ရှုမြင်လာစေသလို အဲဒီနေ့ ဖက်ဆစ်ဆန့်ကျင်ရေး အောင်ပွဲ နှစ် ၈၀ မြောက် စစ်ရေးပြပွဲအတွင်း ပြသခဲ့တဲ့ ခေတ်မှီလက်နက်တွေ ခေတ်မှီ စစ်ရေးနည်းပညာတွေကို တွေ့မြင်ရတဲ့အခါမှာ စစ်မက်ဖြစ်ပွားမယ့် အလားအလာ အခင်းအကျင်းမျိုးကို ပိုပြီးစိုးရိမ်မှု ဖြစ်ပေါ်လာစေပါတယ်။
ဒီအနေအထား အခြေအနေမှာ အနောက်အုပ်စုကို စီးပွားရေး သံတမန်ရေး အံတုကြမယ့် အသွင်မျိုးမြင်နေရတဲ့ နိုင်ငံအစုအဖွဲ့ တွေရဲ့ ပွဲခင်းအကြားမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် အနေနဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေရဲ့ အုပ်စုဖွဲ့မှု၊ စစ်ရေးအင်အားပြသမှုကို ကလေးဆန်ဆန် အားရဂုဏ်ယူနေပုံကို သတင်းဓါတ်ပုံတွေထဲ အထင်းသားမြင်နေကြရတာ ဖြစ်ပါတယ်။
၁၉၃၀ ခုနှစ်တွေက စခဲ့တဲ့ ဖက်ဆစ်ဂျပန် ကျူးကျော်မှုကို ၁၉၄၅ ခုနှစ်မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ နှစ် ၈၀ မြောက် စစ်ရေးပြအခမ်းအနားမှာ တရုတ်နိုင်ငံရဲ့ စစ်ရေးနည်းပညာနဲ့ အင်အားကို ပြသလိုက်ခြင်းက တရုတ်နိုင်ငံအနေနဲ့ ကျူးကျော်ခံခဲ့ရတဲ့ သမိုင်းကို ကျော်ဖြတ်အောင်မြင်ခဲ့ပြီး နှစ် ၈၀ ပြည့်ချိန်မှာ ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံ အဖြစ်ကိုရောက်ရှိနေတာကိုလည်း ဝင့်ကြွားစွာ ပြသခဲ့တာဖြစ်ပါတယ်။
ဒီလိုဝင့်ကြွားမှုရဲ့ အရှိန်နဲ့ ထောက်ခံမှုကို ရယူနိုင်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အဖို့ တရုတ်နိုင်ငံရဲ့ စစ်အင်အား နဲ့ နည်းပညာတိုးတက်မှုကို မြန်မာနိုင်ငံတွင်းက ပြည်တွင်းစစ်မှာ အနိုင်ရဖို့ နှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုတဲ့ နိုင်ငံအရေအတွက်ပိုမို တိုးလာဖို့ ကြိုးစားတဲ့ သံတမန်ရေးအခွင့်အလမ်း တခုအဖြစ်လည်း အသုံးချခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းတွေ မြင်ကွင်းတွေက မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံ ပီကင်းမြို့ မှာ ဖြစ်ပျက်နေတာဖြစ်ပြီး မြန်မာနိုင်ငံတွင်းမှာတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ၊ ပျက်စီးနေတဲ့ လူနေအိမ် ဘုန်းတော်ကြီးကျောင်း စာသင်ကျောင်း နဲ့ ဆေးရုံတွေရဲ့ မြင်ကွင်းတွေက နေ့စဥ် သတင်းတွေမှာ မြင်တွေ့နေကျ မြင်ကွင်းတွေ ဖြစ်နေပါတယ်။
အာဏာသိမ်း စစ်တပ်က စစ်ကြောင်းတွေ ဝင်လာလို့ ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာသူ ကျေးရွာသားတွေ ရိက္ခာ၊ နေစရာ အမိုးအကာ၊ ဆေးဝါးလိုအပ်နေတဲ့ စစ်ဘေးရှောင်တွေ ဘယ်မြို့ဘယ်နယ်မှာ ဘယ်နှရာ ဘယ်နှထောင် ရှိတယ်ဆိုတဲ့ သတင်း၊ စစ်ကြောင်း ဝင်လာစဥ် ကျေးရွာမှာ ကျန်ရစ်ခဲ့သူတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတာတွေလည်း နေ့စဥ်နဲ့အမျှ ကြားသိနေကြရတာ ဖြစ်ပါတယ်။
မိမိတို့ စိုက်ခင်းမှာ မြေပဲနှုတ်နေသူတွေ အဖမ်းခံရတာ၊ နေ့ခင်းမှာ စစ်ကြောင်းတွေ ဖြတ်သန်းတဲ့ အန္တရာယ်ကြောင့် ညဘက်မှာ ကောက်စိုက်နေရတဲ့ အဖြစ်အပျက်သတင်းတွေလည်း ခုရက်ပိုင်းအတွင်း တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။
ရန်ကုန်၊ မန္တလေး နဲ့ အခြားမြို့ကြီးတွေမှာတော့ လူငယ်လူရွယ် အမျိုးသားတွေကို လမ်းမှာ ဖမ်းဆီးပြီး စစ်မှုထမ်းထဲထည့်သွင်းတာ ငွေကြေးမတန်တဆ တောင်းခံရတာတွေ ဖြစ်ပွားနေပြီး စစ်မှုထမ်းအရွယ် လူငယ်တွေ အနေနဲ့ မဲနှိုက်လို့ မဲပေါက်မှ စစ်ထဲလိုက်ရတဲ့ အခြေအနေမဟုတ်တော့ဘဲ သွားလာရင်း အချိန်မရွေး ဖမ်းဆီး စစ်ထဲထည့်ခံရနိုင်တဲ့ အနေအထားလည်း ကြုံနေကြရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ် အရှိန်မြင့်လာတာနဲ့အမျှ စစ်လက်နက်ခဲယမ်းတွေ အတွက် ငွေကြေးလိုအပ်ချက် မြင့်မားလာတာကြောင့် ရွှေ၊ ကျောက်မျက်၊ သတ္တု၊ သစ် စတဲ့ သယံဇာတ ထုတ်ယူခွင့်တွေကို အခုလို ခေတ်ကာလမှာ မြန်မြန်သွက်သွက် ထုတ်ယူနိုင်တဲ့ ခေတ်ပျက်လုပ်ငန်းရှင်တွေ၊ လက်နက်ကိုင် အဖွဲ့တွေနဲ့ အကျိုးတူလုပ်ကိုင်သူတွေဆီ ရောင်းချကြတဲ့ သတင်းတွေ၊ လျင်မြန်စွာ ပျက်စီးပြုန်းတီးလာနေတဲ့ သစ်တောတွေ၊ သတ္တုတူးဖေါ်မှု ကြောင့် အရှိန်အဟုန်နဲ့ ပျက်စီးလာနေတဲ့ သဘာဝပတ်ဝန်းကျင်တွေ အကြောင်းလည်း သတင်းတွေထဲ တပိုင်းတစ တွေ့မြင်နေကြရပါတယ်။
တဖက်မှာ စစ်ပွဲ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေချိန်မှာ အခြားတဖက်မှာ လက်နက်ကိုင် ပဋိပက္ခဧရိယာတွေကို ဖြတ်ပြီး နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါး သယ်ဆောင် ရောင်းဝယ်မှုတွေ ဖြစ်ပွားနေတာလည်း တွေ့မြင်နေကြရပါတယ်။ မြန်မာနိုင်ငံ အရှေ့ဘက်ခြမ်း ရှမ်းပြည်နယ်လိုမျိုးကနေ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ယော၊ ချင်း၊ ရခိုင်တို့ကိုဖြတ်ပြီး အနောက်ဘက် နယ်နိမိတ်တွေဆီ ကုန်းလမ်း ရေလမ်း စတဲ့လမ်းကြောင်းတွေနဲ့ များပြားတဲ့ပမာဏရှိတဲ့ မူးယစ်ဆေးဝါးတွေ မကြာမကြာ ဖမ်းဆီးရမိနေတာ သတင်းတွေထဲ တွေ့နေရပါတယ်။ ဖမ်းဆီး ရမိတာလည်း ရှိပေမယ့် ဖမ်းဆီးနိုင်ခြင်းမရှိဘဲ လွတ်မြောက်သွားတဲ့ မူးယစ်ဆေးဝါးတွေလည်း နေ့စဥ်နဲ့အမျှ ရှိနေကြလိမ့်မယ် လို့ ခန့်မှန်းရပါတယ်။
နယ်စပ်ကုန်သွယ်ရေးတွေ ၊ သယံဇာတ တူးဖေါ်ထုတ်လုပ်မှုတွေကနေ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေ ဝင်ငွေ ရရှိနေတာဖြစ်လို့ ဒီလို ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးစားလာတာ ခုလပိုင်းမှာတွေ့မြင်လာကြရပါတယ်။ ထိုင်း-မြန်မာ ကုန်းလမ်းက ကုန်သွယ်မှုကို ရပ်ဆိုင်းစေခဲ့ပြီး သယ်လက်စ ကုန်ကားတွေကို ပိတ်ဆို့ထားတာ ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ကုန်စျေးနှုန်းတွေ ကမောက်ကမဖြစ်တဲ့ အခြေအနေကို နိုင်ငံဒေသအများအပြားမှာ ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။
နောက်မျက်နှာစာ တခုကတော့ ပြည်တွင်းက လုပ်သားဦးရေ ၅ သိန်းလောက် မှီခိုနေကြတဲ့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေ နဲ့ ပတ်သက်တဲ့ အပိုင်းဖြစ်ပါတယ်။ အလုပ်သမား သမဂ္ဂတွေ အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေ အဖွဲ့အစည်းတွေကို ဖမ်းဆီးတာ ထောင်ချတာတွေလုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံတွင်း အမှာစာ ပေးပို့ လုပ်ကိုင်စေတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို ရပ်ဆိုင်းကြဖို့ နှိုးဆော်တဲ့ နှိုးဆော်ချက်လည်း ခုရက်ပိုင်း နိုင်ငံတကာ အလုပ်သမား သမဂ္ဂ အဖွဲ့အစည်း တချို့က ထုတ်ပြန်လိုက်ပါတယ်။ မကြာသေးမီက ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ ကန့်သတ်အရေးယူမှုတချို့ကို ချမှတ်ပြီးမကြာခင်မှာ အခြားနိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်းတခုက ထပ်မံနှိုးဆော်လိုက်တာ ဖြစ်ပါတယ်။
စစ်ဘေး၊ စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက် သတ်ဖြတ်မှု၊ ရာဇဝတ်မှု သိသာစွာမြင့်တက်လာတာ၊ ကုန်စျေးနှုန်းကြီးမြင့်တာ နဲ့ စစ်မှုထမ်း အဖြစ်အဓမ္မ ဆွဲသွင်းခံနေရခြင်း စတဲ့ ဒုက္ခပေါင်းစုံတွေအကြားမှာ မြန်မာနိုင်ငံက လူထုအဖို့ သေရခက်ရှင်ရခက်အခြေအနေနဲ့ တနေ့ပြီးတနေ့ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar