မောင်လူမွှေး - တနင်္ဂနွေနေ့ရဲ့ တန်ဖိုးများ
မိုးမခ ၊ စက်တင်ဘာ ၇ ၊ ၂၀၂၅
ဆရာမာန်(တောင်လုံးပြန်) ရဲ့ တနင်္ဂနွေနေ့ကို ရောင်းချခြင်းကို ဆိုတဲ့ ဆောင်းပါးကို စောင့်ဖတ်ခဲ့ပါတယ်။ ဆရာမာန်ဟာ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ အန္တရာယ်အပြုနိုင်ဆုံး စာရေးဆရာတွေထဲမှာ ပါဝင်တာမို့ ပြည်ပကို ထွက်ခွာခဲ့ရသူ ဖြစ်ပါတယ်။ ဆရာမာန်ရဲ့ ဆောင်းပါးထဲမှာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို လှူဒါန်းဖို့ စနေနေ့ အလုပ်အချိန်ပိုဆင်းတာ၊ နောက်ပိုင်းမှာ တနင်္ဂနွေနေ့တွေပါ ကိုယ့်နိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေအတွက် အချိန်ပိုဆင်းရတာကို " တနင်္ဂနွေနေ့ကိုရောင်းချခြင်း" ဆောင်းပါးမှာ တွေ့ရပါတယ်။
မောင်လူမွှေးဟာ ဆရာမာန်(တောင်လုံးပြန်) အလုပ်ကို ဘယ်လို တိတိကျကျ ပြတ်ပြတ်သားသား လုပ်တတ်တယ် ဆိုတာကို သိပါတယ်။
မောင်လူမွှေးဟာ ကိုယ့်နိုင်ငံက စစ်ရှောင်တွေကြားထဲမှာ သူတို့နှင့်အတူ အတူတကွ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့် စစ်ရှောင်တွေဟာ အခြားနိုင်ငံက ကိုယ့်လူမျိုးတွေရဲ့ စနေ၊ တနင်္ဂနွေကို ရောင်းချပြီး လာရောက်လှူဒါန်းမယ့်ငွေကို ဘယ်လောက် မျှော်လင့်ကြတယ်၊ ရောက်လာတဲ့ငွေက ဘယ်လောက်ထိ အားဖြစ်စေတယ်ဆိုတာကိုလည်း ကိုယ်တွေ့ ခံစားသိပါတယ်။
ဒီနှစ် မောင်လူမွှေး နေတဲ့ဒေသက နှမ်းစိုက်တဲ့ တောင်သူတွေ သီးနှံဖြစ်ထွန်းခြင်းမရှိဘဲ ဆုံးရှုံးမှုကြီးမားကြပါတယ်။ ဒေသခံတောင်သူတွေ သီးနှံအရှုံးကြီးရှုံးကြတော့ စစ်ရှောင်တွေမှာ နှမ်းရိတ်၊ နှမ်းခါ အငှားလိုက်ရတာမျိုး မရှိတော့အတွက် ဝင်ငွေရဖို့ တော်တော်ခက်ခဲပါတယ်။ ဒေသခံ တောင်သူတွေကိုယ်တိုင်က ကျပ်တည်းလာတာမို့ စစ်ရှောင်တွေမှာ ပိုမိုကျပ်တည်းမှုတွေကို ဆက်လက်ရင်ဆိုင်ကြရဦးမှာပါ။
လူတွေ ကျပ်တည်းလွန်းလာရင် ဘာဖြစ်မလဲ။ အချိန်ကြာလာတာနဲ့အမျှ အချင်းချင်း မတည့်ကြဘူးပေါ့ဗျာ။ ကျပ်တည်းပြီး စားဝတ်နေရေးကို အချိန်ပြည့် ပူပန်နေရတဲ့ အချိန်မှာ စိတ်ရှည်သည်းခံဖို့၊ မေတ္တာတရားတွေ သွားပြောလို့ မရပါဘူး။ ဒီတော့ တာဝန်သိတဲ့သူတွေ နည်းလမ်းမျိုးစုံနဲ့ ရှာကြ၊ ဖွေကြ၊ လှူဒါန်းကြ၊ လုပ်ကြရတာပါ။
"အိမ်မှာ ဆန် ဆယ်ရက်စာလောက် ရှိသေးရင်ကို အတော်ကြီး စိတ်ချမ်းသာရတာဗျ။ ဆန်ကုန်ဖို့ နီးလာလေ ခေါင်းတွေပူလာလေပဲ" လို့ စစ်ရှောင်စခန်းက အိမ်ထောင်ဦးစီးတစ်ယောက် ပြောတာကို အမှတ်ရမိပါတယ်။ စစ်ရှောင်စခန်းအနီးမှာ တောင်သူ အငှားလိုက်စရာမရှိလို့ အဝေးက ကျေးရွာကို ညအိပ်ညနေ သွားပြီး နှမ်းရိတ် အငှားလိုက်ရာက မိန်းမ နေမကောင်းလို့ အမြန်ပြန်ခဲ့ရတဲ့ ဦးလေးတစ်ယောက်က "ဆိုင်ကယ်ကို ဒီလောက်မြန်အောင် ဘယ်တုန်းကမှမစီးဖူးဘူး။ ဆီက တဘူး ထည့်ထားတာ၊ ဆီမလောက်မှာ ကြောက်လို့ ဒုန်းချခဲ့ရတာဗျာ" တဲ့။ မောင်လူမွှေး ကြားရတဲ့ စစ်ရှောင်တွေရဲ့ စကားတွေကို ချရေးရင် သောက၊ ဗျာပါဒ၊ ဒုက္ခပေါင်းချုပ်စာအုပ်တောင် ဖြစ်နိုင်မယ်ထင်ပါရဲ့။
စစ်ရှောင်ပြည်သူတွေဟာ ပြည်ပမှာရှိတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေရဲ့ အလှူငွေနဲ့ အသက်ဆက်နေကြရတယ်လို့ ဆိုနိုင်ပါတယ်။ ပြည်ပကနေ ကိုယ့်နိုင်ငံသားတွေ လှူဒါန်းလိုက်တဲ့ငွေဟာ ကိုယ့်နိုင်ငံက စစ်ရှောင်တွေရဲ့ ဝမ်းရေးကို ဖြေရှင်းပေးရုံတင် ဘယ်ဟုတ်မလဲ။ စစ်ရှောင်ပြည်သူအချင်းချင်း စည်းလုံးမှုကို ဖြစ်စေတယ်။ စိတ်ခွန်အားကို ဖြစ်စေတယ်။ နွေဦးတော်လှန်ရေးကို တိုက်ရိုက် အထောက်အကူပြုနေတာ ဖြစ်တယ်။
ကိုယ့်နိုင်ငံက စစ်ရှောင်တွေဆီ ရောက်လာတဲ့ ပြည်ပက စနေ၊ တနင်္ဂနွေနေ့တွေရဲ့ တန်ဖိုးတွေကို အကျိုးရှိရှိ အသုံးချဖို့ကတော့ စစ်ရှောင်ပြည်သူတွေအတွက် စီမံခန့်ခွဲပေးနေသူတွေ ဖြစ်ပါတယ်။ အခြေခံစားသောက်ကုန်လိုမျိုးဟာကို အချိုးကျ ညီတူညီမျှ ခွဲဝေပေးလို့ အဆင်ပြေပေမယ့် ကျန်းမာရေး၊ ပညာရေးလိုမျိုး ကိစ္စရပ်တွေမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်စေမယ့် စီမံခန့်ခွဲမှုတွေ လိုအပ်မှာဖြစ်တယ်။ စစ်ရှောင်ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း မဖြစ်မနေ လိုအပ်မှာ ဖြစ်ပါတယ်။
ပြည်ပက ကိုယ့်လူမျိုးတွေရဲ့ စနေ၊ တနင်္ဂနွေနေ့ တန်ဖိုးတွေကို ရေရှည်ဖွံ့ဖြိုးရေးအတွက် အကျိုးရှိရှိသုံးဖို့ စီမံခန့်ခွဲသူတွေ များများရှိဖို့ဟာလည်း အရေးကြီးပါတယ်။ ငွေကို အသုံးပြုရာမှာ ငွေအများကြီး ပုံသုံးနိုင်တိုင်း ရလဒ်ကောင်းကို ရနိုင်တာ မဟုတ်ဘူး။ မောင်လူမွှေးတို့ စစ်ရှောင်တွေမှာ ငွေအများကြီး ရဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ ဒီတော့ စနစ်ကျတဲ့ ၊ မျှတတဲ့ စီမံခန့်ခွဲနိုင်မှုရှိမှသာ ရလဒ်ကောင်းတွေ ထွက်ပေါ်နိုင်မယ်။ ရေရှည်ဖွံ့ဖြိုးမှုကို လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။
ပြည်ပက ကိုယ့်လူမျိုးတွေထဲက သူတို့ရဲ့ စနေနေ့ တရက်ရက်ကိုပဲဖြစ်ဖြစ်၊ တနင်္ဂနွေနေ့ တရက်ရက်ကိုပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံက စစ်ရှောင်ပြည်သူတွေအတွက် ရောင်းချသူတွေ ခုထက် ပိုများလာရင်၊ စစ်ရှောင်ပြည်သူတွေအတွက် စီမံခန့်ခွဲမှုတွေ ပိုမိုကောင်းမွန်လာရင် နှစ်ဦးနှစ်ဖက် စိတ်ကြည်နူးရပြီး တော်လှန်ရေးခရီးဟာလည်း ပိုမိုမြန်ဆန်လာမှာ ဖြစ်ပါတယ်ခင်ဗျာ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar