Sunday, September 7, 2025

မှန်ကန်တဲ့ အချက်အလက်၊ ဆန္ဒစွဲမဟုတ်တဲ့ လက်တွေ့အခြေအနေတွေနဲ့ လူထုကို စည်းရုံးရမယ့် အချိန်တန်ပြီ

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၆ မြင်ကွင်း

(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၂၅

မှန်ကန်တဲ့ အချက်အလက်၊ ဆန္ဒစွဲမဟုတ်တဲ့ လက်တွေ့အခြေအနေတွေနဲ့ လူထုကို စည်းရုံးရမယ့် အချိန်တန်ပြီ

တိုက်ပွဲသတင်းတွေ ထုတ်ပြန်ကြတဲ့အခါ ဒါမှမဟုတ် သတင်းမီဒီယာတွေက တိုက်ပွဲမှာ ပါဝင်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို မေးမြန်းကြတဲ့အခါ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့ရဲ့ ထိခိုက်ကျဆုံးတဲ့ အရေအတွက်ကို လျှော့ပေါ့ ပြောဆိုတာ၊ ရန်သူရဲ့ ထိခိုက်ကျဆုံးမှုကို ပိုမိုပြောဆိုတာ သဘာဝဖြစ်ပါတယ်။ ဒါက တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ မိမိတို့ဘက်က ရဲဘော်ရဲဘက်တွေ စိတ်ဓာတ်မကျဆင်းစေအောင် ဖုံးကွယ်ပြောဆိုပြီး ရန်သူ့ဘက်က တပ်ဖွဲ့ဝင်တွေ စိတ်ဓာတ်ကျဆင်းအောင် အားလျော့အောင် ရည်ရွယ်ပြီး ထုတ်ပြန်ကြတာ သဘာဝဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီ သဘော သဘာဝအတိုင်း ထုတ်ပြန်ကြတာ ရှိပြီး အချို့သော နိုင်ငံတွေကတော့ မိမိတို့ တပ်ဖွဲ့ရဲ့ ထိခိုက်ကျဆုံးတဲ့ ကိန်းဂဏန်းတွေကို မထုတ်ပြန်ဘဲ ဆိတ်ဆိတ်နေကြတာမျိုးလည်း တွေ့ကြရမှာပါ။ 

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် လအနည်းငယ်အကြာမှာ ပြည်တွင်း လက်နက်ကိုင် တိုက်ပွဲတွေ အရှိန်အဟုန်နဲ့ ဖြစ်ပွားကာ ယခုအချိန်ထိ ၄ နှစ်ကျော် ၅ နှစ်ထဲဝင်ရောက်လာတဲ့ ပြည်တွင်းစစ်မီးက အရှိန်ငြီးငြီး တောက်လောင်နေဆဲ ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ် ထိန်းချုပ်ထားတဲ့ နယ်မြေတွေ သိမ်းယူနိုင်တာတွေ ရှိသလို မြို့တွေလည်း ဒါဇင်ကနေ ရာဂဏန်းရောက်လုနီးနီး အရေအတွက်ထိ  တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေဘက်က သိမ်းယူနိုင်ခဲ့တာတွေ့ရပါတယ်။ 

ဒီလိုကာလမှာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ တိုက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ထုတ်ပြန်ကြတဲ့အခါ အမှန်တကယ် ဖြစ်ပျက်တာထက် ပိုပိုသာသာ ပြောဆိုတာတွေ များလာပြီး အဲလို ပြောဆိုမှုတွေ ပတ်ဝန်းကျင်မှာ များပြားလာတဲ့ အခါမှာ ထင်မှတ်မှားမှုတွေ ဖြစ်ပေါ်စေလာတာ ဖြစ်ပါတယ်။ 

သတင်းမီဒီယာတွေ အနေနဲ့လည်း တိုက်ပွဲသတင်းတွေရဲ့ ဝါဒဖြန့်တဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်တဲ့ အချက်အလက်တွေကို သီးခြားစိစစ် အတည်ပြုနိုင်ခြင်း မရှိဘဲ ထုတ်ပြန်ချက်အတိုင်း ပြန်လည်ဖေါ်ပြကြရာက ပြည်ပမှာ အခြေစိုက်တဲ့ မြန်မာသတင်းမီဒီယာ အများစုက ဆင်တူ အချက်အလက် နဲ့ ဆင်တူသတင်းတွေ ဖြစ်လာကြတာတွေ့ရမှာ ဖြစ်ပါတယ်။ လူထုအနေနဲ့ တော်လှန်ရေး အင်အားစုတွေဘက်က အပြတ်အသတ် အနိုင်ရနေတဲ့ သတင်းမျိုး၊ တဖက် အာဏာသိမ်းစစ်တပ်ဘက်က များပြားတဲ့ ထိခိုက်သေဆုံးမှု၊ လက်နက်ချတာ၊ ဒဏ်ရာရတဲ့ သတင်းတွေကို ဖတ်ရှုနားဆင်ရတဲ့အခါ ကျေနပ်အားရစရာ ဖြစ်တာမှန်ပေမယ့် အဆိုပါ အချက်အလက်တွေ အခြေအနေတွေ ပေါ် အခြေခံပြီး တော်လှန်ရေး မကြာခင်အောင်မြင်တော့မယ်။ အောင်မြင်နေပြီလို့ ထင်မှတ်မှားမှုတွေ အလွှာအသီးသီးမှာ ဖြစ်ပေါ်လာခြင်းဟာ လက်တွေ့ အခြေအနေနဲ့ ကင်းကွာလာတဲ့ အနေအထားကို ရောက်ရှိလာစေတာ ဖြစ်ပါတယ်။ 

သာမန်ပြည်သူလူထု အနေနဲ့ စိတ်အားတက်ကြွတာမျိုးတင်မကပဲ နိုင်ငံရေး၊ စစ်ရေးမှာ ဆုံးဖြတ်ချက်ချမှတ် နေသူတွေကိုယ်တိုင် အဆိုပါ သတင်းအချက်အလက်တွေကို အခြေပြု စဥ်းစားဆုံးဖြတ်ကြတာမျိုး လူထုကို မျှော်လင့်ချက်အမှားတွေ ပေးမိတဲ့ အခြေအနေတွေ ပြီးခဲ့တဲ့နှစ်တွေမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

မကြာသေးခင်က BPLA လက်နက်ကိုင် တပ်ဖွဲ့ ဦးဆောင်သူ မောင်ဆောင်းခက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ “ဒီတော်လှန်ရေး အောင်မြင်ရမယ်၊ နိုင်ရမယ်ဆိုတာ ပြောလို့ရတယ်။ မကြာခင်နိုင်မယ်၊ နိုင်နေပြီ၊ အောင်ပွဲနီးပြီဆိုတာမျိုးကိုကျ မပြောကြတော့တာ ကောင်းမယ်” လို့ရေးသားထားပါတယ်။ ဘာကြောင့်လဲဆို တော်လှန်ရေးကြာလာတာနဲ့အမျှ အဲလိုနိုင်နေပြီလို့ ပြောနေသူတွေအပေါ် ယုံကြည်မှု ကျဆင်းလာလေလေ ဖြစ်ပြီး လူထုကြီးကိုလည်း ခရီးရှည်ထဲ လိမ်ခေါ်လာမိသလို ဖြစ်ပြီး ပန်းတိုင်မရောက်ခင် ခြေကုန်လက်ပမ်းကျ စေလိမ့်မယ်လို့ လည်း ရေးသားထားပါတယ်။ 

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခါစကတည်းက လူကြိုက်များတဲ့ နွေဦးတော်လှန်ရေး ခေါင်းဆောင်အချို့ နဲ့ ဆိုရှယ်မီဒီယာပေါ်က ဆယ်လီဘရစ်တီ အချို့က လအနည်းငယ်အတွင်း စစ်အာဏာရှင်တွေ ပြုတ်ကျမယ့် သဖွယ် ပြောဆိုစည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။ CDM လှုပ်ရှားမှုမှာလည်း တလ နှစ်လခန့် ဆက်လက်တောင့်ခံနိုင်ရင် အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံ အုပ်ချုပ်ရေး၊ စီးပွားရေး ယန္တရားကို မလည်ပတ်နိုင်တော့ဘဲ ပြုတ်ကျလိမ့်မယ်ဆိုတဲ့ အကောင်းမြင်လွန်းတဲ့ စည်းရုံးမှုတွေနဲ့ လူထုကို စည်းရုံးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်ကာလတွေ မှာလည်း စစ်ရေးအရ လက်နက်ကိုင်တော်လှန်တဲ့ လမ်းကြောင်းရွေးချယ်ပြီးနောက် အာဏသိမ်းစစ်တပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ချ CDM လုပ်ခြင်းကို အကြောင်းပြုပြီး ရန်သူက မကြာခင် ပြိုကျတော့မယ် သဘောမျိုး စည်းရုံးပြောဆိုခဲ့ကြတာတွေ့ရပါတယ်။ 

၂၀၂၄ ခုနှစ် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေဘက်က စစ်ရေးရေချိန်အမြင့်ဆုံးအချိန် ကနေ ၂၀၂၅ ခုနှစ် နှစ်လယ်ကာလမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ စစ်လက်နက်ခဲယမ်း၊ နည်းပညာတွေ ရရှိလာသလို စစ်မှုထမ်းဥပဒေကို အသုံးချပြီး စစ်အင်အား စုဆောင်းလာနိုင်တဲ့ အနေအထားတွေ ဖြစ်ပေါ်လာပြီး တော်လှန်ရေး လက်နက်ကိုင် တပ်တွေအနေနဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေအချို့ ပြန်လည်လက်လွှတ်လိုက်ရတာ တွေဖြစ်ပေါ်လာပါတယ်။ ယမန်နှစ်က ခံစစ်နဲ့ တောက်လျှောက် ခုခံနေတဲ့ စစ်တပ်ဟာ အခုအချိန်မှာ အချို့သော စစ်မျက်နှာမှာ အရှုံးနဲ့ ရင်ဆိုင်ရသည့်တိုင် စစ်မျက်နှာ အများအပြားမှာ ထိုးစစ်တွေ ဆင်လာနိုင်တဲ့ အနေအထားရောက်လာပါတယ်။ 

ဒီအနေအထားတွေက လက်နက်ကိုင် တော်လှန်ရေး တနည်းအားဖြင့် စစ်ရေးအရ အပြီးတိုင်အနိုင်ယူရေးက ချက်ခြင်း လက်ငင်းဖြစ်မလာနိုင်ဘူးဆိုတဲ့ အမြင်တွေက သာမန်အရပ်သားတွေ အနေနဲ့တောင် မှန်းဆ မိလာတာပါ။ 

ဒီအနေအထားမှာ အခုလို တော်လှန်ရေး မကြာခင်နိုင်တော့မယ် ဆိုတာမျိုး ပြောဆိုစည်းရုံးခြင်းဟာ မှန်ကန်တဲ့ စည်းရုံးရေး မဟုတ်ကြောင်း ပြောဆိုမှုတွေ စတင်ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုတွေ အနေနဲ့ ပြည်သူလူထုကို တပွဲထိုး ပြောဆိုစည်းရုံးတာမျိုးထက် ရေရှည်ခံနိုင်ရည်ရှိအောင် စိတ်ဓါတ်အားဖြင့် ရုပ်ဝတ္တုအားဖြင့် ပြင်ဆင်ထားတဲ့ အနေအထားမျိုး ပြောဆိုစည်းရုံးဖို့ အချိန်တန်ပြီ ဖြစ်သလို မှန်ကန်တဲ့ အချက်အလက် ၊ လက်တွေ့ကျတဲ့ ရှုထောင့်က ပြောဆိုစည်းရုံးကြဖို့လည်း အချိန်တန်ပြီလို့ ဆိုချင်ပါတယ်။ 

ပြည်ပနိုင်ငံကြီးတွေရဲ့ စွက်ဖက်မှုမပါဝင်ဘဲ လက်နက်ကိုင် တော်လှန်ရေးတရပ်ဟာ မြန်မြန်ဆန်ဆန် အောင်ပွဲခံတာမျိုး သမိုင်းမှာ သာဓက မရှိခဲ့ပါဘူး။ ဆယ်စုနှစ် တခုကျော်ကြာမြင့်ခဲ့တဲ့ ဆီးရီးယား ပြည်တွင်းစစ်ပွဲဟာ မကြာသေးခင်က အမေရိကန်နဲ့ တူရကီတို့ နောက်ကွယ်က ကူညီမှုကြောင့်သာ လပိုင်းအတွင်း အာဏာရှင် အာဆတ် အစိုးရပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ (တချိန်တည်းမှာလည်း ဆီးရီးယားအာဏာရှင်ကို ကျောထောက်နောက်ခံပေးနေတဲ့  ရုရှားပူတင်အစိုးရက ယူကရိန်းစစ်ဘက် အာရုံပိုစိုက်ပြီး ဆီးရီးယားအပေါ် အာရုံမထားတော့တာလဲ တပိုင်းလို့ ဆိုချင်ဆိုနိုင်ပါတယ်။) အခုလို သာဓကပေးလို့ မြန်မာ့အရေးမှာ ပြည်ပအင်အားကြီးနိုင်ငံတွေ ပါဝင်ပတ်သက်စေချင်တဲ့ ရည်ရွယ်ချက်၊ ဆန္ဒနဲ့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ပြည်ပအင်အားကြီးနိုင်ငံတွေ ဝင်ရောက်စွက်ဖက်ခြင်းဟာ ပိုပြီး စစ်ပွဲတွေကို အရှိန်မြင့်စေ လူထုဆန္ဒထက် ပထဝီနိုင်ငံရေးအကျိုးစီးပွားတွေအတွက် စည်းရုံးရေး ဇာတ်ပြောစကားတွေ ဖန်တီးပြီး အာဏာရှင်တွေကိုသာ သက်တမ်းရှည်စေ၊ မွေးထုတ်စေတယ်ဆိုတာ တရုတ်နိုင်ငံရဲ့ စွက်ဖက်မှုက လက်တွေ့ ခံစားနေကြရပြီ ဖြစ်ပါတယ်။ 

နိုင်ငံရေး အင်အားစုတွေ၊ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မိမိတို့ အဖွဲ့ရဲ့ အကျိုးစီးပွားထက် လူထုရဲ့ ဆန္ဒ၊ အကျိုးစီးပွားတွေကို ငဲ့ပြီး ရိုးရိုးသားသားနဲ့ စည်းရုံးပြောဆိုကြဖို့ အချိန်တန်ပြီလို့သာဆိုချင်ပါတော့တယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar