မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၉ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၁၀၊ ၂၀၂၅
စစ်ကော်မရှင်ရွေးကောက်ပွဲ ပွဲမစခင်ကတည်းက ပြိုကွဲမှုများ စနေပြီလား
၂၀၂၁ အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ မှာ စစ်ကော်မရှင်လို့ ပြုပြင်ပြောင်းလဲလိုက်ပြီး ၂၀၂၅ နှစ်ကုန်ဝန်းကျင်မှာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ နောက်ထပ်ရွေးကောက်ပွဲတခု ကျင်းပဖို့ ပြင်ဆင်လာပါတယ်။ ဇူလိုင် ဩဂုတ်လတွေအတွင်းမှာ ရွေးကောက်ပွဲ လုပ်ဖို့အရေးကို အရှိန်မြင့်ပြီး အသံပေးလာခဲ့တာ ဖြစ်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေထဲက တရုတ်၊ အိန္ဒိယတို့ကလည်း စစ်ကော်မရှင်လုပ်ချင်တဲ့ ရွေးကောက်ပွဲကို အားပေးတဲ့ လက်ခံတဲ့ အမူအရာတွေ ပြသလာတဲ့အပြင် မြန်မာအသင်းဝင်ဖြစ်တဲ့ အာဆီယံအဖွဲ့ကလည်း ဒါနဲ့ပတ်သက်လို့ ဝေဖန်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ စစ်ကော်မရှင်ဦးဆောင်တဲ့ မြန်မာစစ်အုပ်စု၏ ခြေလှမ်းတွေကို အပစ်ရပ်ထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေကလည်း နှုတ်ဆိတ်နေကြပြီး အချို့တပ်ဖွဲ့တွေကတော့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။
DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက စက်တင်ဘာ ၆ ရက်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ DKBA တပ်ဖွဲ့ကလည်း ရွေးကောက်ပွဲကို ပူးပေါင်းပါဝင် ဝန်းရံကူညီမယ်လို့ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ “ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးတဲ့အခင်းအကျင်းလို့ပဲ မြင်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်တွေကို ရွေးမယ့်ပွဲမှာ ဝန်းရံသွားပါမယ်။” လို့ ဆိုပါတယ်။ အလားတူ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို ကူညီသွားမယ်လို့ စက်တင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာကြောင်း DVB သတင်းမှာ ဖော်ပြထားတာ ဖတ်ရှုရပါတယ်။
စစ်ကောင်မရှင်က ရွေးကောက်ပွဲကို နယ်မြေအနှံ့ တပြည်လုံးအတိုင်းအတာနဲ့ တပြိုင်နက်တည်း ကျင်းပနိုင်မှာ မဟုတ်ကြောင်း၊ အပိုင်းလိုက် ခွဲခြားပြီး ကျင်းပမည် ဖြစ်ကြောင်း ကြေညာထားပါတယ်။ အရေးပေါ် အခြေအနေကြေညာထားတဲ့ ၆၃ မြို့နယ်မှာ စစ်အုပ်ချုပ်ရေး ရက် ၉၀ နဲ့ စစ်တိုင်းမှူးတွေ တိုက်ရိုက်အုပ်ချုပ်နေတာ ဖြစ်ပြီး စစ်ဘေးသင့်ပြီး ပြည်သူလူထု၏ လုံခြုံရေးမရှိတဲ့ မြန်မာနိုင်ငံ၏ နယ်မြေတွေက ၆၀% ကျော် ရှိတယ်လို့ အကဲခတ်တွေက ဆိုထားပါတယ်။ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ နေရပ်စွန့်ခွာကြတာ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေ မြောက်များစွာ ရှိတာမို့ သန်းကောင်စာရင်း ကောက်ခံမှု၊ မဲစာရင်း အသစ်ပြုစုမှု ထုတ်ပြန်မှုများကို ဘယ်လိုနည်းနဲ့မှ တိတိကျကျ ထုတ်ပြန်နိုင်မှာ မဟုတ်လို့ ရွေးကောက်ပွဲတရပ် သက်တောင့်သက်သာ ကျင်းပနိုင်တဲ့ အခြေအနေလည်း မရှိတာ အမှန် ဖြစ်ပါတယ်။ မဲစာရင်း ထုတ်ပြန်တာ မရှင်းလင်းတဲ့အပြင် ဝင်ရောက်အရွေးခံမည် ပါတီနဲ့ ကိုယ်စားလှယ်စာရင်းကလည်း အတိအကျ မထွက်ရှိနိုင်သေးပါဘူး။ ရွေးကောက်ပွဲကော်မရှင်တရပ်ကနေ အချိန်ဇယားတရပ် တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိတာလည်း ထောက်ပြစရာ ဖြစ်ပါတယ်။
လက်ရှိ ပြည်သူတွေဆီမှာ မှတ်ပုံတင်မျိုးစုံကိုင်ဆောင်ထားတာ၊ သန်းခေါင်စာရင်း အတိအကျ မရှိကြတာ၊ မူလနေထိုင်ရာကနေ ရွှေ့ပြောင်းနေထိုင်နေကြတာ၊ ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်ကြရတဲ့ အခြေအနေများ၊ စမတ်ကဒ်များကိုလည်း စနစ်တကျ ထုတ်ပေးတာမျိုးထက် လူတဦးချင်းစီ၏ လွတ်လပ်စွာ ရွှေ့ပြောင်းနေထိုင်မှုကို ထိန်းချုပ်စောင့်ကြည့်ဖို့သက်သက် လုပ်ဆောင်ထားတာမို့ အဝေးရောက် (ကြိုတင်) မဲပေးတာ ဖြစ်ဖြစ်၊ ကိုယ်တိုင်မဲသွားပေးတာဖြစ်ဖြစ် ရွေးကောက်ပွဲတရပ် ကျင်းပမှု မဲစာရင်းလက်ခံမှု ရေတွက်မှုတွေ၏ နောက်ခံကျောရိုးကလည်း လုံး၀ခိုင်မာခြင်း မရှိတာကို တွေ့ရပါတယ်။
စစ်ကော်မရှင်ဘက်က တိတိကျကျ ခိုင်ခိုင်မာမာ ထုတ်ပြန်နိုင်တာကတော့ သူတို့၏ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ လွှတ်တော်အသီးသီးမှာ ကြိုတင်စာရင်းသွင်း တိုက်ရိုက်ခန့်အပ်နိုင်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ဖြစ်ပါတယ်။ လွှတ်တော်အသီးသီး၏ ၂၅ % သော တပ်မတော်ကိုယ်စားလှယ်က တပြည်လုံးအတိုင်းအတာနဲ့ လွှမ်းခြုံမှာ အသေအချာဖြစ်တာမို့ မဲပုံးလည်း ထောင်စရာ မလိုပါဘူး။ နောက်တချက်ဖြစ်တဲ့ တဖက်သပ်ထုတ်ပြန်နိုင်တဲ့ စစ်ကော်မရှင်ကျောထောက်နောက်ခံနဲ့ ပြည်ခိုင်ဖြိုး ခေါ် ကြံ့ဖွတ်ပါတီကိုယ်စားလှယ်များကလည်း ပြိုင်ဘက်မရှိ လုပ်ကြံဖန်တီးထားသော ကြိုတင်မဲအသာနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတုန်းကလိုမျိုး စီစဉ်နိုင်ကြတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့၏ အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင် လွှတ်တော်တရပ်ဆိုတာ နိုင်ငံတကာ၏ ထောက်ခံမှု အသိအမှတ်ပြုမှု မရှိဘဲ အတင်းအဓမ္မဖန်တီးနိုင်တာ အသေအချာလို့ ဆိုနိုင်တာ ဖြစ်ပါတယ်။
သို့သော်လည်း နိုင်ငံရေး စစ်ရေး အပြောင်းအလဲဖြစ်ဖို့ ဆိုတာက - ရွေးကောက်ပွဲရလဒ်ကို အိမ်နီးချင်းနိုင်ငံများ၏ အသိအမှတ်ပြုမှု၊ အာဆီယံနိုင်ငံများ၏ လက်ခံမှုကို လိုအပ်နေတာအပြင် ပြည်တွင်းမှာ အထွေထွေအကြပ်အတည်းဆိုက်နေတဲ့ ပြည်သူတွေကို စစ်ကော်မရှင် ကျုံးသွင်းနေတဲ့ နိုင်ငံရေးထွက်ပေါက်ကနေ ဆွဲဆောင်နိုင်ဖို့က အရေးတကြီးလိုအပ်ချက် ဖြစ်နေတာမို့ ပြည်သူတွေထဲက အနည်းငယ်သော ရာခိုင်နှုန်းကဖြစ်စေ သူတို့ ရွေးကောက်ပွဲမှာ မဲပေးပြီးဖြစ်စေ မဲမပေးဘဲ ဆိတ်ဆိတ်နေပြီး လက်ခံလိုက်ခြင်းဖြင့် တော်လှန်စစ်ဆင်နွှဲနေတဲ့ ပြည်သူတွေနဲ့ NUG အပါအဝင် ERO တွေနဲ့ နီးကပ်ပတ်သက်မှုတွေ လမ်းခြားသွားအောင် ကွာဟသွားအောင် ဘယ်လိုပဲဖြစ်ဖြစ် ဆောင်ရွက်ချင်တာ ဖြစ်ပါတယ်။
သို့သော်လည်း စစ်ကော်မရှင်ကိုယ်တိုင်က သည်ခြေလှမ်းတွေကိုယ်တိုင်အပေါ် သူ့ဘာသာသူလည်း ယုံကြည်စိတ်ချမှု မရှိဘူးဆိုတာက အချိန်တွေ ကုန်ဆုံးလာတာနဲ့အမျှ ထင်ရှားလာတယ်လို့ ဆိုချင်ပါတယ်။ သူတို့ ရွေးကောက်ပွဲကို လက်ခံကြဖို့ သူတို့နဲ့ လာရောက် ပူးပေါင်းဆောင်ရွက်ဖို့ အသံပေး ဖိတ်ခေါ်နေသော်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် စစ်တပ်၏ အငြိုးတကြီး ဝေဖန် ပြစ်တင်ရှုတ်ချမှုက ရပ်တန့်နေခြင်း မရှိပါဘူး။ သူတို့ကိုယ်တိုင်က မဲစာရင်းတွေ မသမာဘူးလို့ စွပ်စွဲပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီကို ဖျက်သိမ်းခဲ့ခြင်း၊ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမတကြီး ဦးဝင်းမြင့်ကို ဖမ်းဆီး ထောင်ချ ဆက်လက် နှိပ်ကွပ်ထားခြင်း၊ ဆက်လက်ပြီးလည်း နိုင်ငံရေးအရ သဘောချင်းမတူညီသူများကို ဖမ်းဆီးထားခြင်းတွေ ကို အလျော့ပေးခြင်း အရှိန်ချခြင်း မလုပ်နိုင်သေးတာ တွေ့ရပါတယ်။ စစ်ရေးအရလည်း လေကြောင်းကနေ အပြစ်မဲ့ပြည်သူတွေကို တိုးမြှင့်တိုက်ခိုက်ပြီး သတ်ဖြတ်နေဆဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကတိကဝတ်ကို ခိုင်မာကြောင်း သက်သေပြဖို့အတွက် ခုကတည်းက တဘက်သတ် အပစ်ရပ်တာ၊ လွတ်ငြိမ်းချမ်းသာ အကြွင်းမဲ့ကြေညာတာ၊ ပြည်တွင်းစစ်ကို ငြိမ်းချမ်းရေးနဲ့ အဖြေရှာမဲ့ အရိပ်အယောင်ကို ထုတ်ပြနိုင်ခြင်း၊ သဘောထားကြီးမှု ပြသနိုင်ခြင်း စစ်ကော်မရှင်မှာ မရှိတာ ထင်ရှားနေပါတယ်။ မကျန်းမာဘူးလို့ သတင်းတွေ ထွက်နေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မဲ့ လွှတ်ပေးပြီး သဘောထားကြီးကြောင်းပြသနိုင်ဖို့လည်း စစ်ကော်မရှင်မှာ အဆင့်အတန်းရှိပုံ မရပါဘူး။
နောက်ဆုံးထင်ရှားတဲ့ သာဓကကတော့ သူတို့ရွေးကောက်ပွဲကို အသိအမှတ်ပြုပြီး ဝင်ရောက် ဆင်နွှဲပါမယ်လို့ ကတိပေးလာတဲ့ စစ်ကောင်စီကို အညံ့ခံထားတဲ့ ယခင် NLD ပါတီဝင်ဟောင်းတွေ ပါဝင်တဲ့ နိုင်ငံရေးပါတီတရပ်ကိုပါ စစ်ကော်မရှင်က ရွေးကောက်ပွဲမဝင်နိုင်အောင် ဖျက်သိမ်းပစ်တဲ့ ရုပ်ဆိုးလှတဲ့ ကျုးလွန်မှုပဲ ဖြစ်ပါတော့တယ်။ သတင်းများကတော့ - အဆိုပါ စစ်ကောင်စီ၏ မရိုးသားမှုကို သည်လို ရေးသားထားပါတယ်။
NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း စစ်ကော်မရှင်ကြေညာ - စစ်တပ်ကဦးဆောင်ပြီး လာမည့်ဒီဇင်ဘာတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ ၄ ခုကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့ကြေညာလိုက်သည်။ ဖျက်သိမ်းခံရသည့်ပါတီများထဲတွင် NDF ဟုလူသိများသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ DNP ဟုအတိုကောက်အမည်ရှိသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ ဖြစ်ကြသည်။
အဆိုပါ ပါတီများကို သတ်မှတ်လူဦးရေနှင့်ရုံးခန်း ပြည့်မီခြင်းမရှိဆိုသည့် ပြစ်ချက်ဖြင့် မှတ်ပုံတင်ပယ်ဖျက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခဲ့သည်။ NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီဝင်မှ ခွဲထွက်ခဲ့သူများ ဦးဆောင်ထူထောင်ခဲ့သည့် ပါတီဖြစ်သည်။ ထိုပါတီသည် တကျော့ပြန်အာဏာသိမ်းသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်မည့် ရွေးကောက်ပွဲကို ထောက်ခံထားသည်။ စစ်တပ် ရွေးကောက်ပွဲတွင်ပ ါဝင်ရန် လူသိများသည့် NLD အမတ်ဟောင်း ဒေါ်စန္ဒာမင်း အပါအဝင် NLD ပါတီဝင်တချို့လည်း NDF သို့ ဘက်ပြောင်းခိုလှုံခဲ့ပြီး စစ်တပ်၏ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြင်ဆင်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲမလုပ်မီ ပါတီဖျက်သိမ်းခံခဲ့ရသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲ လမ်းကြောင်းဆိုတာ - မရိုးသားမှုများ၊ မတရားမှုများ၊ လိမ်ညာ လုပ်ကြံမှုများ၊ အနိုင်ကျင့်ဗိုလ်ကျမှုများနဲ့ ပြည့်နှက်နေတယ်ဆိုတာကို ပြသလိုက်တာပဲလို့ ဆိုချင်ပါတယ်။ စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက် စစ်ရေးထွက်ပေါက်ဆိုတာက ရွေးကောက်ပွဲမှာလည်း သူတို့အုပ်စုအားလုံး အနိုင်ကျ ဗိုလ်လုပ်နိုင်ရေး ဖြစ်တယ်၊ စစ်ရေးမှာလည်း သူတို့ စစ်အုပ်စုတွေက စစ်ပွဲတိုင်းမှာ အနိုင်ရပြီး သူ့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကော တွန်းလှန်သူတွေကိုပါ အဆုံးထိ ချေမှုန်း ဗိုလ်ကျ စိုးမိုးရေးပဲ ဖြစ်တယ်ဆိုတာပဲလို့ ဆိုလိုက်ချင်ပါတော့တယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar