Wednesday, September 10, 2025

သန်းဌေးမောင် - ရဲဘက်

သန်းဌေးမောင် - ရဲဘက်

မိုးမခ ၊ စက်တင်ဘာ ၁၀ ၊ ၂၀၂၅

ဘဘဗိုလ်ချုပ်မှူးကြီးရှင့် 

ကျွန်မတို့ စစ်သည်ဇနီးများကို စစ်သည်ရဲဘော်များနဲ့အတူ ရှေ့တန်းစစ်မြေပြင်သို့အတူ လိုက်ပါခွင့်ပြုပါရန် တောင်းဆိုပါရစေရှင့်

ရိုသေလေးစားစွာဖြင့် 

မပုတု

(စစ်သည်ဇနီး)

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လိပ်မူပြီး ရောက်လာတဲ့ စာတစ်စောင်ကြောင့် နေပြည်တော်စစ်ရုံးချုပ်မှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားတယ်။

တာဝန်ရှိသူက စာကို ဖတ်ကြည့်ပြီး ချက်ချင်း အစည်းအဝေးခေါ်တယ်၊ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ဗိုလ်ချုပ်မှူးကြီးထံ စာကို တင်ပြလိုက်ကြတယ်။

ဗိုလ်ချုပ်မှူးကြီးက စာကိုအကြိမ်ကြိမ် ဖတ်ကြည့်နေတယ်၊ ယုံလည်းမယုံနှိုင်ဘူးဖြစ်နေတယ်၊ “ငါတို့ဘက်က ဒီလောက်အကျအဆုံးများနေတာသိလို့ တပ်ကို ကူညီအားဖြည့်ဖို့ သူတို့မှာဒီလိုစိတ်ရှိတာ ငါယုံတောင်မယုံနိုင်ဘူးကွာ” လို့ ဒုချုပ်စိုးဝင်းကို ခပ်ညည်းညည်လေး ပြောတယ်၊ ပြီးတော့ “ဒီလိုလုပ်ကွာ သေချာသွားအောင် ဒီခလေးမကို ငါကိုယ်တိုင် မေးချင်တယ် စီစဥ်ပေး” လို့ပြောသတဲ့။

နောက်တစ်နေ့ နေပြည်တော်စစ်ရုံးချုပ် ရုံးခန်းတစ်ခုထဲမှာ မပုတုထိုင်နေတယ်၊ ခဏကြာတော့ ဗိုလ်ချုပ်မှူးကြီး ရောက်လာတယ်၊  ကဲ ဆိုစမ်း သမီး၊ ဘာကြောင့် ကိုယ့်ယောကျ်ားနဲ့အတူ ရှေ့တန်းကို လိုက်ချင်ရတာလဲ၊ တပ်ကို ချစ်လို့ တပ်ကို ကူညီအားဖြည့်ဖို့ ရှေ့တန်းကို လိုက်ချင်တာလို့ ငါ ထင်တယ် ဟုတ်လား။   

“ဒီလိုပါ ဘဘဗိုလ်ချုပ်မှူးကြီးရှင့် ကျွန်မတို့က တပ်မတော်အတွက် မောင်တစ်ထမ်းမယ်တစ်ရွက် ပါရမီဖြည့်ဘက် ရဲဘက်တွေပါရှင့် ကျွန်မလင်လို သာမန် တပ်သားတစ်ယောက် ကျသွားရင် အလောင်းပြနိုင်မှ ခံစားခွင့်တွေ ရမယ်ဆိုတော့ အလောင်းကောက်ဖို့ လိုက်ခဲ့ချင်တာပါ ဘဘဗိုလ်ချုပ်မှူးကြီးရှင့်။

ကိန်!!!

-

t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar