မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၁)
မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၁)
မိုးမခ ၊ စက်တင်ဘာ ၆ ၊ ၂၀၂၅
■
ဖြစ်ချင်ဇောတွေ တအားများလို့
"အစ်မကြီး...နေကောင်းကြရဲ့လား၊ ကြီးကြီးရော ကျန်းမာရဲ့လား။ကျွန်တော်တို့လည်း အားလုံး နေထိုင်ကောင်းကြပါတယ်။ ရာသီဥတုက ဆောင်းလွန်ခဲ့ပြီဆိုတော့ ပိုပြီးအဆင်ပြေတယ် အစ်မကြီး။ ကလေးတွေတော့ ကျောင်းပိတ်ထားလို့ လည်လိုက်ပတ်လိုက်ပါပဲ။ ဟိုတလောတုန်းက ဖလော်ရီဒါဘက် အလည်သွားဖို့ စက်ရုံမှာ ခွင့်တင်ဖြစ်တယ်။ ဒါပေမဲ့ မောင်မောင်ထရန့်ရဲ့ အိုက်စ်အဖွဲ့တွေ သတင်းကြောင့် ခရီးသွားဖို့ ပြန်ဖျက်လိုက်ရပါတယ်။ ဒီမှာလည်း ဆရာမောင်သစ်ဆင်း ဆွေးနွေးတင်ပြသွားသလိုပါပဲ။ အမျိုးသားအရေးဝါဒ ဦးဆောင်တဲ့ ကာလမို့ အရာရာ သတိထားနေကြရပါတယ်။ MAGA ဆိုတဲ့ အမေရိကန် ပထမ မူဝါဒ တစ်ကျော့ပြန် ဦးဆောင်မှုနဲ့ နိုင်ငံရေးပေါ်လစီ အပြောင်းအလဲကြောင့် လူနေမှုပုံစံသစ်တွေ ရင်ဆိုင်ကြရပါတယ်။ ကျွန်တော်တို့လည်း ကြည့်နေ၊ ကြည့်စား ဖြစ်ကြရတာပါပဲ။
အစ်မကြီးရေ.... အခုတလော NUG ပြုပြင်ပြောင်းလဲရေးတွေ ဆူညံလာတော့၊ ပြည်တွင်းမှာတုန်းက ၂၀၂၀ ရွေးကောက်ပွဲ နီးလာတဲ့ကာလ။ ကိုဗစ်-၁၉ ပြဿနာက တစ်မှောင့်၊ အနီ အစိမ်း မဲဆွယ်မှုတွေကလည်း တစ်မှောင့်၊ NLD အစိုးရရဲ့ မဲဆွယ်စည်းရုံးရေး ကန့်သတ်ပိတ်ပင်မှုတွေကြားမှာ၊ လူထုက သူတို့ဘာသာသူတို့ ရဲရဲတောက် နီပြခဲ့ကြတော့၊ ကျွန်တော် ထိုင်းနိုင်ငံမှာ ဖြစ်ခဲ့တဲ့၊ ပါတီချင်း အပြိုင်အဆိုင် ကာလာတိုက်ပွဲကြောင့် စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ကိစ္စကို စိတ်ပူပြီး အခု အနီ၊ အစိမ်း ပြဿနာဟာလည်း အာဏာသိမ်းခံ ရနိုင်တယ်လို့ တွေးမိတဲ့အတွက် "ဒီလမ်း" ဂျာနယ်ကနေ "ကာလာ တိုက်ပွဲကြောင့် အာဏာသိမ်းတတ်သည်" ဆိုပြီး သတိပေးခဲ့ဖူးပါတယ်။ နောက်၊လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လက်ရှိ ကာလမှာ ဟိုတုန်းကလို ဗိုလ်ချုပ်နေဝင်း အိမ်စောင့်အစိုးရအဖြစ် တိုင်းပြည်အာဏာ သိမ်းသလို သိမ်းဖို့ လိုအပ်ကောင်း လိုအပ်တယ်ဆိုတဲ့ပြောဆိုချက်တွေ ပေါ်ပေါ်တင်တင် ထွက်ပေါ်လာပါတယ်။
အစ်မကြီး မှတ်မိဦးမယ်ဆိုရင် အဲဒီမတိုင်ခင်ကတည်းက အဆိုတော် ယုန်လေးရဲ့ ဗီဒီယို MTV ထွက်လာတဲ့အချိန်က ကျွန်တော့်ကို ရှေ့နေကြီးတစ်ဦးက ဒါဟာ အာဏာသိမ်းဖို့ နိမိတ်ပြတာ၊ ဒီကိစ္စကို ခင်ဗျား သေသေချာချာလေး ရေးစမ်းပါလို့ တိုက်တွန်းတဲ့အတွက် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။
အဲဒီ ရှေ့နေကြီးကပဲ ၂၀၂၀ ရွေးကောက်ပွဲ ပြီးသွားချိန်မှာ သူ ကြားသိလာတဲ့ မဲမသမာမှု ရှိတယ်ဆိုတဲ့ ပုံရိပ်ကို အတင်းအရှိန်မြင့်တင်လာတာကို အခြေခံပြီးတော့ ကျနော့်ကို ခေါ်ပြောပါတယ်။ သူက ဒီပုံစံအတိုင်းဆိုရင် စစ်တပ်က အာဏာသိမ်းလိမ့်မယ်။ သူ ကြားသိထားတဲ့ ကိစ္စတချို့ ကို NLD ထိပ်ပိုင်းက လူကြီးတွေ သိအောင် ကူညီပါဆိုလို့ ဆရာ တစ်ဦးဆီ ကျွန်တော် သူ့ကို ပို့ပေးခဲ့ပါတယ်။ အဲဒီဆရာကလည်း ရှေ့နေကြီးရှေ့မှာပဲ ကျွန်တော်တို့ ချစ်စနိုးခေါ်ကြတဲ့ 'ရွှေဘကြီး' ဆီ သတင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ အစ်မကြီး သိတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ ရေးသားတင်ပြမှုတွေဟာ ဘာမှ မထိရောက်သလို သတိပေးမှုတွေကိုလည်း ဘယ်သူမှ အသိအမှတ်မပြုခဲ့ပါဘူး။
၂၀၂၀ ရွေးကောက်ပွဲ နီးလာချိန်မှာ ကျွန်တော်တို့ စိုးရိမ်တဲ့ အချက်အလက်တွေထဲ နောက်ထပ်သိသာ မြင်သာတဲ့ ကိစ္စတစ်ရပ်က မအလဟာ အရင်ရွေးကောက်ပွဲတွေတုန်းကလို တပ်အရာရှိကြီးတွေ အစုလိုက်အပြုံလိုက် ကိုယ်စားလှယ်လောင်းအဖြစ် အမည်မတင်သွင်းတော့တဲ့ အချက်ပါပဲ။
အဲဒီတော့ ယုန်လေးရဲ့ MTV အခွေရယ်၊ ကာလာတိုက်ပွဲမှာ ရှုံးနိမ့်ခဲ့ရတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ အခြေအနေရယ်၊ တပ်အရာရှိကြီးတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်မပြိုင်တော့တဲ့ အခြေအနေရယ်၊ တနိုင်ငံလုံးအနှံ့ ၄၃၆ ပြင်ဆင်ရေး ဂယက်တွေရယ် ပေါင်းလိုက်ရင် မအလတို့ ဘာအကြံအစည် ရှိနေတယ်ဆိုတာ အခုသဘောပေါက်ပြီ ထင်ပါတယ်။
NUG ကြုံတွေ့ရတဲ့ လက်ရှိအခြေအနေကို အစပိုင်း ကနေစပြီး ပြန်ပြောပါဦးမယ် အစ်မကြီး။
အဲဒီတုန်းက ကျွန်တော် ဒီနိုင်ငံကို ရောက်ခါစပဲ ရှိပါ သေးတယ်။ ၂၀၂၁ ဩဂုတ်လမှာ ဒီကို ရောက်ခဲ့တာပါ။ ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော် တကယ့်နွေဦးတော်လှန်ရေးရဲ့ အတွင်းစည်းထဲကနေပါဝင်လှုပ်ရှားနေကြတဲ့ မိတ်ဆွေ တချို့နဲ့ ဆုံခဲ့ရပါတယ်။ ကျွန်တော်ကတော့ ဘာမှမလုပ်နိုင်သေးပါဘူး။ သူတို့က တော့ နွေဦးစတင်ပြီဆိုကတည်းက နိုင်ငံတကာက မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ပြီး နေ့ရောညပါ ဆွေးနွေးမှု အကြိမ်ပေါင်းများစွာ လှုပ်ရှားနေကြသူတွေပါ။ တကယ့်ကို စိတ်စေတနာအပြည့်နဲ့ လှုပ်ရှားနေကြသူတွေပါ။ ကျွန်တော်က တစ်ကိုယ်တည်း နေရချိန်ဆိုတော့ စနေ၊ တနင်္ဂနွေနေ့တွေမှာ ကျွန်တော့်အခန်းလေးဟာ သူတို့ စတည်းချရာ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ နားထောင်ရင်းနဲ့ပဲ ကိုယ့်အိပ်ရာ ကိုယ် ဝင်အိပ်ဖြစ်တာပါပဲ။ သူတို့ကို အိမ်ခန်းသော့ပါ ပေးထားတာမို့ သူတို့လည်း လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာကြပါတယ်။ ဘယ်သူမှ အနှောင့်အယှက်မဖြစ်ပါဘူး။
ကျွန်တော် ဘာဆိုဘာမှ ဝင်မပါဖြစ်ပါဘူး။ ဘဝက အစိမ်းသက်သက် ဖြစ်နေတဲ့ ကာလဆိုတော့ ဘာနိုင်ငံရေးမှလည်း စိတ်ထဲမထည့်ဖြစ်ပါဘူး။ လက်နက်ကိုင်တော်လှန်ရေးကို ပိုပြီးတောင် အလှမ်းဝေးပါတယ်။ သူတို့ကတော့ နှစ်ပေါင်းများစွာ နိုင်ငံရေး ဖြတ်သန်းမှုရှိတဲ့သူတွေ၊ နိုင်ငံရေးအကျဥ်းသားဖြစ်ခဲ့သူတွေ၊ တော်လှန်ရေးအတွေ့အကြုံ ရှိခဲ့ကြသူတွေဆိုတော့ နွေဦးရဲ့ ရှေ့တန်းကနေ ပါဝင်နိုင်ကြသူတွေပါပဲ။ ကျွန်တော့်ကို အကြိမ်တိုင်း ဖိတ်ခေါ်ပါတယ်။ အွန်လိုင်းကနေလည်း အရေးပါတဲ့သူတွေနဲ့ မိတ်ဆက်ပေးပါတယ်။ ကျွန်တော် ဘယ်လိုမှ သူတို့နဲ့ မဆွေးနွေးနိုင်ဘဲ နှုတ်ဆက်ရုံမျှသာ နှုတ်ဆက်ဖြစ်ခဲ့ပါတယ်။ ဘဝက သိပ်ဖိစီးနေတာကိုး။
အစ်မကြီး... ကျွန်တော် ဘယ်လိုပဲ ရှောင်ရှောင် သွေးထဲသားထဲမှာ အလိုလို ပါနေတဲ့ ဝေဖန်ဆန်းစစ်မှုသွေးက ရှိနေပါတယ်။ တစ်ရက်ကျတော့ "ကိုပေါ်" ရဲ့ "တွဲအားလုံးမှာ စက်ခေါင်းပါ တယ်" ဆိုတဲ့ စကားရပ်အပေါ် ဆွေးနွေးနေကြပါတယ်။ အဲဒီထဲမှာ အစ်ကိုဇော်သန်းက အဓိကဆွေးနွေးသူပါ။ သူက "ကိုပေါ်" ဒီနိုင်ငံကို ဟောပြောပွဲနဲ့ ရောက်လာစဉ်ကတည်းက "ကိုပေါ်" ပြောခဲ့တဲ့ တိုင်းပြည်အရေး ကြုံလာရင် သူ ဘယ်လို ရပ်တည်မယ် ဆိုတာကို ပြောပြခဲ့ဖူးတာကို၊ အမြဲပဲ လေးလေးစားစား ပြန်ပြောနေတတ်သူပါ။ ကျွန်တော်လည်း ကိုဇော်သန်း ပြောပြလို့ "ကိုပေါ်" အပေါ် ပိုပြီးလေးစားမိပတယ်။
ကိုဇော်သန်းက "တွဲအားလုံးမှာ စက်ခေါင်းပါတယ်"။ ဒီနွေဦးကို တိုက်ပွဲဝင်ကြရာမှာ အားလုံးဟာ ကိုယ့်အစွမ်း အစအသီးသီးနဲ့ တိုက်ပွဲဝင်နိုင်တယ်လို့ ပြောလိုက်တာပါ။
ကိုဇော်သန်းက ကျွန်တော့်ကို အဲဒီအပေါ် ဘယ်လိုမြင်သလဲ တဲ့။
"ဆီဖိုးတွေ ပိုကုန်မှာပေါ့ အစ်ကို" လို့ ကျွန်တော် ပြောထွက်မိတယ် အစ်မကြီး။ ကိုဇော်သန်းတို့ စိတ်မကောင်း ဖြစ်သွားကြပါတယ်။ ကျွန်တော် ဘာတတ်နိုင်မှာလဲ။ အဲဒါ ၂၀၂၁ က ဖြစ်ခဲ့တာပါ။
■
အစ်မကြီး...
သုံးနှစ်အတွင်း စစ်အနိုင်တိုက်ရေး ပေါ်ထွက်လာချိန်မှာ ကျွန်တော် ဘက်ဖဲလိုးမြို့ကို ရောက်နေပါပြီ။ မိတ်ဆွေဟောင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေတာမို့ တစ်ရက်မှာတော့ ကျွန်တော့်ကို လှမ်းပြောလာပါတယ်။ သူတို့နဲ့အတူ အခြားနိုင်ငံက နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေရော၊ ပြည်တွင်းက နွေဦးတော်လှန်ရေးအဖွဲ့အသီးသီးက လူတွေ ရော၊ ကျွန်တော်တို့ ဘက်ဖဲလိုးမြို့က ဒေသခံတွေရော ပါဝင်တဲ့ ညီလာခံတစ်ရပ် ကျင်းပပါမယ်။ ခင်ဗျား တက်ပေးပါတဲ့။ ကျွန်တော် လိုတာ ဝိုင်းကူပါ့မယ်။ မတက်ဘူးလို့။ မဟုတ်ဘူး တက်ပေးပါ။ စာရင်းပေးလိုက်ပြီတဲ့။
ကျွန်တော် ကြောက်မိတယ် အစ်မကြီး။ ဘာဖြစ်လို့ ကြောက်တာလဲဆိုတော့ သုံးနှစ်အတွင်း စစ်အနိုင်တိုက်ရေးကို ကျွန်တော်က မယုံတဲ့သူပါ။ ဒါဟာ နယ်ဆင်မင်ဒဲလား စကားအရဆိုရင် "ပြည်သူကို မှားယွင်းတဲ့ မက်လုံးပေးမှု" ဖြစ်နေလို့ပဲ။ မလုပ်ကောင်းဘူးလို့ သိနေလို့ပါပဲ။ မအလ မှာက ကြည်း၊ ရေ၊ လေ သုံးရပ်မို့လား။ တစ်တပ်ကို တစ်နှစ် တိုက်ကြည့်ပါဦး။ ကိုယ့်ဘက်က ကြည်းတပ်တစ်မျိုးတည်းနဲ့ တိုက်ရမှာလေ။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒါကို ကျွန်တော့်မိတ်ဆွေတွေလည်း သိကြပါတယ်။ NUG လည်း သိပါတယ်။ ဒါပေမဲ့၊ ဒါပေမဲ့ အစ်မကြီး ဒီလို လှုံ့ဆော်မှ အလှူငွေလည်းရ၊ ပြည်သူလည်း အားတက်၊ တော်လှန်ရေးလည်း ပြတ်မှာပေါ့တဲ့။ သွားပြီ။ ကျွန်တော် အဲဒါကြောင့် သူတို့ဖိတ်တဲ့ ညီလာခံကို ငြင်းခဲ့တာပါ။
ညီလာခံက ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၆ နဲ့ ၂၇ မှာကျင်းပခဲ့ပါတယ်။ ကျွန်တော် ဘယ်လိုမှ ငြင်းမရလို့ တက်ခဲ့ရပါတယ်။ ငြင်းမရတာကလည်း ကျွန်တော့်မိတ်ဆွေတွေက အိမ်မှာပဲ လာစတည်းချကြတာကိုး။ အဲဒါနဲ့ တက်ခဲ့တယ် ဆိုပါတော့ အစ်မကြီး။ အဲဒီလို တက်မိရင်ပဲ အစ်မကြီး ရိပ်မိပါ တယ်။ ကျွန်တော်နဲ့ ပြဿနာတက်ရတော့မယ် ဆိုတာလေ။
ကျွန်တော် ကံဆိုးတယ်။ ကျွန်တော့်ထက် ပိုကံဆိုးတာက ပြည်သူတွေပါပဲ။ ညီလာခံရဲ့ ရည်ရွယ်ချက်တွေက ကောင်းတာတွေ အများကြီး ပါပါတယ်
NUG ပြုပြင်ပြောင်းလဲရေး၊ ဝန်ကြီးဌာန လျှော့ချရေး၊ ပြည်တွင်း ပြည်ပ အင်အားစုတွေအားလုံးစုစည်းပြီး စစ်ပွဲအရှိန်မြင့်တင်ရေး၊ စစ်ပွဲမြန်မြန်အပြီးသတ်ရေး၊ စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်ရေး၊ သံတမန်ဆက်ဆံရေး တိုးမြှင့်ရေး၊ ထောက်ပံ့ငွေ ပိုရရှိရေး၊ အစုံ အစုံ ပါပါတယ်။
ဒါပေမဲ့ ညီလာခံကြီးက ညီညီညာညာ ခံရဖို့ ကြိုပြင်ဆင်ထားတဲ့ လျှို့ဝှက်မှုကြီးရှိနေတာ နောက်တော့ ပေါ်သွားပါတော့တယ်။ သူတို့ နဂိုကတည်းက လက်ဝါးရိုက်ထားကြတဲ့ သဘောတူညီချက်တွေကို ညီလာခံ ကျင်းပပြီး "ဂျင်း"ပေါ့ အစ်မကြီး။ အားလုံးကို "ဂျင်း" ထည့်ဖို့လုပ်တဲ့ ညီလာခံဖြစ်နေတာပါ။
ကျွန်တော် ပြဿနာတက်ရတာက အချက် နှစ်ချက်ပါ။
ဒီလို အစ်မကြီးရေ။
ကျွန်တော်က စစ်ရေးအုပ်စုမှာ ဝင်ဆွေးနွေးခွင့်ရပါတယ်။ ညီလာခံရဲ့ သဘောသဘာဝအရ ကိုယ်ပါဝင် ဆွေးနွေးလိုတဲ့ အစုအဖွဲ့မှာ ဝင်ခွင့်ရပါတယ်။ အကြိုတင်ပြ ဆွေးနွေးကြတာပေါ့။ အဲဒီဆွေးနွေးချက်တွေ အဖြေရှာတာတွေကို ရေးမှတ်ပြီး ညီလာခံအချိန်မှာ အစုအဖွဲ့ခေါင်းဆောင်က ညီလာခံ စင်မြင့်ထက်ကနေ အလှည့်ကျချိန် တစ်ချက်ချင်း တင်ပြပါတယ်။ တက်ရောက်လာသူတွေထဲက တစ်ချက်ချင်းအပေါ် ဆွေးနွေးခွင့်ထပ်ပေး၊ မေးမြန်းခွင့် ထပ်ပေးပါတယ်။ ပြီးမှ "အားလုံး သဘောတူပါသလား ခင်ဗျာ" လို့ အလှည့်ကျ သဘာပတိက သုံးကြိမ်မေးပြီးမှ အတည်ပြုတာပါ။
ကျွန်တော် ခံရပုံက ဒီလိုပါ အစ်မကြီး။
၃ နှစ်အတွင်း စစ်အနိုင်တိုက်ရေးဟာ လွဲနေတယ်လို့ ကျွန်တော် ခံစားနေရတာလေ။ အဲဒီမှာကျတော့ ကျွန်တော် မေးခွန်းထုတ်ခွင့်ရပါတယ်။ ကျွန်တော်တို့ စစ်ရေးဆွေးနွေးသူများရဲ့ ခေါင်းဆောင်က ဆရာအောင်မှိုင်း ပါ။ တကယ်ကိုလည်း စစ်ရေးနဲ့ စိတ်ဓာတ် မြှင့်တင့်ရေးပိုင်း၊ နည်းလမ်းပိုင်းတွေမှာ ပိုင်နိုင်ကျွမ်းကျင်တဲ့ ဆရာတစ်ဦးပါ။ လက်တွေ့လည်း စစ်ရေး အကြံပေးတာဝန် ထမ်းဆောင်နေသူပါ။ ဒီအုပ်စုမှာ သူ ဦးဆောင်တာ အင်မတန်မှ သင့်လျော်ပါတယ်။
ကျွန်တော်က သူ့ကို တရားဝင် မေးခဲ့ပါတယ် အစ်မကြီး။
"ဆရာ အခု သုံးနှစ်အတွင်း စစ်အနိုင်တိုက်ရေးကို အားလုံး သိထားကြပါတယ် ဆရာ။ တော်လှန်ရေးတရပ် ဆင်နွှဲတဲ့နေရာမှာ နယ်ဆင်မင်ဒဲလားက ပြောခဲ့ဖူးပါတယ်။ ပြည်သူအပေါ်မှားယွင်းတဲ့ မျှော်လင့်ချက်မပေးမိဖို့ အရေးကြီးတယ် ဆိုတာ။ အခု နွေဦးတော်လှန်ရေးဟာ သုံးနှစ်နဲ့ ဘယ်လိုမှ မပြီးနိုင်ဘူးလို့ ကျွန်တော် မြင်ပါ တယ်။ ဆရာက စစ်ရေးမှာ ပိုပြီးအမြင်ရှိတဲ့သူမို့ ဆရာ ဘယ်လို ခန့်မှန်းပါသလဲ၊ ဘယ်လောက်ကြာမယ်လို့ မြင်ပါလဲ ဆရာ"
သူ သေသေချာချာ ဖြေပါတယ်။
ခြောက်နှစ်ထက် မစောနိုင်ဘူးတဲ့။
အစ်မကြီး...ညီလာခံမှာကျတော့ အဲဒါက ပါမလာတော့ပါဘူး။ စစ်ပွဲအမြန် အဆုံးသတ်ရေး၊ စစ်ပွဲအရှိန်မြှင့်တင်ရေးတွေပဲ အတည်ပြုခဲ့ကြပါတယ်။ ကျွန်တော် ပြောသလိုပါပဲ။ နဂိုကတည်းက သူတို့အပြင်မှာ လက်ဝါးရိုက်ပြီးသားလေ။
ဒါက ပထမခံရချက်ပါ။
နောက်တစ်ချက်ကတော့ သံတမန်ရေးကိစ္စပါ အစ်မကြီး။
ကျွန်တော်တို့အုပ်စုလိုက် ဆွေးနွေးစဉ်က မပါတဲ့ ကိစ္စကြီးကို ညီလာခံချိန်မှာ တစ်ဦးက တင်သွင်းပါတယ်။ သူက ကျွန်တော့်အပေါ် ကျေးဇူးရှိပါတယ်။ ကျွန်တော် ကိုဗစ်ရောဂါ ခံစားရစဉ်က အဝေးကနေ ဖုန်းဆက်ပြီး ဆေးခန်းတွေကိုသာ ပွိုင့်မန့်ယူပေးသူပါ။ နွေဦးအပေါ် လည်း အင်မတန် တာဝန် ကျေတဲ့သူပါ။
သူက အခုနွေဦးတော်လှန်ရေးနဲ့ ဒီနိုင်ငံကို ရောက်ရှိနေတဲ့ NLD လွှတ်တော်အမတ်တွေကို လက်ရှိ ပြည်ပနိုင်ငံ အသီးသီးမှာရှိတဲ့ သံရုံးအသီးသီးက သံအမတ်တွေနဲ့ အစားထိုးပေးပါတဲ့။
သောက်ကျိုးနည်း တင်ပြချက်ကြီးပေါ့။
ကျွန်တော်ကလည်း တော်တော်ဆိုးပါတယ်။ ဘာကိုမှ မငဲ့ညှာနိုင်တော့ဘဲ ချက်ချင်း မိုက်ကိုတောင်းမိပါတယ်။ ပြီးတော့ ပြောမိသွားပါတယ်။
"ဆရာအောင်မှိုင်း ခင်ဗျာ၊ ဒါဟာ မဖြစ်နိုင်တဲ့ တင်ပြချက်ကြီးပါ။ နိုင်ငံတစ်နိုင်ငံရဲ့ သံအမတ် ဆိုတာ သတ်မှတထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံရပါတယ်။ ကျွန်တော် လွှတ်တော်အမတ်တွေကို သဘောမကျလို့ မဟုတ်ပါဘူး။ ဒီအဆိုပြုချက်ဟာ ဘယ်လိုမှ မဖြစ်နိုင်သလို ကြားရမယ့်သူတိုင်း အထင်သေးစေမယ့် တောင်းဆိုချက် ဖြစ်နေပါတယ်။ ကျွန်တော် ကန့်ကွက်ပါတယ်" လို့။
အစ်မကြီး...
ကျွန်တော် ရှုံးတယ်။
ညီလာခံကြီးက အဲဒါကြီးကို သုံးကြိမ် ထောက်ခံပါတယ် ဆိုပြီး။
ဆန္ဒတွေလေ။
ဖြစ်ချင်ဇောတွေ တအားများပြီး ကျိုးကြောင်းဆင်ခြင်မှု ကင်းကြတာတွေပါ။
အခု သုံးနှစ်အတွင်း စစ်အနိုင်တိုက်ရေး ဖြစ်မလာတော့ဘူး။ ဒီအတ္တတွေ ဆုံးဖြတ်ခဲ့တဲ့ နိုင်ငံတကာက သံအမတ်တွေ အစားထိုးရေး အဝေးကြီး။ ဒီထက်ပိုဆိုးတာ က NUG ဟာ အခုပြုပြင်ပြောင်းလဲရေး လုပ်ကိုလုပ်ရမယ့်အချိန်မှာ ဘာဆိုဘာမှ မလုပ်တတ် မကိုင်တတ် ဖြစ်နေကြတဲ့ ပြဿနာက ပိုဆိုးတာပါ
ပြည်တွင်းက အခြေအနေကတော့ အစ်မကြီးက ပိုသိမှာပေါ့နော်။
အစ်မကြီးရဲ့မောင်လေး
မာန်(တောင်လုံးပြန်)
■
ဆက်လက်ဖော်ပြပါမည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar
