ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄ နှစ်ပြည့်ချိန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ
မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၇ မြင်ကွင်း
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၂၅
ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း ၄ နှစ်ပြည့်ချိန် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အခြေအနေ
၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလ က ပြည်သူ့ခုခံတော်လှန်စစ် ဆင်နွှဲဖို့ ကြေညာကာ မြန်မာနိုင်ငံတွင်းရှိ PDF လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပါ နှိုးဆော်ခဲ့ပြီး ဒီနေ့မှာ ၄ နှစ်တင်းတင်းပြည့်မြောက်ပြီ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို အဲဒီနှစ် မေလမှာစတင်ဖွဲ့စည်းခဲ့ပြီး ၄ လအကြာမှာ အရပ်သားအခေါ် D-Day ကိုကြေညာနှိုးဆော်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကာလက PDF တပ်ဖွဲ့တွေ နေရာဒေသ စုံအောင် ဖွဲ့စည်းနိုင်ခြင်း မရှိသေးသော်လည်း ရှိတဲ့ အင်အားနဲ့ ခုခံတော်လှန်စစ်ကိုဆင်နွှဲကြဖို့ နှိုးဆော်ခဲ့တာဖြစ်သလို သိသာထင်ရှားတဲ့စစ်ရေးအောင်မြင်မှုရရှိတာမတွေ့ခဲ့ရပဲ နောင်တနှစ်ကျော်အကြာ မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့တွေက စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းမှာ မြို့တွေ၊ တပ်ရင်း၊ တိုင်းနဲ့ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် စတာတွေကို ဆက်တိုက်ဆိုသလို သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ခုခံတော်လှန်စစ်ကြေညာတာ ၄ နှစ်ပြည့်မြောက်ချိန် NUG အစိုးရရဲ့ ယာယီသမ္မတ ဒူးဝါးလရှီးလက မိန့်ခွန်းပြောဆိုရာမှာ အသက်ထွက်လုအခြေအနေရောက်ခဲ့တဲ့ အကြမ်းဖက်မြန်မာစစ်တပ်ဟာ ဒေသတွင်းနိုင်ငံတွေရဲ့ စစ်ရေး နိုင်ငံရေး ငွေကြေးနဲ့ လက်နက်အကူအညီတွေ ပြန်လည်ရရှိနေပြီး ဝမ်းနည်းစရာဖြစ်တယ်လို့ လည်း မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။
ယာယီသမ္မတရည်ညွှန်းပြောဆိုတဲ့ဒေသတွင်းနိုင်ငံတွေဆိုရာမှာ ဘယ်နိုင်ငံတွေပါဝင်သလဲဆိုတာ တိတိ ပပမပြောဆိုသော်လည်း တရုတ်၊ အိန္ဒိယ နိုင်ငံတို့ကို အဓိကရည်ရွယ်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အဆိုပါအင်အားကြီး ၂ နိုင်ငံအပြင် အခြားအာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်တို့အနေနဲ့ အင်အားကြီး ၂ နိုင်ငံလောက် ကူညီထောက်ပံ့နိုင်စွမ်းမရှိကြသော်လည်း စစ်ကိုင်း ငလျင်ကြီး အပြီးမှာ သံတမန်ရေးအရ ပြန်လည် ပြောဆိုဆက်ဆံလာတာ တွေ့ရပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ သဘာဝဘေးအန္တရာယ် ကျရောက်တဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံတွေက လူသားချင်းစာနာမှုအကူအညီပေးခြင်း သဘာဝဘေးကျရောက်ချိန်မှာ သံတမန်ရေးဒဏ်ခတ်မှုတွေကို ခေတ္တဖြေလျော့ပြီး ထိတွေ့ဆက်ဆံလာတာကို အခွင့်အလမ်းတခုအဖြစ် အမိအရအသုံးချကာ နိုင်ငံတကာက အစိုးရတရပ် အဖြစ်အသိအမှတ်ပြုလာသယောင် ဝါဒဖြန့်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ ခုခံတော်လှန်စစ်ဆင်နွှဲဖို့စတင်ကြေညာပြီး ၄ နှစ်တိတိပြည့်ချိန်မှာ မြန်မာနိုင်ငံရဲ့ နေရာအများ အပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေသလို အချို့သော ဒေသတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် လေကြောင်းကနေ ဗုံးကြဲတာ၊ ပစ်ခတ်တာတွေကြောင့် လူထုအနေနဲ့ စိုးရိမ်ထိတ်လန့်နေကြရဆဲ ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၊ NUG လက်အောက်က PDF တွေ ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းက တိုက်ခိုက်ခံရတဲ့အန္တရာယ်ကို ကာကွယ်နိုင်တဲ့နည်းလမ်း ခုချိန်ထိမရှိသေးတဲ့အခြေအနေနဲ့ နေထိုင်နေကြရတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတဲ့သတင်းတွေထက် အရပ်သားထိခိုက်သေဆုံးမှုတွေသာ နေ့စဥ်ကြားသိနေကြရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ နယ်မြေ ၅၀ ရာနှုန်းအောက်သာ စိုးမိုးထိန်းချုပ်ထားနိုင်တဲ့ အာဏာသိမ်းစစ်တပ်အနေနဲ့ လေကြောင်းက စိုးမိုးမှုမှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရှိနေဆဲ ဖြစ်ပါတယ်။ လေကြောင်းက တိုက်ခိုက်နိုင်ဖို့ လေယာဥ်၊ လောင်စာဆီ၊ အပိုပစ္စည်းနဲ့ လေတပ်အခြေစိုက်စခန်း၊ လေတပ် တပ်ဖွဲ့ဝင်တွေ စတဲ့အရင်းအမြစ်တွေကို ဖြည့်ဆည်းနိုင်နေဆဲအနေအထားလည်း ဖြစ်ပါတယ်။
နောက်တချက်က တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေအနေနဲ့ပင်လယ်ထွက်ပေါက် သို့မဟုတ် နယ်စပ်ကုန်သွယ်ကူးလူးဆက်ဆံမှုလုပ်ဆောင်နိုင်စွမ်းလည်း အကန့်အသတ်ရှိနေတာဖြစ်ပါတယ်။ အချို့သောထိန်းချုပ်နယ်မြေတွေအနေနဲ့ ပင်လယ်ထွက်ပေါက်ရှိပေမယ့်လည်း အခြားနိုင်ငံတွေနဲ့တရားဝင် ဆက်သွယ် ကူးသန်းနိုင်တဲ့အခြေအနေမျိုးမရောက်ရှိသေးတဲ့အနေအထားလည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ရခိုင်ပြည်နယ် ၈၀/၉၀ ရာနှုန်းကိုသိမ်းယူထားတဲ့ Arakan Army အနေနဲ့ဘင်္ဂလားဒေ့ရှ် နိုင်ငံလိုမျိုးနဲ့ တရားဝင် ကုန်သွယ်နိုင်တဲ့ အနေအထားမျိုး မရှိသေးတာ တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တွေမှာ အခြေစိုက်ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့လည်း တရုတ်နိုင်ငံရဲ့ မြန်မာနဲ့ပတ်သက်တဲ့မူဝါဒကိုလိုက်နာမှသာ တရုတ်နိုင်ငံဘက်က လိုအပ်တဲ့ ကုန်ပစ္စည်းတွေကိုတင်သွင်းတာ တင်ပို့တာလုပ်နိုင်ကြတဲ့အနေအထားဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကုန်းတွင်းပိတ် တိုင်းရင်းသားဒေသတွေရဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ စစ်ရေးအတွက် လိုအပ်တဲ့လက်နက်ခဲယမ်းတို့လိုရရှိဖို့ရာ တရုတ်နိုင်ငံရဲ့လိုလားချက်တွေကို လိုက်လျောကြရတာလည်း ဖြစ်ပါတယ်။
အထက်ပါအခြေအနေတွေက စီးပွားရေး၊ ကုန်သွယ်ရေး အခြေအနေတွေဖြစ်ပြီး နိုင်ငံရေးအခြေ အနေကို ခြုံငုံကြည့်ရင် ၄ နှစ်တာကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအချင်းချင်းအကြား နဲ့ အမျိုးသားညီညွတ်ရေးအစိုးရအကြား အနာဂတ် ပြည်ထောင်စုပုံသဏ္ဍာန်နဲ့ပတ်သက်လို့ ဆွေးနွေးချမှတ်နိုင်ခြင်းမရှိသေးဘူးလို့အကဲဖြတ်ရမှာပါ။ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီကရေးဆွဲထားတဲ့ ဖက်ဒရယ်ချာတာရှိတာမှန်ပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးရဲ့ နိုင်ငံရေးအရ အတည်ပြုမှုမရရှိနိုင်သေးဘူးလို့ဆိုရင် မှားမယ်မထင်ပါဘူး။
NUG တိုင်းရင်းသား လက်နက်ကိုင်အင်အားစုအဖွဲ့တွေအသီးသီးမှာ နိုင်ငံရေးနောက်ခံသမိုင်းကြောင်းနဲ့ အခြေစိုက်တည်ရှိရာနေရာရဲ့ ပထဝီနိုင်ငံရေးအနေအထားကလည်း အနာဂတ်ပြည်ထောင်စုနဲ့ ပတ် သက်လို့ ဘုံသဘောတူညီတဲ့ ပုံစံတခုပေါ်ထွက်မလာနိုင်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ၄ နှစ်တာ စီးပွားရေးအနေအထားကိုသုံးသပ်ကြည့်ရင် နိုင်ငံရဲ့ သယံဇာတနဲ့ အခွန်အကောက် အများစုကို အာဏာသိမ်း စစ်တပ်ကရရှိထားဆဲဖြစ်ပြီး စစ်စရိတ်အတွက် အများစုအသုံးချနေဆဲ ဖြစ်ကာ ၄င်းတို့အဖို့ အကြပ်အတည်းဆိုက်တဲ့အခြေအနေမျိုး မရောက်သေးဘူးလို့ ဆိုနိုင်ပါတယ်။ အမှန်တကယ် ခက်ခဲကြပ်တည်းမှုကို ခံစားရတာက ပြည်သူလူထု ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က စစ်ရေးရည်ရွယ်ချက်နဲ့ ကုန်သွယ်မှုတွေပိတ်ဆို့တာတွေ၊ နိုင်ငံခြားငွေ သုံးစွဲမှုလျော့ကျအောင် တင်သွင်းခွင့်ကန့်သတ်တာတွေကြောင့် ကုန်ပစ္စည်းစျေးနှုန်း အဆမတန်မြင့်တက်တဲ့ဒဏ်ကို လူအများ ခံ စားနေကြရသလို ပြည်တွင်းမှာ တနေရာနဲ့ တနေရာ ကုန်စည်သယ်ဆောင်ရာမှာလည်း လက်နက်ကိုင် အဖွဲ့အားလုံးက မိမိတို့ထိန်းချုပ်ရာ နေရာကနေ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်းထားခြင်းမရှိတဲ့ နှုန်းထားတွေနဲ့ အခွန်ကောက်ခံနေကြတဲ့အဖြစ်ကလည်း အများပြည်သူတွေ ကုန်စျေးနှုန်းကြီးမြင့်မှုဒဏ် ခံစားရတဲ့အကြောင်းတချက်ဖြစ်နေတာပါ။ အာဏာသိမ်းစစ်တပ်၊ ၄င်းတို့အုပ်ချုပ်ရေးယန္တရားက လာဘ် စားမှု၊ ခြစားတာကလည်း ဘယ်ခေတ်ကနဲ့ မှမတူအောင် အမြင့်ဆုံးအနေအထားရောက်နေတဲ့ဒဏ်ကို ပြည်သူလူထုက ခံစားကြရပြန်ပါတယ်။
ဒီလိုစီးပွားရေး အခြေအနေအောက်မှာ ကုန်ထုတ်လုပ်မှုတွေလည်း အစွမ်းရှိသလောက်အခြေအနေပေးသလောက် ထုတ်လုပ်နိုင်ခြင်း မရှိပါဘူး။ ဒေသမတည်ငြိမ်မှုကြောင့် အလုပ်သမား ရှားပါးလာတာ ၊ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေ ပြည်ပထွက်ခွာကုန်တာတွေရဲ့ အကျိုးဆက် ကုန်ထုတ်လုပ်မှုသိသာစွာကျဆင်းသလို တချို့သောနယ်တွေမှာ စိုက်ပျိုးရေးထွက်ကုန်ဖြစ်တဲ့ ဆန်စပါး ရိတ် သိမ်းပြီးနောက်မှာ ဝယ်သူမရှိတဲ့အခြေအနေမျိုးနဲ့လည်း ကြုံနေကြရတာ ဖြစ်ပါတယ်။
ပြည်တွင်းစစ်မီးအရှိန်အဟုန်နဲ့ တောက်လောင်လာပြီး ၅ နှစ်နီးပါးရောက်ရှိချိန် ပြည်သူခုခံတော်လှန်စစ်ကြေညာပြီး ၄ နှစ်ကြာချိန်မှာတော့ ပြည်သူလူထုအဖို့ စစ်ပွဲအောင်နိုင်ဖို့ သို့မဟုတ် စစ်ပွဲပြီးဆုံးဖို့ မျှော်လင့်ချက်က ရေးရေးသာမြင်နေရသေးတဲ့အနေအထားမှာ ရောက်ရှိနေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar