မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၂)
မာန်(တောင်လုံးပြန်) - သည်နွေဦး ပေးစာများ (၂)
မိုးမခ ၊ စက်တင်ဘာ ၈ ၊ ၂၀၂၅
■
"ဗမာတွေကို မယုံဘူးတဲ့"
"မောင်လေးရေ...
နင် ပေးတဲ့စာကို အစ်မကြီး ရပါတယ်။
နင်တို့မိသားစု ဘေးကင်းလုံခြုံရာ ရောက်နေပြီဆိုကတည်းက ဝမ်းသာမိပါတယ်။ ငါတို့မှာတော့မောင်လေးရေ နင်က နေကောင်းလား မေးရင် ငါက ရွဲ့ပြီး ခြေကောင်းသ၍တော့ နေကောင်းတယ်ဟလို့ ဖြေရမှာပဲ။ စစ်ကိုင်းတိုင်းဟဲ့ မောင်လေးရဲ့ စစ်ကိုင်းတိုင်း။
နင် ငါ ပြောတာ သိပ်သဘောပေါက်မှာ မဟုတ်သေးဘူး။ နေကောင်းလား မမေးပါနဲ့ မောင်လေး။ ခြေကောင်းလား မေးပါဟယ်။ မကြာခဏ ထ ထပြေးနေရတာကိုး။ နင်တို့က အမေရိကမှာ ကြည့်နေကြည့်စားရတယ်။ ငါတို့ကတော့ ပြေးနေ ပြေးစားရတဲ့ ဘဝတွေပါ။ နင်တို့ကတော့ ထင်နေလိမ့်မယ်။ ငါတို့တော်လှန်ရေး အင်အားစုတွေ အကြီးမားဆုံး လွှမ်းမိုးထားတဲ့ စစ်ကိုင်းတိုင်းကြီး၊ လွတ်မြောက်နယ်မြေ အများဆုံးရထားတဲ့ အောင်ပွဲရတိုင်းကြီးရယ်လို့။ အရင်ကတော့ မှန်ပါတယ်။ ငါတို့ PDF တွေ ၊ EAOs တစ်ဖွဲ့က ကွပ်ကဲအုပ်ချုပ်တဲ့ KUG တွေ၊ ဒေသခံ Local PDF တွေ အများကြီး ထိန်းချုပ်နိုင်တဲ့ စစ်ကိုင်းတိုင်းပါပဲ။
နင့်ကို ဒီဒေသက တော်လှန်ရေးအဖွဲ့တွေ အကြောင်း နည်းနည်းရှင်းပြမယ်။ ငါတို့က ကချင်ဘက် မှာစစ်သင်တန်းသွားတက်ခဲ့ကြတာလေ။ ဒီနယ်ဘက်မှာ အများစုက ငါတို့လိုပဲစစ်သင်တန်းတွေ သွားတက်ပြီးမှ ဒီဘက်မှာ ပြန်လှုပ်ရှားကြတယ်။ တချို့လည်း ကိုယ်သန်ရာသန်ရာ စုဖွဲ့ပြီး Local တွေအနေနဲ့ တော်လှန်ရေးလှုပ်ရှားကြတယ်။ ငါက အစက NUG လက်အောက်က ကာကွယ်ရေးဌာန MOD မှာ ပါဝင်လှုပ်ရှားတဲ့ တပ်ရင်းတစ်ခုက PDF ပေါ့။ တချို့ကတော့ EAOs တစ်ခုရဲ့တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်တဲ့ KUG မှာ ပါဝင်လှုပ်ရှားကြတယ်။ ငါတို့ကို NUG က တာဝန်ခံတယ်။ KUG ကို EAOs တစ်ခုက တာဝန်ခံတယ်။ အဲဒီလိုပဲ လွယ်လွယ်မှန်ထားပေါ့ဟာ။ KUG တပ်ဖွဲ့တွေကို EAOs က လက်နက်ပစ္စည်း၊ စစ်ဝတ်စုံကအစ အစစအရာရာ ပံ့ပိုးထားတယ်။ ဒေသတွင်းအဖွဲ့တွေနဲ့ ပါတနာသဘောမျိုး သွားကြတယ်။ ဒါပေမဲ့ EAOs ကိုပဲတိုက်ရိုက် အစီရင်ခံရတယ်။ တပ်သားတွေ အားလုံးလိုလို ဒေသခံတွေ များပါတယ်။ စစ်သင်တန်း တက်လာပြီးမှ ဒီဘက်ကို ဆင်းလာပြီး ကိုယ့်နယ်အတွက် ကိုယ်ပြန် လှုပ်ရှားချင်တဲ့သူတွေကို အာမခံနဲ့ ဖွဲ့ပေးထားတဲ့ အဖွဲ့တွေပေါ့။ အရေးကြီးတဲ့ တိုက်ပွဲဖော်ဆောင်တဲ့အခါ အားလုံး စုပေါင်းပြီး ဖော်ဆောင်ကြတယ်။ အဖွဲ့ချင်း အဆက်အသွယ် ရှိကြတယ်။ ပြီးရင်တော့ ကိုယ့်သတ်မှတ်ရာ နေရာမှာ ကိုယ် ပြန်လှုပ်ရှားကြပါတယ်။
■
"မောင်လေးရေ...
ငါ အခု အရင်ဆုံး ပြောပြထားချင်တာက ငါတို့ စစ်သင်တန်းသွားတက်တာ ဘယ်လို တက်ခဲ့ရတယ်ဆိုတာလေးပါ။ ဒီတော်လှန်ရေး ဒီလောက် အရှိန်မြန်မြန်ကြီး ထိုးဖောက်နိုင်ခဲ့တယ်ဆိုတာ အဲဒီစစ်သင်တန်းတွေရဲ့ အရေးပါမှုကြောင့်ပဲ။ ငါတို့ကို သင်တန်းက ဆရာတွေ ဘယ်လို ဆုံးမလဲ သိလား။
"ပါးတစ်ချက် အရိုက်ခံရတိုင်း အသက်တစ်ခါ ကယ်တင်ခံရတယ်လို့ မှတ်ကြတဲ့"
အဲဒါ တကယ်နော် မောင်လေး။ စစ်သင်တန်းတွေက အင်မတန် ခက်ခဲပြင်းထန်တယ်။ ငါဆို တင်ပါးနဲ့ ခါးမှာ အရှိုးရာတွေချည်းပဲ။ ရိုက်ခံရချက်ကတော့ ပြောမနေပါနဲ့တော့။
ငါက နွေဦးစပြီး သိပ်မကြာခင်ကတည်းက သင်တန်းကို ရောက်သွားတယ်။ အဲဒီမှာ သင်တန်းတက်ဖို့ စောင့်ရမယ့်သူတွေ နေရတဲ့ ကွင်းကြီးတစ်ကွင်း ရှိတယ်။ အဲဒီမှာ တစ်လလောက်နေပြီး သင်တန်းတက်ဖို့ စောင့်ရတယ်။ အဲဒီကွင်းမှာ လူကတစ်နေ့ တစ်နေ့ကို ၃၀၀ ကနေ၊ များတဲ့ရက်ဆို ၇၀၀ အထိရှိတယ်။
ကွင်းထဲကို ဝင်ဝင်ချင်း အထုပ်တွေ ချပြီးတာနဲ့ စာရင်းပေးရတယ်။ ကိုယ်ရေးအချက်အလက် အပြည့်အစုံကိုတော့ သင်တန်းပေးမယ့် ကွင်းကို ရောက်မှ ထပ်ပေးရတယ်။ ဒီမှာက စောင့်ကြည့်တဲ့ ကွင်းပေါ့။ အချက်အလက်တချို့ပဲ ပေးရတယ်။
ဖုန်းကိုတော့ စာရင်းနဲ့ တစ်ခါတည်း အပ်ရတယ်။ ဖုန်းအမျိုးအစား၊ အားသွင်းကြိုး၊ နားကြပ်၊ဆက်စပ်ပစ္စည်း၊ ဖုန်းနဲ့ သက်ဆိုင်တဲ့ ပစ္စည်းအားလုံး စာရင်းနဲ့တကွ အပ်ရတယ်။ သင်တန်းပြီးလို့ အိမ်ပြန်မယ်ဆိုမှ ပြန်ထုတ်ပေးတယ်။
အဲဒီမှာ ရောက်ရောက်ချင်း ဘာလုပ်ရလဲဆိုတော့ ယောကျ်ားလေးတွေဆို ရုန်းခုတ်ရတယ်။ ရုန်းခုတ်တယ်ဆိုတာ နင် နားလည်အောင် လွယ်လွယ်ပြောရရင် တဲမိုးဖို့ အုန်းလက်လိုမျိုး အပင်တွေခုတ်ရတာ။ ဆူးတွေ ပါတယ်။ နှစ်လက် တစ်တွဲ၊ သုံးလက် တစ်တွဲ တွဲပြီး အရွက်တွေ ခေါက်၊ ထပ်၊ အဲဒီလို လုပ်ရတယ်။
ငါတို့ မိန်းကလေးတွေကျတော့ ရေခပ်၊ စားဖိုဝင်၊ ရိက္ခာထမ်းပေါ့။ ရိက္ခာထမ်းရတာက ဆန်တစ်ပိုင်းကို နှစ်ယောက်စီ ခွဲသယ်ရတာ။ ခြေလျင်ထမ်းရတာနော်။ တောင်ကုန်းတွေ ဖြတ်ပြီး သယ်ရတာ။အောက်ခြေသိမ်း လုပ်ရတာ။
စစ်သင်တန်း စည်းကမ်းပိုင်းတွေ ငါ ရှင်းပြဦးမယ် မောင်လေး။ ကွင်းထဲ ရောက်ပြီဆိုတာနဲ့ အပြင်ထွက်ဖို့ဆိုတာ တာဝန်နဲ့ ရေချိုးချိန်ကလွဲပြီး မထွက်ရဘူး။ မနက် ၆ နာရီထိုးရင် PT ဆင်းဖို့ ကွင်းထဲအရောက်တန်းစီ။ မနက် ၈ နာရီ မနက်စာစား။ ပြီးတာနဲ့ အလုပ်တန်းဝင်ရတယ်။
အဆောင်တွေကိုတော့ ခွဲထားတယ်။ ကိုယ့်အဆောင်အလိုက် အလှည့်ကျ အဆောင်မှူးက လူထုတ်ပေးရတယ်။ ဝါးခုတ်၊ ရုန်းခုတ်၊ ဝါးသယ်၊ ရုန်းသယ်၊ ကတုတ်ကျင်းတူး၊ အိမ်သာကျင်းတူး၊ တဲအသစ်ဆောက်၊ ရိက္ခာထမ်း၊ စားဖိုဆောင်ဝင်၊ ရေထမ်း၊ စုံနေတာပဲ ငါ့မောင်ရေ။
အလုပ်သာ ပြောင်းသွားမယ်။ လုံးဝ အလွတ်ပေးတာ၊ အနားပေးတာ ရှားတယ်။ ဒီနေ့ ရုန်းခုတ်ရင် နောက်နေ့ ရေထမ်းပေါ့။ ကွင်းထဲ အရက်လုံးဝ မသောက်ရဘူး။ ကွင်းတာဝန်ခံကို ဒူချွန် လို့ခေါ်တယ်။ ပြီးရင် ရုံးအဖွဲ့၊ အုပ်ချုပ်ရေးမှူး၊ အဲဒီလိုတွေ ခန့်ထားတယ်။ ကိုယ်ရေးအချက်အလက်တွေကိုတော့ သိပ်အသေးစိတ်မတောင်းဘူး။ သူတို့ဘာသာလိုက်တာ။ ဒလန် ပါလာရင်တောင် အသာလွတ်ပေးထားပြီး စောင့်ကြည့်နေတာ။ သေချာပြီဆိုတော့မှ လုပ်စရာရှိတာ ဆက်လုပ်တာပေါ့။
သင်တန်းကာလမှာ အတင်းကျပ်ဆုံး စည်းကမ်းကတော့ ကွင်းထဲ ရောက်ပြီးရင် အိမ်ပြန်ချင်လို့ မရတော့ဘူး။ သင်တန်းမတက်ချင်လည်း ရတယ်။ ဒါပေမဲ့ သင်တန်းမပြီးမချင်း အိမ်ပြန်ခွင့်မပေးဘူး။ထိန်းသိမ်းထားတယ်။ သင်တန်းသားတွေရဲ့ လုံခြုံရေးအရပေါ့။ ထောက်ပို့နဲ့ တာဝန်ရှိသူတွေက လွဲပြီး ဘယ်သူမှ သင်တန်းမပြီးမချင်း အိမ်ပြန်လို့ မရတော့ဘူး။ နေရာသိပြီးသွားတဲ့သူကို ပြန်မလွှတ်တာပေါ့။
သင်တန်းမှာက တပ်စိတ်တစ်စိတ်ကို ၁၀ ယောက်နှုန်း ဖွဲ့ပေးထားတယ်။ သင်တန်းပေးချိန်မှာ တိုင်းရင်းသား ဘာသာစကားနဲ့ အင်္ဂလိပ်စကား မဖြစ်မနေ သိအောင် ကြိုးစားရတယ်။ သင်တန်းကာလမှာ အဲဒီ ၂ မျိုးပဲ သုံးတယ်။ အမိန့်ပေးတာ အားလုံး တိုင်းရင်းသားစကားပဲ သုံးတယ်။ ငါ အမှတ်မိဆုံးက ငါတို့ ရောက်ခါစက သူတို့ ပြောပြောနေတဲ့ စကားတစ်ခွန်းရှိတယ်။
"ဗမာတွေကို မယုံဘူးတဲ့"။
တကယ်ပြောတာ မောင်လေး။
■
နောက်တော့လည်း သင်တန်းကာလမှာ ပါးရိုက်လည်း ခံ၊ ကြိမ်လုံးနဲ့ ဆော်လည်း အပြုံးမပျက်၊ ချွေးတရွှဲရွှဲနဲ့ အကုန်လိုက်သင်၊ တလေးတစားရှိတာ မြင်တော့မှ၊ နင်တို့ကို သနားလာတာလို့ ထုတ်ပြောလာတာ။ ရိုက်တာကတော့ ပြောမနေနဲ့တော့ မောင်လေးရေ။
မလှုပ်နဲ့ ပြောထားရင် လှုပ်တာနဲ့ ဆော်တာပဲ။ သတိတစ်ခါဆွဲရင် နာရီဝက်ဟဲ့၊ နာရီဝက်။ တချို့ကောင်မလေးတွေ မေ့လဲကြတယ်။ နေပူကြီးထဲမို့လား။ ခြင်ကိုက်လည်း မလှုပ်ရဲဘူး။ လှုပ်တာနဲ့ ပါးကို ခွပ်ခနဲချတာ။ စောစောက ငါ ပြောသလိုပေါ့။
"ပါးတစ်ချက် ချခံရတိုင်း အသက်တစ်ခါ ကယ်ခံရတယ် မှတ်တဲ့"။ ဆရာက မှာတာ။ အဲဒါ အမှန်ပဲ။ စစ်မြေပြင်မှာ အမိန့်နာခံမှုဟာ အသက်ပဲ ငါ့မောင်လေးရေ။ စခန်းသိမ်း သင်ခန်းစာကြမ်းပုံ ရမ်းပုံ ငါဆက်ပြောပြဦးမယ်။
ခေါင်းပေါ်ကနေ ဝါးလုံးနဲ့ လိုက်ယမ်းနေတာ။ ခေါင်းမထောင်အောင်လို့။ ခေါင်းထောင်ရင် ရန်သူပစ်တာ ခံရမယ်လေ။ တံတောင်ဆစ်နဲ့ လက်ကောက်ဝတ်ဆို သွေးတွေချည်းပဲ။ မြေကြီးနဲ့ ပွတ်ဆွဲခံရလို့။
ငါ့မောင်ကို ရယ်စရာ ပြောပြဦးမယ်။
သင်တန်းဝင်ပြီ ဆိုတာနဲ့ အင်္ကျီလက်တွေ ခေါက်ပြခိုင်းတယ်။ မိန်းကလေးတွေဆို မိန်းကလေး တပ်စုမှူးက စစ်တာပေါ့။
ဒူးခေါင်းမှာရော အမျိုးသမီးသုံး Pod တွေ ကပ်ထားလား စစ်တာ။ ငါတို့မှာလည်း ဒဏ်ရာဟောင်းပေါ် မြေကြီးနဲ့ ထပ်ပွတ်ဆွဲမိရင် တအားနာတာကိုး။ အဲဒီတော့ သက်သာရာသက်သာကြောင်း ကြံဖန်ကြရတာပေါ့။ ရန်ကုန်သူတွေ ပိုဆိုးတယ်။
ဒီလောက် အပင်ပန်း အဆင်းရဲခံပြီး စစ်သင်တန်းတက်ခဲ့ပြီးမှ ဒလန်တွေကြောင့် ဒုက္ခရောက်သွားရတာလည်း ရှိတယ်။ ဒလန်က ဒလန်မဟဲ့။ ငါတို့နဲ့ သင်တန်းအတူတူတက်ခဲ့တဲ့ ကလေးမလေး တစ်ယောက်ဆို ချစ်စရာလေး။ တရုတ်မလေးပေါ့။ သူဆို သင်တန်းက ပြန်ရောက်ရောက်ချင်း အဖမ်းခံလိုက်ရတယ်။ နောက်တစ်ယောက်လည်း အဲဒီလိုပဲ။ မင်းသမီး ကိတ်ဝင်းစလက်နဲ့ တူတယ်။ ဆံပင် အခွေလိုက်လေးတွေနဲ့။ သူလည်း အဖမ်းခံလိုက်ရတယ်။
နှစ်ယောက်စလုံး အရိုက်ခံထားရတာများ ဖူးရောင်နေတဲ့ ပုံတွေတက်လာတော့ ကြည့်ပြီး ငိုရသေးတယ်။ ဒလန်လေ ဒလန် ပါခဲ့တာကိုး။ အဲဒါ နောက်ပြီး ငါ ဆက်ပြောပြမယ် မောင်လေး။ စာလည်းရှည်သွားပြီ။ နေကောင်းကြပါစေ။
နင့်ရဲ့အစ်မကြီး။
မာန်(တောင်လုံးပြန်)
■
ဆက်လက်ဖော်ပြပါမည်။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar