Breaking News

ဒီမိုကရေစီအရေး၊ လူမျိုးစုအရေးနဲ့ လူ့အခွင့်အရေး ပြဿနာ အဆင့်ဆင့်

မြန်မာနွေဦးခရိုနီကယ် - အောက်တိုဘာ ၁၁ မြင်ကွင်း

(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၅


ဒီမိုကရေစီအရေး၊ လူမျိုးစုအရေးနဲ့ လူ့အခွင့်အရေး ပြဿနာ အဆင့်ဆင့်

ပြည်တွင်းစစ် ဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒေသအသီးသီးမှာ တိုက်ပွဲ၊ နယ်မြေသိမ်း၊ မြို့သိမ်း နဲ့ စစ်စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်ပွားနေကြပေမယ့် တိုက်ပွဲ၊ နယ်မြေသိမ်းယူမှုတွေ အပြင် အိမ်နီးချင်းနိုင်ငံဘက်မှာ ခိုလှုံနေကြတဲ့ ၁ သန်းကျော်ရှိတဲ့ ရိုဟင်ဂျာလူမျိုးစုရဲ့ နေရပ်ပြန်မယ့် အရေးကိစ္စပါ ထပ်မံ ယှက်နွယ်နေတဲ့ ရခိုင်ပြည်နယ်လို ပြဿနာမျိုး တခြားဒေသတွေမှာ ကြုံတွေ့နေရခြင်း မရှိကြပါဘူး။ 

ကရင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှာ နယ်စပ်ဖြတ်ကျော်ပြီး အိမ်နီးချင်းနိုင်ငံမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်ပြဿနာ အတိုင်းအတာတခုထိ ရှိကြပေမယ့် ရခိုင်ပြည်နယ်နဲ့ မတူတဲ့ သဘောသဘာဝ၊ စစ်ပွဲနဲ့ နိုင်ငံရေးပြဿနာ ကို စပြီးအဖြေရှာနိုင်တဲ့အချိန်မှာ ဒုက္ခသည်ပြဿနာက ကျွဲကူးရေပါ တလက်စထဲ ဖြေရှင်းနိုင်မယ့် ပြဿနာမျိုး ဖြစ်ပါတယ်။ ကရင်ပြည်နယ် နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံထဲမှာ ဆယ်စုနှစ် ၃ ခုနီးပါးရှိပြီဖြစ်တဲ့ ဒုက္ခသည်စခန်းတွေလည်း ရှိနေသေးပေမယ့် ဒုက္ခသည်အရေးက ပြည်တွင်းစစ်နဲ့ တတွဲထည်း ဖြေရှင်းရမယ့် ပြဿနာအဖြစ် ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ မကြာသေးခင်က ထိုင်းနိုင်ငံထဲက ကရင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေ အနေနဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှု အကူအညီလျော့ကျလာတာကြောင့် ဒုက္ခသည်တွေကို ဥပဒေနဲ့ အညီထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ခွင့်ပြုဖို့ တိုက်တွန်းဆော်သြမှုတွေ ကို ထိုင်းအစိုးရက ခွင့်ပြုခဲ့ပါတယ်။ အခုလို ဆယ်စုနှစ်နဲ့ ရှည်ကြာစွာနေထိုင်နေရတဲ့ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုခြင်းဟာ ထိုင်းအစိုးရရဲ့ မူဝါဒအပြောင်းအလဲတရပ်၊ မကြာသေးခင်က ထိုင်း-ကမ္ဘောဒီးယား နယ်စပ်စစ်ပွဲရဲ့ ဂယက်ကြောင့် မိခင်နိုင်ငံ ပြန်သွားကြရတဲ့ ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သားတွေ နေရာမှာ လိုအပ်ချက်တွေ ဖြစ်ပေါ်လာတာနဲ့လည်း တိုက်ဆိုင်နေတာတွေ့ရမှာပါ။ 

ဘယ်လိုပဲဖြစ်စေ နိုင်ငံတကာ အကူအညီကို မှီခိုနေထိုင်နေကြရတဲ့ ဆယ်စုနှစ် ၂ ခု ၃ ခုနီးပါးကြာလာတဲ့ ဒုက္ခသည်ပြဿနာကို လက်တွေ့ကျတဲ့ အဖြေရှာမှုတခုအဖြစ် အများက ကြိုဆိုကြပါတယ်။ ဒါက ထိုင်းနိုင်ငံထဲက ကရင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတဲ့ ဒုက္ခသည်တွေ အရေးကို အဖြေရှာတဲ့ သာဓက တခုဖြစ်ပါတယ်။ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမှာ ၈ နှစ်နီးပါး ရှိလာကြပြီဖြစ်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်အရေးက ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်စခန်းတွေက ပြဿနာထက် ပိုမိုခက်ခဲနက်ရှိုင်းတဲ့ ပြဿနာတရပ် ပိုမိုထုထည်ကြီးတဲ့ ပြဿနာတရပ် နဲ့ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့၊ အစိုးရအဖွဲ့တွေက ရောက်နေတဲ့အနေအထား ရပ်တည်မှု အပေါ်မူတည်ပြီး လူသားချင်းစာနာမှု ပြဿနာ တရပ် အဖြစ်ရိုးရိုးရှင်းရှင်း ရှုမြင် ဖြေရှင်းကြတာထက် နိုင်ငံရေး အသုံးချစရာ ပြဿနာတရပ်အဖြစ် အသုံးချ ကြတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ 

မကြာသေးခင် သြဂုတ်လ နှောင်းပိုင်းက ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမှာ နိုင်ငံတကာ ညီလာခံ တရပ်ကို ကျင်းပခဲ့ကြပြီး စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်မှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ရိုဟင်ဂျာ အရေးညီလာခံတရပ်ကို ဆက်လက်ကျင်းပပြီး ပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အစိုးရတွေကို တိုက်တွန်းခဲ့ကြပါတယ်။ 

ညီလာခံ ၂ ရပ်လုံးမှာ ဒီဒေသကို လက်ရှိထိန်းချုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA၊ ရခိုင်ပြည်နယ်ရဲ့ နယ်မြေအချို့ကို လက်ရှိထိန်းချုပ်ထားပြီး အခြေအနေပေးတာနဲ့ ရခိုင်ပြည်နယ်နယ်မြေတွေကို ပြန်လည်တိုက်ယူဖို့ ရည်ရွက်ချက်ရှိနေတဲ့ အာဏာသိမ်း စစ်အစိုးရတို့ မပါဝင်ပါဘူး။ ၄င်းတို့ အဖွဲ့အစည်း ၂ ခုကို ဒီညီလာခံတွေက ဖိတ်ကြားခြင်းလည်း မရှိခဲ့သလို ဖိတ်ကြားခဲ့ရင်တောင်မှ တက်ရောက်လာမယ့် အနေအထားမျိုးလည်း ရှိမနေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

အဲဒီအချက်ကိုကြည့်ပြီး အကဲဖြတ်ရင် ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာကို အဖြေရှာနိုင်ဖို့ အလှမ်းဝေးနေသေးတယ် ဆိုတာ ထင်ရှားပါတယ်။ ပြဿနာထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းအားလုံး ညီလာခံ၊ ဆွေးနွေးပွဲလိုမျိုးမှာ အဖြေရှာနိုင်တဲ့ အခြေအနေမျိုး မရောက်သေးဘူးလို့ ဆိုရမှာ ဖြစ်ပြီး ဒီအရေးမှာ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို ကုလသမဂ္ဂနဲ့ အတူ နိုင်ငံတကာ အသိုင်းအဝိုင်းက ဖိအားပေးကြဖို့ ဒုက္ခသည်တွေကို အကူအညီပေးကြဖို့ ဆိုတဲ့ ရည်ရွယ်ချက် မျိုးသာ ထားရှိတဲ့ သဘောလို့ ကောက်ချက်ချနိုင်ပါတယ်။ 

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာဟာ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ရှိနေတဲ့ ပြဿနာ၊ တခါတရံ အုပ်ချုပ်တဲ့ အစိုးရတွေက လူမှုအသိုင်းအဝိုင်း ၂ ရပ်အကြားမှာ ရှိတဲ့ အမျိုးသားရေးဝါဒကို လှုံ့ဆော်ပေးပြီး အစွန်းရောက် အင်အားစုတွေကို အားပေးအားမြှောက်ပြုကာ နိုင်ငံရေး၊ စစ်ရေးအရ အသုံးချကြတာလည်း ဖြစ်ပါတယ်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်ပါတီခေတ် ၁၉၇၀ ဆယ်စုနှစ် နှောင်းပိုင်းကာလမှာ စစ်တပ်နဲ့ စစ်ဆင်ရေးတွေလုပ်ပြီး ရိုဟင်ဂျာ လူမျိုးသိန်းနဲ့ချီ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ခိုလှုံခဲ့ရတဲ့ ဖြစ်စဥ်၊ အဲဒီနောက် ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှု နဲ့ ပြန်လည်လက်ခံခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ပါတယ်။  

၂၀၁၇ ခုနှစ်မှာလည်း အထက်က ဖြစ်စဥ် အလားတူတဲ့ ဖြစ်စဥ်မျိုး ထပ်မံဖြစ်ပွားလာခဲ့တာပါ။ ရိုဟင်ဂျာ ARSA လက်နက်ကိုင် အဖွဲ့က နယ်ခြားစောင့် ကင်းစခန်းတွေကို တပြိုင်နက် တိုက်ခိုက်ခဲ့တာကို အကြောင်းပြုပြီး စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း ARSA လက်နက်ကိုင် အဖွဲ့သာမကပဲ ရိုဟင်ဂျာ အရပ်သားတွေ ထောင်ဂဏန်းကနေ သောင်းဂဏန်းနီးပါးအထိ သတ်ဖြတ်ခံရတဲ့ အဖြစ်တွေကြောင့် အခုလို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ဆီ ၁ သန်းနီးပါးမျှ ထွက်ပြေးခိုလှုံတဲ့ ဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၇ သြဂုတ်လကနေ စက်တင်ဘာလ အတွင်း ဖြစ်ပွားခဲ့တဲ့ ရက်စက်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု (နောက်ပိုင်း လူမျိုးတုန်းသတ်ဖြတ်မှု အဖြစ် ICJ မှာ တင်ခြင်းခံထားရ) တွေကြောင့် ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနေနဲ့ လက်ခံထားခဲ့ရပြီး အခုလို နှစ်များစွာကြာရှည်မယ့် ဒုက္ခသည်အရေး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားခဲ့ပုံမရပါဘူး။ 

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုအတွက် ထိုအချိန်ကာလက ၂၀၀၈ ဖွဲ့စည်းပုံအရ NLD ဦးဆောင်တဲ့ အစိုးရလက်အောက်က ကျူးလွန်တဲ့ မြန်မာစစ်တပ်နဲ့ အစိုးရကို တာဝန်ခံဖို့ နိုင်ငံတကာ တရားရုံး ICJ က ၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံတော် အစိုးရကို ဆင့်ခေါ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က ပထမဆုံးတရားရုံး ကြားနာမှုမှာ လျှောက်လှဲခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်ရဲ့ ARSA အကြမ်းဖက်အဖွဲ့ ချေမှုန်းရှင်းလင်းရေး အတွင်းကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေက အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ သက်သေအထောက်အထားတွေ ပေါ်ထွက်လာခဲ့ပါတယ်။ စစ်တပ် အနေနဲ့ ၄င်းတို့ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေ အတွက် NLD အစိုးရကို ဘယ်လောက်ထိ အသိပေးမှု ရှိခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိခဲ့ရပါဘူး။ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ အရပ်သားတွေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး NLD အစိုးရ အနေနဲ့ မိမိတို့ ကိုယ်တိုင် စုဆောင်းစိစစ်ထားတဲ့ သတင်းအချက်အလက်တွေ ရှိခဲ့ပုံမရတာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုစဥ်က အမျိုးသားလွှတ်တော် ဥက္ကဌ အဖြစ်တာဝန်ယူခဲ့သူ မန်းဝင်းခိုင်သန်းရဲ့ မီဒီယာ အင်တာဗျူးတခုမှာ ပြောဆိုထားခဲ့ပါတယ်။ 

၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေ ပြီးနောက် ၂၀၁၉ ICJ တရားစွဲဆိုမှု ပေါ်ထွက်မလာသေးတဲ့ ကာလတွေအတွင်း NLD အစိုးရအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ခိုလှုံနေတဲ့ ဒုက္ခသည်တွေ ပြန်လက်ခံရေး အတွက် စုံစမ်းရေးကော်မရှင်၊ ကော်မတီတွေဖွဲ့စည်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ သို့ပေမယ့် ဆယ်စုနှစ်များစွာ တည်ရှိလာခဲ့တဲ့အကြောင်းခံတွေ လတ်တလော စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ပြဿနာကို ဖြေရှင်းနိုင်ဖို့ထက် သေချာစွာနားလည်အောင် ကြိုးစားနေခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

သို့ပေမယ့် ရိုဟင်ဂျာ ဒုက္ခသည်အရေးကိစ္စကို အဖြေရှာနိုင်ဖို့ ကြိုးစားနေစဥ်မှာပဲ ၂၀၂၁ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက စစ်အာဏာသိမ်းမှု အဆိုးသံသရာထဲ ကံဆိုးစွာနဲ့ နောက်တကျော့ ကျရောက်ခဲ့ရပြန်ပါတယ်။ 

၂၀၂၁ ခုနှစ်နောက်ပိုင်း ရခိုင်ပြည်နယ်ရဲ့ နိုင်ငံရေး စစ်ရေး အခင်းအကျင်းတွေက ယခင်နဲ့ မတူအပြောင်းအလဲ အတက်အကျ များစွာ ဖြစ်ပေါ်ခဲ့တာပါ။ စစ်အာဏာမသိမ်းခင် လပိုင်းတွေကတည်းက စစ်တပ် အနေနဲ့ AA နဲ့ တိုက်ခိုက်မှုတွေ ရပ်စဲထားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်မှာ အကြမ်းဖက် အဖွဲ့အဖြစ်ကြေညာထားတာကို ရုပ်သိမ်းပေးခဲ့တာပါ။ အဲဒီနောက် နှုတ်အားဖြင့် အပစ်ရပ် သဘောတူညီမှု ကျိုးပျက်ပြီး တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နောက်ယာယီအပစ်ရပ် ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးကာလ စတင်ပြီး တောက်လျှောက် AA က မြို့တွေ၊ တပ်စခန်းတွေ တခုပြီးတခု သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အာဏာသိမ်းစစ်တပ် အနေနဲ့ ယခင်က အကြမ်းဖက်လက်နက်ကိုင် အဖွဲ့လို့ ဆိုပြီးချေမှုန်းနှိမ်နှင်းခဲ့တဲ့ ARSA နဲ့ အခြားရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ရေးအရ ပူးပေါင်းမှု၊ သတင်းဖလှယ်မှု၊ ရိုဟင်ဂျာ ပြည်သူ့စစ်ဖွဲ့စည်းတာ၊  AA နဲ့ ရိုဟင်ဂျာ လူထုအကြား ပြဿနာဖြစ်စေမယ့် လုပ်ဆောင်မှုတွေ လုပ်ဆောင်ခဲ့တာ တွေ့ရမှာပါ။ 

အဲဒီလို ရခိုင်ပြည်နယ်မှာ ရန်သူကနေ မိတ်ဆွေဖြစ် မိတ်ဆွေကနေ ရန်သူဖြစ် အမျိုးမျိုးသော အပြောင်းအလဲတွေ ဖြစ်ပွားနေချိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ နိုင်ငံရေးလည်း အပြောင်းအလဲများစွာဖြစ်ပေါ်နေခဲ့တာ တွေ့ရမှာပါ။ ဆယ်စုနှစ် တခုကျော်ကြာ တောက်လျှောက်အာဏာရယူ အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ နိုင်ငံက ထွက်ပြေးရတဲ့အထိ လူထုဆန္ဒပြမှုတွေ အုံကြွမှုတွေ ဖြစ်ပွားခဲ့ပြီး ယာယီဝန်ကြီးချုပ်အဖြစ် မိုဟာမက်ယူနွတ်စ် တာဝန်ယူခဲ့ကာ ယခင် အစိုးရလက်ထက်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် စစ်တပ်နဲ့ ရဲအရာရှိကြီးတွေ တရားသူကြီးတွေကို အရေးယူတဲ့ အခြေအနေမျိုး ဖြစ်ပွားနေတာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်မှာလည်း AA လက်နက်ကိုင်အဖွဲ့အနေနဲ့ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ကာ နယ်မြေသိမ်းပိုက်ဖို့ လုပ်ဆောင်တဲ့ စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာ အရပ်သားတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ပေါ်ထွက်လာခဲ့ပြန်ပါတယ်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု/ လူမျိုးတုန်းသတ်ဖြတ်မှု တွေနဲ့ နှိုင်းယှဥ်ခြင်း မပြုနိုင်သည့်တိုင် စွပ်စွဲခံထားရတဲ့ အရပ်သားတွေ အပေါ် ကျူးလွန်တဲ့ သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေကို တာဝန်ခံ ဖြေရှင်းရမယ့် အနေအထားမျိုး ရောက်နေတာဖြစ်ပါတယ်။ 

ဒီလို ပြည်တွင်းစစ်၊ အမျိုးသားရေးဝါဒနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ ယှက်နွယ်နေတဲ့ ပြဿနာကို လွယ်ကူရိုးရှင်းတဲ့ အဖြေတရပ် ရဖို့က အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ပါဝင်ပတ်သက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးအနေနဲ့ မိမိတို့ အဖွဲ့အစည်း၊ မိမိတို့ လူမျိုး အကျိုးစီးပွားထက် လူသားချင်းစာနာမှု၊ လူ့အခြေခံအခွင့်အရေးနဲ့ လက်တွေ့ကျတဲ့ အဖြေရလဒ်တခုထွက်ရှိဖို့ ဦးစားပေးကြဖို့ အရေးကြီးတာလည်း ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar