Breaking News

ရှင်ရဲထွဋ် - အဘွားအိုပါဖောမန့်

art - Aung Htet

ရှင်ရဲထွဋ် - အဘွားအိုပါဖောမန့်
(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၂၅


အဘွားဟာ လက်မအားဘူး။
သူ့ဇာတိဖိုရ်သီးတွေကို ဘယ်နား
ထားရမှန်းမသိ ဖြစ်နေတယ်။
အဘွား ဒီမှာ ကျက်မကျက် လာမြည်းပေးပါဦး။
ရေထိုးထားတဲ့ ကြက်သားပွပွကြီးတွေကို။
ဒီမှာ နူးမနူး လာကြည့်ပေးပါဦး
အညွန့်မပါတဲ့ အရွက်ဖားဖားကြီးတွေကို။
အဘွားဟာ မီးဖိုချောင်ဒီဇိုင်နာပဲ။

ဟင်းခတ်အမွှေးအကြိုင်ရနံ့တွေထဲ မျောပါသွားတိုင်း
အစာအိမ်ကို အပြင်ထုတ်ထားရရင်ကောင်းမလား။
အဘွားရဲ့
ကြွက်နားရွက်မှိုတွေ နေထုတ်လှမ်းပေးရင် ကောင်းမလား။
ကြက်သွန်မြိတ်တွေ ပါးပါးလှီးထားပေးရင် အဆင်ပြေမလား။
ယင်ကောင်တွေ ကူမောင်းပေးရရင် ကောင်းမလား။
အဘွားက ပြောတယ်။
"တရုပ်ခေါက်ဆွဲတွေဟာ
ဗမာငံပြာရည်နဲ့ ဘယ်တော့မှ အလုပ်မဖြစ်ဘူး။"
အဘွားဟာ အစီအစဉ်တင်ဆက်သူပဲ။

အဘွားဟာ သူ့အလုပ်ကို သူသိတယ်။
ကျွန်တော်တို့ ဝိုင်းအော်လည်း
ရေခမ်းရန် လက်နှစ်လုံးအလို
ဟင်းအိုးတူးရန် လက်တစ်လုံးအလို
အဘွားကတော့ အေးဆေးပဲ။
အဖုံးကို ဘယ်အချိန်ဖွင့်ရမယ်က စပြီး
ကြက်သွန်ဖြူ ဘယ်နှစ်တက်ထည့်ရမယ်အထိ သိတယ်။
အဘွားဟာ
ခွင်ပေါ်တက်ထိုင်နေတဲ့ စားတော်ကဲပဲ။

အဘွား အကြေးခွံခွာလိုက်ပုံဟာ
အားကစားသမားရဲ့"ထရက်ဆု" ကို ဆွဲချွတ်လိုက်သလို။
အဘွားငြုပ်သီးတောင့် သီပုံက
တော်လှန်ရေးရဲဘော်
ဖက်ဆစ်တွေကို လှံစွပ်နဲ့ထိုးထားသလို။
အဘွား ဆီသတ်လိုက်တာဟာ
သွားကြားထိုးတံတွေကို မျက်စပစ်ပြလိုက်ခြင်းဖြစ်တယ်။

အဘွားဟာ ကျွန်တော်တို့ရဲ့ အာဟာရတန်ဖိုးပဲ။
အဘွားဟာ ကျွန်တော်တို့အားလုံးရဲ့ မီနူးပဲ။
ကျွန်တော်တို့မိသားစု အကုန်လုံး
အဘွားရဲ့နေ့ဖို့ ညစာနဲ့ပဲ
သူ့အုပ်ဆောင်းအောက်မှာ ငယ်သွား လဲခဲ့ကြပါတယ်။

၁၀ အောက်တိုဘာ ၂၀၂၀


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar