မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၁၉ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၂၅
စစ်ဘေးရှောင် ပြည်သူတွေရဲ့ ဒုက္ခနဲ့ အချင်းချင်းကူညီနိုင်စွမ်း ကျဆင်းလာ
နေ့စဥ် သတင်းတွေမှာ ဘယ်မြို့နယ်၊ ဘယ်ကျေးရွာအုပ်စု၊ ဘယ်ဒေသမှာတော့ဖြင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံ ဘယ်နှထောင်၊ ဘယ်နှသောင်း ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရိက္ခာ၊ အဝတ်အထည်၊ အမိုးအကာ အကူအညီလိုအပ်နေတယ် ဆိုတဲ့ သတင်းတွေ တွေ့မြင်နေကြရတာပါ။ လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၅ နှစ်နီးပါး ဒီလို သတင်းမျိုး တွေ့မြင်နေကျ ဖြစ်နေတာကြောင့် ထပ်မံတွေ့ရှိတဲ့ သတင်းက ဖတ်ရှုသူရဲ့ ဦးနှောက်ကို နှိုးဆွနိုင်ခြင်း မရှိတော့ပါဘူး။ အခုလို သတင်းတွေက ဖတ်ရှုသူတွေရဲ့ စိတ်ကို နှိုးဆွနိုင်ခြင်း မရှိတဲ့အကြောင်းက စစ်ဘေးရှောင်တွေ အကူအညီလိုအပ်နေတာကို ကိုယ်ချင်းစာနာမှု မရှိတာကြောင့် မဟုတ်ဘဲ ဒီလို အဖြစ်အပျက်မျိုးတွေ မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ နေ့စဥ်၊ အပတ်စဥ်၊ လစဥ်လိုလို ဖြစ်ပျက်နေတာကြောင့် ထူးခြားတဲ့ အဖြစ်အပျက်တခု အဖြင့် ဦးနှောက်က မမှတ်ယူတော့တာမျိုး ဖြစ်ပါတယ်။ ကချင်ပြည်နယ် ပူတာအိုလို ဒေသမှာ၊ စစ်ကိုင်းတိုင်း အင်းတော် ဗန်းမောက်လိုဒေသမှာ၊ ရခိုင်ပြည်နယ်မှာ၊ ပဲခူးတိုင်းမှာ၊ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်လို ဒေသမှာ၊ တနင်္သာရီတိုင်း မောတောင်လို နေရာမျိုးမှာ၊ စစ်ကိုင်းတိုင်း တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ရွှေဘို၊ ကန့်ဘလူ စတဲ့နေရာတွေမှာ တိုက်ပွဲတွေ၊ စစ်တပ်ထိုးစစ်တွေကြောင့် ဒေသခံတွေ တိမ်းရှောင်နေကြရပြီး တောထဲတောင်ထဲမှာ နေထိုင်နေကြရတာ ရှိသလို၊ အနီးအနားကျေးရွာတွေမှာ ယာယီခိုလှုံနေထိုင်နေကြရတာ၊ ငွေကြေးအထိုက်အလျှောက်တတ်နိုင်သူတွေက မြို့တွေဆီ တိမ်းရှောင်ပြီး ခေတ္တယာယီ ခိုလှုံနေထိုင်ကြတာ ဖြစ်ပါတယ်။
စစ်ဘေးရှောင်ကြသူတွေ အနက် မြို့ကြီးတွေဆီ တိမ်းရှောင်နိုင်ကြတဲ့ သူတွေက ငွေကြေးအတန်အသင့်ရှိသူတွေ လို့ဆိုနိုင်ပါတယ်။ မြို့မှာ ကိုယ်သုံးနိုင်တဲ့ ငွေပမာဏနဲ့ လိုက်ဖက်တဲ့ နေအိမ်၊ တိုက်ခန်းတွေလိုမျိး ငှားရမ်းပြီး ကာလတခု နေထိုင်ဖြတ်သန်းကြဖို့ ကြိုးစားကြရတာမျိုး ဖြစ်ပါတယ်။ မြို့တွေကို မတိမ်းရှောင်နိုင်သူတွေကတော့ အနီးအနား ကျေးရွာတွေ ဆီ တိမ်းရှောင်ပြီး အများနဲ့ သက်ဆိုင်တဲ့ နေရာတွေဖြစ်တဲ့ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း တို့လိုနေရာတွေမှာ ဆွေမျိုးသားချင်းရှိသူတွေက မိမိတို့ဆွေမျိုးသားချင်းရဲ့ အိမ်လိုမျိုးမှာ ကာလတခုထိ ခိုကပ်နေထိုင်နေကြရတာမျိုး ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးခါစ အစပိုင်းတွေမှာတော့ စစ်ဘေးတိမ်းရှောင်သူတွေကို မတိမ်းရှောင်ရတဲ့ လူထုအနေနဲ့ ကူညီနိုင်စွမ်း အတိုင်းအတာတခုထိ ရှိနေသေးတာ တွေ့ရပါတယ်။ ငွေကြေး၊ ရိက္ခာစတဲ့ အရင်းအမြစ်တွေ အခုလောက် မရှားပါးသေးတဲ့ အခြေအနေဖြစ်လို့ တရွာ ဒုက္ခရောက်တဲ့အခါ အခြားရွာတွေက အကူအညီပေးနိုင်ခဲ့ကြပါသေးတယ်။ စစ်ပွဲတွေ ကာလကြာရှည်လာတဲ့အခြေအနေ၊ ဖြစ်ပွားတဲ့ ဧရိယာ ကျယ်ပြန့်လာတဲ့အခြေအနေမျိုးမှာတော့ တဦးကို တဦးကူညီနိုင်စွမ်း လျော့ကျလာကြတာ တွေ့နေရပါတယ်။
ကျေးရွာတွေ နယ်တွေမှာ ဖြစ်ပွားနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီဖို့ ငွေကြေးစုစည်းကောက်ခံတာ၊ အကူအညီပစ္စည်း စုဆောင်းပြီး ကိုယ်တိုင်ကိုယ်ကျ ကားတွေနဲ့ သွားရောက်ကူညီပေးတာမျိုး ဒီနေ့ကာလမှာ သိသိသာသာ နည်းပါးသွားပြီ ဖြစ်ပါတယ်။ သက်ဆိုင်ရာ လူမျိုးစု၊ မြို့နယ် အသင်းအဖွဲ့ ဘာသာရေးအခြေပြုအသင်းအဖွဲ့တွေ အလိုက်သာ ကူညီပေးကြတာမျိုးတွေ့ရပါတော့တယ်။ ဥပမာပြရရင် မကြာသေးခင်က ဗန်းမောက်မြို့သိမ်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ရတဲ့ ရှမ်းနီလူမျိုး၊ ကတူးလူမျိုးစု စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်က စာပေယဥ်ကျေးမှု အသင်းလို၊ ရဟန်းတော်များ အသင်းလို သက်ဆိုင်ရာလူမှုအသိုင်းအဝိုင်းဆိုင်ရာ အလိုက် ကူညီငွေထည့်ဝင်တာ၊ အကူအညီပစ္စည်းတွေ စုစည်းကြပြီး ပေးပို့ကြ ကူညီကြတာတွေ့ရပါတယ်။
အစပိုင်း ကာလတွေလို နယ်တနယ်မှာ စစ်ဘေးရှောင်တွေ အကူအညီလိုအပ်လို့ နိုင်ငံအနှံ့ ဝိုင်းဝန်းနှိုးဆော်ကာ စုစည်းထည့်ဝင်ကြ ပေးအပ်ကြတဲ့ အနေအထားမျိုး မဟုတ်တော့တာ တွေ့နေကြရတာပါ။ ပြည်သူလူထု အချင်းချင်း အကူအညီကို အလေးပေးပြောဆိုနေတာ ဖြစ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကုလသမဂ္ဂ၊ အာဆီယံ စတဲ့ အဖွဲ့ကြီးတွေက အကူအညီပေးအပ်တာတွေ မရှိဘူးလားလို့ မေးခွန်းထုတ်စရာရှိပါလိမ့်မယ်။ ကုလသမဂ္ဂ အောက်က အဖွဲ့ခွဲတွေ ဖြစ်တဲ့ UNFPA, WFP လို စားနပ်ရိက္ခာ ၊ နေစရာ၊ အသုံးအဆောင်ပေးအပ်တဲ့ အစီအစဥ်တွေ ရှိနေကြပေမယ့် စစ်ပွဲဖြစ်ပွားရာ ဒေသတိုင်းကို ကူညီနိုင်တဲ့ရန်ပုံငွေနဲ့ ကူညီဖို့ သွားရောက်ခွင့်ရတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းလို ဒေသမျိုးမှာ အခါအားလျော်စွာ ရိက္ခာအကူအညီတွေ ပေးနေတယ်လို့ အဆိုပါ ဒေသက လူထုရဲ့ ပြောဆိုမှုအရ သိရပေမယ့် အခက်အခဲကြုံတွေ့နေရတဲ့ ဒေသတိုင်းကို ပေးအပ်နိုင်တဲ့ အနေအထားမျိုးတော့ မတွေ့ရပါဘူး။
မြို့တွေရွာတွေ သိမ်းယူနိုင်ရေး၊ သိမ်းယူပြီးနောက် ထိန်းချုပ်ထားနိုင်ရေး အစရှိတဲ့ မဟာဗျူဟာတွေနဲ့ ပတ်သက်လို့ NUG, တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက ဘယ်လောက်ထိ ထောင့်စေ့အောင် စဥ်းစားပြီး မဟာဗျူဟာကျကျ ပြင်ဆင်ကြသလဲတော့ တိတိကျကျ မသိနိုင်ပေမယ့် မြို့တွေ ရွာတွေ တိုက်ခိုက်သိမ်းယူလိုက်ပြီး ရက်သီတင်းပတ် သို့မဟုတ် လအနည်းငယ် အကြာမှာ တဖက်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ကြရာမှာ ထပ်မံ ထိခိုက်ဆုံးရှုံးမှု၊ ပျက်စီးမှုတွေ နဲ့ မြို့တွေ ရွာတွေက နောက်တကြိမ် စွန့်ခွာထွက်ပြေးကြရတဲ့ အဖြစ်အပျက်တွေ ခုတလော မြင်တွေ့လာနေကြရပါတယ်။
ကောလင်း၊ သပိတ်ကျဥ်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ ကော့ကရိတ် အစရှိတဲ့ မြို့တွေဟာ တော်လှန်ရေး အင်အားစုတွေ သိမ်းစဥ်က မြို့နေလူအများစု အနေနဲ့ တကြိမ်မြို့ကို စွန့်ခွာတိမ်းရှောင်ခဲ့ကြရတာပါ။ မြို့ကနေ စွန့်ခွာနိုင်ခြင်း မရှိတဲ့သူတွေ အဖို့လည်း မြို့သိမ်းတိုက်ပွဲတွေကာလမှာ ထိခိုက်သေဆုံးမယ့် အန္တရာယ်နဲ့ အတူယှဥ်တွဲပြီး ကျော်ဖြတ်ခဲ့ကြရတာ ဖြစ်ပါတယ်။ နောက်တဖန် အာဏာသိမ်းစစ်တပ်က မြို့သိမ်းဖို့ ပြန်လည်ထိုးစစ်ဆင်လာတဲ့အခါမှာလည်း ထပ်ပြီး တိမ်းရှောင်ကြရဖို့ ဖြစ်လာခဲ့တာပါ။ တကြိမ်ပြီးတကြိမ် မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ကြရတဲ့အခြေအနေမျိုးမှာ အချို့လည်း ထပ်မံတိမ်းရှောင်တာ မလုပ်တော့ဘဲ အရဲစွန့်နေထိုင်ပြီး ကျော်ဖြတ်ကြတာတွေ တွေ့ရပါတယ်။
မြို့တွေရွာတွေက တိမ်းရှောင်ရတဲ့ ဆုံးဖြတ်ချက်ချဖို့က လွယ်ကူတဲ့ ဆုံးဖြတ်ချက်တော့မဟုတ်ပါဘူး။ မြို့ကို စွန့်ခွာတိမ်းရှောင်သူတွေ အနေနဲ့ နေအိမ်၊ ပိုင်ဆိုင်မှု အသုံးအဆောင်ပစ္စည်း အသက်မွေးဝမ်းကျောင်းသုံး ပစ္စည်းတွေ ဆုံးရှုံးနိုင်ချေ မြင့်မားစွာရှိနေတာကြောင့် ဖြစ်ပါတယ်။ မြို့ကနေ စွန့်ခွာတာနဲ့ အခြားမြို့မှာ ဒေသမှာ နေစရာ ငှားရမ်းခ၊ အလုပ်အကိုင် မလုပ်ကိုင်နိုင်တော့တာကြောင့် စစ်ရှောင်နေစဥ် ကုန်ကျမယ့် ကုန်ကျစရိတ်တွေ စတာတွေကို တွက်ချက်ပြီးမှ ရှောင်တိမ်းကြရတာမျိုးပါ။ အညာကျေးရွာတွေက တိမ်းရှောင်ကြရာမှာတော့ ရိက္ခာ၊ စောင်အဝတ်အစား အိုးခွက်တွေကို လှည်းတွေ ဆိုင်ကယ်၊ ထော်လာဂျီတွေပေါ် တင်ပြီး အနီးအနား တောတွေထဲမှာ ရှောင်တိမ်းကြတာမျိုး ဖြစ်ပါတယ်။ ပြန်လာတဲ့အခါ နေအိမ်တွေ မီးရှို့ခံရတာမျိုး နဲ့လည်း ကြုံနိုင်သလို ရွာကို အခြေအနေပြန်ကြည့်ရာမှာ အဆင်မသင့်လို့ စစ်တပ်နဲ့ တိုးပြီး သတ်ဖြတ်ခံရ နှိပ်စက်ခံရတဲ့ အဖြစ်တွေကလည်း ကြုံရနိုင်တာပါ။
စစ်မက်ဖြစ်ပွားရာဒေသက လူထု အနေနဲ့ တော်လှန်ရေးအင်အားစုတွေ ရဲ့ မြို့သိမ်း၊ နယ်သိမ်းတိုက်ပွဲတွေကို တက်တက်ကြွကြွ ထောက်ခံအားပေးခဲ့ကြပေမယ့် တကြိမ်ပြီး တကြိမ် သိမ်းလိုက်ပြန်လက်လွှတ်ရလိုက် အနေအထားမျိုး တခုမက ဖြစ်လာတဲ့ အခါ ဒေသခံတွေရဲ့ ဘဝတွေ နာလံထူဖို့ မလွယ်ကူတော့တဲ့ အနေအထားတွေကိုလည်း တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ထည့်သွင်းစဥ်းစားဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar