Thursday, November 20, 2025

မောင်လူမွှေး - တော်လှန်လူငယ်နှင့် စစ်မှုထမ်းလူငယ်မောင်လူမွှေး - တော်လှန်လူငယ်နှင့် စစ်မှုထမ်းလူငယ်


မောင်လူမွှေး - တော်လှန်လူငယ်နှင့် စစ်မှုထမ်းလူငယ်

မိုးမခ ၊ နိုဝင်ဘာ ၂၀ ၊ ၂၀၂၅


ပြီးခဲ့တဲ့ရက်က လိုင်းပေါ်မှာ စာတစ်ပုဒ် ဖတ်လိုက်ရတယ်။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်ကနေ စစ်တပ်ရဲ့ စစ်မှုထမ်းပါသွားတဲ့ လူငယ်တစ်ယောက်ဟာ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တိုက်ပွဲမှာ သေဆုံးခဲ့တယ်။ ခု နိုဝင်ဘာလ ကလေးမြို့နယ်တောင်ပိုင်း တိုက်ပွဲမှာ သေနတ်မှန်ထားတဲ့ သူ့ကို တော်လှန်ရေး ရဲဘော်တွေက အရှင်ဖမ်းမိပြီး ဆေးဝါးကုသပေးကြတယ်။ ဒါပေမဲ့ ဆေးဝါးမလုံလောက်မှုကြောင့် သုံးရက်မြောက်နေ့မှာ စစ်မူထမ်း လူငယ်ဟာ သေဆုံးသွားခဲ့တယ်။ စစ်မှုထမ်းလူငယ်ကို ဆေးဝါးကုသနေတာက အစ၊ သေဆုံးတဲ့အထိ စစ်မှုထမ်းလူငယ်ရဲ့ ဖုန်းကို ဆက်တဲ့ သက်ဆိုင်ရာ မိဘတွေကို တော်လှန်ရေး ရဲဘော်လူငယ်တွေက ကောင်းကောင်းမွန်မွန် ပြန်လည်ဖြေဆိုကြတယ်။ သေဆုံးသွားတော့လည်း ကောင်းမွန်စွာ သင်္ဂြိုဟ်ကြောင်း အကြောင်းကြားခဲ့တယ်။

စစ်မှုထမ်းလူငယ်ရဲ့ မိဘတွေကို တော်လှန်ရေး ရဲဘော်လူငယ်တွေက မိဘချင်း ကိုယ်ချင်းစာပြီး ကောင်းကောင်းမွန်မွန် တုံ့ပြန်ခဲ့ကြတာဖြစ်ကြောင်း သေဆုံးသူ စစ်မှုထမ်းလူငယ်ရဲ့ အဒေါ်ဖြစ်သူက ရေးသားထားတယ်။ တကယ်တော့ တော်လှန်ရေးရဲဘော် လူငယ်ရော၊ စစ်တပ်ရဲ့ မတရားစစ်မှုထမ်းခိုင်းတာခံရတဲ့ လူငယ်ရောဟာ ကိုယ့်နိုင်ငံသား လူငယ်တွေ ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဘဝတွေရဲ့ အဓိပ္ပာယ်ရှိမှုချင်းကတော့ အများကြီး ကွာခြားသွားကြပြီ ဖြစ်တယ်

တိုက်တိုက်ဆိုင်ဆိုင် ဒီစာကို ရေးနေစဥ်မှာ ဖုန်းဝင်လာတယ်။ မောင်လူမွှေးနဲ့ ရင်းနှီးတဲ့ ကျေးရွာက ရဲဘော်တစ်ယောက် တိုက်ပွဲမှာ ကျဆုံးကြောင်း သတင်းကို ဖုန်းထဲကနေ သိလိုက်ရတယ်။ တစ်ရွာလုံး ကြေကွဲကြတယ်။ ကျဆုံးရဲဘော်ရဲ့ မိဘတွေကို ဝိုင်းဝန်း အားပေးကြတယ်။ ဒီရဲဘော်ရယ်မှ မဟုတ်ပါဘူး။ ဘယ်တော်လှန်ရေးရဲဘော် ကျဆုံး၊ ကျဆုံး တော်လှန်ပြည်သူတွေဟာ တတ်နိုင်သမျှ ဝိုင်းကြဝန်းကြတာပါပဲ။ 

စစ်ပွဲတစ်ခုကို ပါဝင်တိုက်ခိုက်တာမှာ အနိုင် နှစ်မျိုး ရှိတယ်။ စစ်နိုင်တာနဲ့ ဂုဏ်သိက္ခာအရ နိုင်တာဖြစ်တယ်။ စစ်ရော၊ ဂုဏ်သိက္ခာရော နှစ်မျိုးလုံးနိုင်တဲ့ စစ်ပွဲရှိသလို စစ်ပွဲ ရှုံးပေမယ့် ဂုဏ်သိက္ခာအရ နိုင်တဲ့စစ်ပွဲလည်း ရှိတယ်။ စစ်ပွဲမှာနိုင်ပြီး ဂုဏ်သိက္ခာရှုံးတဲ့ စစ်ပွဲတွေလည်း များစွာရှိတယ်။ လက်ရှိ စစ်အာဏာရှင်တွေရဲ့ စစ်တပ်ဟာ ဘယ်တိုက်ပွဲပဲ ဆင်နွှဲ ဆင်နွှဲ၊ ဂုဏ်သိက္ခာကတော့ ရှုံးနေပြီးသား ဖြစ်တယ်။ ဂုဏ်သိက္ခာ အရှုံးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ရတဲ့ စစ်တပ်ဟာ စစ်ပွဲတွေလည်း တော်တော်များများ ရှုံးပြီး  တော်လှန်ရေးတပ်ဖွဲ့တွေဟာ နယ်မြေတွေကို ထိန်းချုပ်လာနိုင်တာ အားလုံးအသိပဲ ဖြစ်တယ်။

ကိုယ့်နိုင်ငံက တော်လှန်ရေးတပ်ဖွဲ့မှာ ပါဝင်တဲ့ လူငယ်တွေဟာ တိုက်ပွဲမဆင်နွှဲခင်ကတည်းက ဂုဏ်သိက္ခာအရ နိုင်ပြီးသား ဖြစ်တယ်။ အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းလူငယ်တွေကတော့ တိုက်ပွဲမဆင်နွှဲခင်ကတည်းက ဂုဏ်သိက္ခာအရပါ ရှုံးနိမ့်နေတဲ့စစ်တပ်မှာ အသက်ပုံအပ်ထားရပြီး ကံမကောင်းရင်တော့ တိုက်ပွဲအတွင်းမှာ အသက်ပါဆုံးကြရမှာဖြစ်တယ်။ တကယ်လည်း သေဆုံးကြတာကို တွေ့ရတယ်။ 

စစ်အုပ်စုဟာ သူတို့ အာဏာတည်မြဲရေးအတွက် မြို့ပြက လူငယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းနယ်မြေတွေကို ပို့ကြတယ်။ စစ်မှုထမ်းလူငယ်တွေကို မူးယစ်ဆေးတွေ ကျွေးပြီး ရှေ့ကနေ တက်ခိုင်းတယ်။ ဒီတော့ တော်လှန်ရေး ရဲဘော်လူငယ်တွေဟာ သူတို့ဆီကို သေနတ်ပြောင်းချိန်လာတဲ့ စစ်မှုထမ်းလူငယ်တွေကို မလွှဲသာ မရှောင်သာ ပစ်ကြရတယ်။ 

စစ်တပ်က စစ်မှုထမ်းလူငယ်တွေကို သူတို့ ခိုင်းချင်တာ ခိုင်းဖို့ မူးယစ်ဆေးကို အသုံးပြုနေကြတယ်။ ဒါကြောင့် တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အလောင်းတွေနဲ့အတူ မူးယစ်ဆေးပြားတွေ မိတယ်။ မောင်လူမွှေးနဲ့ နီးစပ်တဲ့ ကလေးတစ်ယောက်ဆိုလည်း စစ်မှုထမ်းထဲ ပါသွားပြီး မူးယစ်ဆေးကျွေးခံရတယ်။ ဆေးလိပ်၊ ကွမ်းယာကစ ဘာမူးယစ်ဆေးမှ မလုပ်ဖူးတဲ့ကလေးဟာ စစ်မှုထမ်းဘဝက ထွက်ပြေးလာပြီးနောက် မူးယစ်ဆေးကြောင့် ကိုယ်ရော၊ စိတ်ရော ကျန်းမာရေးထိခိုက်ပြီး မိဘတွေက ဆေးကုသမှုတွေ ပြုလုပ်နေရဆဲ ဖြစ်တယ်။

စစ်တပ်က စစ်မှုထမ်းအတွက် ပေါ်တာတွေ စဆွဲတော့ ဆွဲခံရမှန်းသိရင် ပိုက်ဆံနဲ့ ပြန်ရွေးလို့ရကြသေးတယ်။ နောက်ပိုင်းမှာတော့ ဖမ်းဆီးပေါ်တာဆွဲခံရပြီးရင် ပိုက်ဆံနဲ့ လိုက်ရွေးရင်လည်း မရတော့တဲ့ အခြေအနေတွေ ဖြစ်လာတယ်။ အဲဒီတော့ လူငယ်တွေဟာ နိုင်ငံခြားကို ထွက်ကြတယ်။ အိမ်ကနေ အိမ်ပြင် သိပ်မထွက်ကြတော့တဲ့ လူငယ်တွေလည်း ရှိတယ်။ သက်သာရာ ရလိုရငြား စစ်တပ် လက်အောက်ခံ ကျောင်းတွေ ပြန်တက်တဲ့သူတွေက တက်ကြတယ်။ အနည်းငယ်လောက်ပဲ တော်လှန်ရေးနယ်မြေထဲကို ရောက်လာကြတယ်လို့ ဆိုနိုင်တယ်။

စစ်မှုထမ်းရ လွတ်ဖို့ နိုင်ငံခြားထွက်တာ၊ အိမ်ပြင် သိပ်မထွက်တာ၊ စစ်တပ် လက်အောက်ခံ ကျောင်းတွေကို ပြန်တက်တာတွေဟာ စစ်မှုထမ်း ပေါ်တာဆွဲ မခံရဖို့ ယာယီထွက်ပေါက်တွေသာဖြစ်ပြီး တော်လှန်ရေးမပြီးသ၍၊ စစ်အုပ်စု မပြုတ်သ၍ အဲဒီအန္တရာယ်အပြင် အခြားဖိနှိပ်မှုတွေကနေ ဘယ်လိုမှ လွတ်နိုင်မှာ မဟုတ်ပါဘူး။ မောင်လူမွှေး ပြည်သူလူထုရဲ့ ကံကြမ္မာဟာ နိုင်ငံရဲ့အလှည့်အပြောင်းအတွက် စွန့်လွှတ်ကြရမယ့်၊ အလုပ်လုပ်ကြရမယ့်၊ ပေးဆပ်ကြရမယ့် အချိန်အခါကာလကို ရောက်နေတယ်။ စွန့်လွှတ်နိုင်တဲ့ လူငယ်တွေ၊ အလုပ်လုပ်နိုင်တဲ့ လူငယ်တွေ၊ ပေးဆပ်နိုင်တဲ့ လူငယ်တွေ နိုင်ငံမှာ ဘယ်လောက်များများ ရှိသလဲ၊ လူငယ်တွေကို လမ်းမှန်ရောက်အောင် ဆွဲခေါ်နိုင်တဲ့ ၊ လမ်းပြနိုင်တဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေ ဘယ်လောက်များများရှိသလဲ ဆိုတဲ့အပေါ်မှာ မောင်လူမွှေးတို့ နိုင်ငံရဲ့ ကံကြမ္မာဟာ မူတည်နေပါတယ်ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar