Saturday, November 22, 2025

နေသွင်ညိဏ်း - ကြံ့​ရောဂါ ကူးစက်ချိန်

 

ကြံ့​ရောဂါ ကူးစက်ချိန်
နေသွင်ညိဏ်း
(မိုးမခ) နိုဝင်ဘာ ၂၂၊ ၂၀၂၅


ဆရာမဂျူးက ပြင်သစ်ပြဇာတ်ဆရာ Eugène Ionesco ရေးတဲ့ပြဇာတ်တပုဒ် Rhinoceros အကြောင်း ကျမဖတ်ခဲ့သောစာအုပ်များမှာ ပြန်ပြောပြဖူးတယ်။ မြို့တမြို့မှာရှိတဲ့လူတွေ တယောက်ပြီး တယောက်ကြံ့ဖြစ်သွားတဲ့အကြောင်း။ ပထမတော့ မြို့ထဲကို ကြံ့တကောင် ဝင်လာတယ်။ လူတွေက ဖာသိဖာသာနဲ့ အာရှကြံ့လား၊ အာဖရိက ကြံ့လား ဆွေးနွေးငြင်းခုံကြတယ်။ နောက်တော့ လူတွေဟာ ကြံ့နဲ့ တူတူလာပြီး ကြံ့တွေ ဖြစ်ကုန်ကြတယ်။ 
ပြဇာတ်ရေးဆရာ Eugène Ionesco ဟာ ဒီပြဇာတ်ကို စိတ်ကူးယဉ်ဆန်ဆန်၊ တင်စားချက်နဲ့ ရေးခဲ့တာပါ။ ဖက်ဆစ်စနစ်၊ လူတွေရဲ့ အုပ်စုစိတ်ကို နမိတ်ပုံနဲ့ ရေးခဲ့တာပါ။ သရော်စာဖြစ်ပါတယ်။ 
ဒီလိုတိရစ္ဆာန်ပါဝင်တဲ့ ဇာတ်၊ တင်စားချက်မျိုး၊ စနစ်တခုကို ဝေဖန်တာမျိုးကို ဂျော်ချ်အော်ဝဲရဲ့ Animal Farm မှာလည်း တွေ့နိုင်ပါတယ်။ Animal Farm ရဲ့ ဇာတ်ကောင်တွေကတော့ Rhinoceros ထက်တော့ ပိုစုံပါတယ်။ အဆုံးမှာ ဝက်တွေက လူလို ကျင်လာကြပြီး၊ လူလား ဝက်လား ခွဲခြားရ ခက်သွားတာနဲ့ အဆုံးသတ်ထားပါတယ်။ 
ကြံ့ဖြစ်သွားတဲ့ လူ​တွေအ​ကြောင်း Rhinoceros ပြဇာတ်မှာ​တော့ ဇာတ်လိုက်တ​ယောက်တည်း ကြံ့မဖြစ်ဘဲ ကျန်တယ်။ သူ့အသိတခြားလူ​တွေရဲ့ အသားအ​ရေ​တွေ ကြမ်းတမ်းလာတယ်။ နောက် နဖူးမှာ ဘုကြီး​ပေါက်လာတယ်။ ကြံ့ဖြစ်ရတာဟာ လူဖြစ်ရထက် ပို​ကောင်းတယ်လို့ တွေး​ခေါ်လာကြတယ်။ ဒီလိုနဲ့ လူအုပ်ကြီးဟာ ပေါင်းမိသွားပြီး အစုအ​ပေါင်းဖြစ်လာတဲ့အခါ အုပ်စုအ​တွေးဟာ ပေါ်​ပေါက်လာ​တော့တယ်​။ လူအဖြစ်က ကြံ့ဖြစ်သွားတာက ပို​ကောင်းတယ်ဆိုတဲ့အ​တွေးအ​ခေါ်ဟာ အားကြီးလာတယ်။ 
ဇာတ်လိုက်သည်ပင်လျှင် သူ့နဖူးကိုစမ်းကြည့်တယ်။ အသံထွက်​အော်ကြည့်တယ်​။ သူ ကြံ့မဖြစ်​သေးတာကို သိ​တော့ ပထမ ဝမ်းနည်းသလိုလို ဖြစ်သွားပုံပဲ။ ဘာလိုလဲဆို​တော့ သူ​ပြောတဲ့ ပြင်သစ်စကားဟာ ဘယ်မှာမှ အသုံးမဝင်​တော့ဘူး​လေ။ အများသုံးဘာသာစကားဟာ ကြံ့ဘာသာစကားဖြစ်သွားပြီးကိုး။ 
ဒီဇာတ်လမ်းနှစ်ပုဒ်မှာ Animal Farm က အာဏာရဲ့ သ​ဘောကို သ​ရော်တယ်။ Rhinoceros က​တော့ အုပ်စုသ​ဘောတရားကို သ​ရော်တာလို့ အကျဉ်းချုပ်ရင်ရတယ်ထင်ပါတယ်။ တက​ယ်​တော့ ဒီထက်မက​တဲ့ လူစရိုက်​တွေ အများကြီး ပါဝင်​နေတာမို့ အ​တွေးချဲ့ရင် ချဲ့သ​လောက် ကျယ်သွားနိုင်ပါတယ်။ 
Animal Farm ကို​တော့ သခင်ဘ​သောင်း ဘာသာပြန် ခြေ​လေး​ချောင်း​တော်လှန်​ရေးကို ခပ်ငယ်ငယ်ကတည်းက ဖတ်ခဲ့ရပြီး၊ Rhinoceros ကိုတော့ ဆရာမဂျူး ပြန်​ရေးတာပဲ ဖတ်ရပါတယ်။ တကယ်​ကောင်းတဲ့ ပြဇာတ်တပုဒ်ကို မိတ်​ဆက်​ပေးလို့ ဆရာမကို ကျေးဇူးတင်လို့ မဆုံးပါ။ 
ဆရာမက ကြံ့​ရောဂါလို့ သုံးထားပါတယ်။ ကြက်တုပ်​ကွေး၊ ဝက်တုပ်​ကွေး ဆိုတာမျိုးပါပဲ။ တ​လော​လေးက မျောက်​ကျောက်​ရောဂါဆို ပေါ်လိုက်ပါ​သေးတယ်​။ ဒီ​ရောဂါ​တွေရဲ့ နာမည်မှာ တိရိစ္ဆာန်နာမည်​တွေ ပါ​ရတဲ့ အဓိက အ​ကြောင်းက ရောဂါရဲ့ အစဟာ တိရိစ္ဆာန်​တွေဆီက ကူးစက်တာလို့ တွေ့ရှိရလို့ ဖြစ်ပါတယ်။ ဆိုလိုတာက လူ​တွေဆီကို တိရိစ္ဆာန် ရောဂါကူးစက်ဖို့ဆိုတာ ဖြစ်နိုင်တဲ့ ကိစ္စပါပဲ။ စိတ်ကူးယဉ်သက်သက်လို့ မဆိုနိုင်ပါဘူး။ 
ဒါ​ပေမယ့် ထူးခြားတာက Eugène Ionesco ရဲ့ ကြံ့​ရောဂါက​တော့ လူ​တွေကို ဖျားနာ​စေတာမျိူးမဟုတ်ဘဲ ရုပ်ပိုင်းနဲ့အသိဥာဏ်ကိုပါ ပြောင်းလဲပစ်လိုက်တာမျိုး ဖြစ်ပါတယ်။ ဒါက​တော့ စိတ်ကူးယဉ်ဆန်တယ်လို့ ရုတ်တရတ်​တွေးထင်စရာပါပဲ။ သေချာ တွေးရင် ဒါကလည်း စိတ်ကူးယဉ်မဟုတ်ပြန်ပါဘူး။ 
ပြဇာတ်ထဲမှာ ကြံ့​ရောဂါဟာ အစက​တော့ တ​ယောက်စ နှစ်​ယောက်စ၊ နောက်​တော့ တပြုံတမကြီး။ ကြံ့စကား​တွေ​ပြော၊ ကြံ့တရား​တွေ​ဟော။ တချို့က ကြံ့စင်စစ်ဖြစ်သွားပြီး တချို့က ကြံ့​ရောဂါ တဖြည်းဖြည်းဝင်လာတာမျိုး။ ရောဂါပြင်းထန်လာတဲ့အခါ အသိဥာဏ်နဲ့ ဆင်ခြင်တုံတရား မြင့်မားပါတယ်ဆိုတဲ့ လူတွဟာလည်း ကြံ့တရားကို ယုတ္တိကျကျ ဟော​ပြောလာကြမယ်။ 
သတင်း​ကောင်းက​တော့ မိတ်​ဆွေအ​နေနဲ့ ကြံ့စကားကို နားမလည်ရင် ဝမ်းသာစရာပါပဲ။ မိတ်​ဆွေဟာ ပြဇာတ်ထဲက ဇာတ်လိုက်လို နဖူးမှာ ဘုတလုံး မထွက်လာ​သေးဘူး။ လူ့အသိ​နေရာမှာ တိရိစ္ဆာန်အသိ လွှမ်းမိုးမသွား​သေးဘူးဆိုတဲ့ လက္ခဏာပါပဲ။ 


နေသွင်ညိဏ်း

နိုဝင်ဘာ၊ ၂၀၂၅

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar