Friday, November 21, 2025

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကမ္ဘောဒီးယားကျားလှောင်အိမ်ထဲက မြန်မာသားကောင်တွေ (မြန်မာ့သားကောင်းမဟုတ်)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကမ္ဘောဒီးယားကျားလှောင်အိမ်ထဲက မြန်မာသားကောင်တွေ (မြန်မာ့သားကောင်းမဟုတ်)

မိုးမခ ၊ နိုဝင်ဘာ ၂၁ ၊ ၂၀၂၅


BGF နဲ့ စစ်တပ်က ပထမအသုတ် ၃၄၆ ဦး အဖမ်းပြတယ်။ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က တစ်ထောင်ကျော် နှစ်ထောင်လောက်ရှိတယ်လို့ စကားပိတ် ကြိုပြောထားတော့ နောက်ထပ်  နှစ်ခါ၊ သုံးခါလောက် ထပ်အဖမ်းပြလိုက်ရင် ပြီးပြီ။ ထိုင်းဘက်ကလည်း သူ့ပတ်မှာ များနေတော့ ဒီလောက်နဲ့ နှုတ်ပိတ်လောက်ပြီလို့ တွက်ပုံဘဲ။ BGF က အရင်တခါလည်း ၂၀၂၅ မတ်လက အပြီးနှိမ်နင်းတယ်ပြောပြီးသား။ သူတို့ဘာသာ အရင်က ပြီးပြီ ပြောလိုက်၊ အခု အပြတ်ဖြတ်မယ် ပြောလိုက်နဲ့ သတ်တယ် ပြောလိုက်၊ ထွားလာလိုက် ဖြစ်နေတဲ့ကျားဖြန့်နဲ့ တိုင်ပတ်နေတုန်း။ ခုလဲ နှိမ်နင်းမယ်ကြော်ညာရင်း ရုပ်အောင်တမင်ဖန်တည်းရင်း ခေါင်းဆောင်ပိုင်းတွေနေရာရွှေ့ဖို့လုပ်တာ။ အဲဒီမှာ ကျားဖြန့်ရုံတချို့က လူကုန်ကူးခံတွေ ထွက်လာလို့ရသွားတယ်။ သူတို့ကိုထိန်းချုပ်ထားတဲ့တရုတ်လက်နက်ကိုင်တွေပါ လစ်ရမှာကိုး။ ဇာတ်လမ်းအရ အဲဒီ တရုတ်လက်နက်ကိုင်တွေဟာ လက်နက်တွေနဲ့အတူ ပျောက်ကွယ်ရမှာဆိုတော့ တချို့ထွက်ပေါက်ရသွားတာပေါ့။ တကယ်တော့ သူတို့က မြေသျှိုးသွားတာလဲမဟုတ်ဘူး။ မိုးပျံသွားတာလည်း မဟုတ်ဘူး။ တပ်ထဲသျှိုး BGF တွင်းထဲ ဝင်သွားကြတာ။ အဲဒီညကတင် ထွက်လာသူက သောင်းသိန်းချီတယ်လေ။ နိုင်မောင်ဇော် အော်တဲ့တထောင်၊ နှစ်ထောင် ဆိုတာ ခေါင်းဆောင်ပိုင်းကိုပဲ ပြောတာ ဖြစ်မယ်။ ကျားဖြန့်တွေ တသိန်းက နှစ်သိန်းကြားရှိတယ်လို့ မှန်းဆထားကြတယ်။ ရွှေကုက္ကိုရဲ့ ကျားဖြန့်လုပ်ငန်းကို ထိန်းကျောင်းအုပ်ချုပ်တာက တရုတ်လက်နက်ကိုင်တွေ။ ခု အဲဒီကောင်တွေ ဘယ်မှာလဲ။ သူတို့က ဘာလို့ လက်နက်ကိုင်ဆောင်ခွင့်ရနေတာလဲ။ လက်နက်တွေရော ဘယ်မလဲ။ ကျားဖြန့်လုပ်ငန်း ကြီးကြပ်ခိုင်းစေတဲ့ တရုတ်တွေကော ဘယ်ရွှေ့သွားသလဲ။ လုပ်ငန်းရှင် တရုတ်ကြီးတွေကိုရော ဘယ်ပို့လိုက်သလဲ။ ရထိုက်က ရှီကျင့်ကျန်းသာ အဖမ်းခံရတာ ကျန်တဲ့ခေါင်းဆောင်ကြီးတွေ ဘယ်မှာလဲ။ ရွှေကုက္ကိုမှာ ရထိုက် တအုပ်စုတည်းရှိတာ မဟုတ်ဘူးလေ။ လူကုန်ကူးခံလေးတွေကတော့ ရွာစွန်ရွာဖျားတွေ ဆောက်လက်စ တိုက်တန်းလျားတွေမှာ ကြုံသလို နေနေကြတယ်။ အဲဒီ နိုင်ငံတကာက လူကုန်ကူးခံရတဲ့ အောက်ခြေလုပ်သားတွေကိုကော ဘယ်လိုလုပ်မလဲ။ ဖမ်းထားတဲ့သူတွေကို ကလီစာထုတ်မှုတွေ လိမ်ပုံလိမ်နည်းတွေ စစ်တာဆေးတာ ဖော်ထုတ်တာ မလုပ်တော့ဘူးလား။ နှိပ်စက်ညှဉ်းပန်းခံရပြီး သေဆုံးသွားသူပေါင်း ဘယ်လောက်ရှိပလဲ။

မအလအုပ်စုက စတားလင့်ကြောင့် ကျားဖြန့်ဖြစ်နေသလိုလို သတင်းဖြန့်ပြီး စတားလင့်မှန်သမျှပိတ်ချခံရပြီး တော်လှန်ရေးဘက် ထိခိုက်အောင် တမင်လုပ်ကြံပြောရင်း မိုင်တဲကို ကာကွယ်နေတာ။ မိုင်တဲနဲ့ လုပ်နေကြတာ အများကြီး။ ခုလည်း စတားလင့်က ခြေရာခံလို့ရနေတော့ မိုင်တဲနဲ့ဆက်လုပ်ကြမှာ။ တကယ်တော့ အဲဒီ ဗီယက်တဲကို သေချာကိုင်ရမှာ။ အဲဒါက မင်းအောင်လှိုင်ရဲ့စီးပွားလည်းပဲ ဖြစ်တယ်။

BGF ထိန်းချုပ်ထားတဲ့ ထိကသီရွာဘက်မှာ အဆင်သင့် ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေဘက်ကို မနေ့ကတည်းက ဆရာဝန်တွေရော၊ တရုတ်လူမိုက်သူဌေးတွေရော ရွှေ့ပြောင်းနေရာချထားပြီးပြီဆိုတော့ သူတို့နဲ့ ဘယ်လို ဆက်ကျားဖြန့်ကြမလဲ။

ကျားဖြန့်ကို အပြတ်နှိမ်နင်းမယ် ပြောပြီး တဖက်မှာတော့ ကျားဖြန့်က တရုတ်နိုင်ငံသားတွေကို BGF အမှတ် (၂) စစ်ဒေသဌာနချုပ် သေ့ကတေစံပြကျေးရွာထဲ ရွှေ့ပြောင်းပေးနေတာကကော ဘာသဘောလဲ။

KK Park က အရေးကြီးတဲ့ တရုတ်နိုင်ငံသားတွေ သေ့ကတေ့မှာ ရောက်လာပြီး တရုတ်သူဌေးတွေကို BGF က လုံခြုံရေးယူပေးနေတာကကော ဘာလဲ။ အကုန်လုံးက မအလနဲ့ လက်ဝါးချင်းရိုက် မလိမ့်တပတ် လုပ်နေတာတွေချည်းပဲလေ။

သေ့ကတေစံပြကျေးရွာမှာ ကရင်နယ်ခြားစောင့်တပ်(BGF) အမှတ် (၂) စစ်ဒေသရဲ့ ဌာနချုပ်ရှိပြီး ရွှေကုက္ကိုမြို့သစ်ရဲ့ အနောက်မြောက်ဘက် ဒေါနတောင်ခြေအရှေ့ဘက်ခြမ်းမှာ။ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်တဲ့ ဒေါနတောင်ပေါ်က ကြက်ဥတောင်ပေါ်လမ်းမှာ။ အဲဒါက စောတင်ဝင်းရဲ့ နယ်မြေပါ။ ခု သူ့တပ်က ကားတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ အားချင်းသယ်၊ အမြန်ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။ KK Park နဲ့ ရွှေကုက္ကိုထဲမှာလည်း ဟန်မပျက် လည်‌ပတ်နေဆဲလုပ်ငန်းတွေ ရှိပါတယ်တဲ့။

နောက် ပျောက်နေတဲ့ အဓိကလူတွေ ရှိသေးတယ်။ အဲဒီကောင်တွေက ရထိုက်ခေါင်းကိုင် ရှီကျင့်ကျန်းထက်တောင် အကောင်ထွားတယ်တဲ့။ သူတို့ကတော့ ဟွာ့ညအုပ်စု‌ခေါင်းဆောင် ကမ္ဘောဒီးယား သီဟာနု ကာဆီနိုလုပ်ငန်းတွေလုပ်ကိုင်ခဲ့တဲ့ ချန်နန်နဲ့ သူ့လုပ်ငန်းဖော် ကျန်ကြွိရုံတို့ပါ။ သူတို့လည်း မဟုတ်တရုတ်တွေပဲ။

နောက်တသုတ်က ဟုန်မန်း/ဒုန်မေအုပ်စု။

သူတို့က KK park အောက်ဘက်နားက စက်မှုဇုန်မှာ။ ဒီစက်မှုဇုန်ထဲမှာ ဘာစက်မှုမှမဇုန်ဘဲ ကျားဖြန့်ရုံတွေ လုပ်ထားတာ။ 

ဒီအုပ်စုရဲ့ ခေါင်းကိုင်က သွားကျိုး ဝန်ကော့ကာ။ အဲဒီကောက်က 14K လို့ လူသိများတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းရဲ့ မကာအို ဂိုဏ်းခွဲခေါင်းဆောင်။ ဒီမဟုတ်ကလဲ တရုတ်ရဲ့ BRI လုပ်ငန်းတွေကို ပြည်ပမှာ အများလက်ခံ လုပ်ဆောင်လာအောင် လှုံဆော်စည်းရုံးရတဲ့ကောင်တဲ့။ ကျားဖြန့်ခေါင်းကြီးတိုင်း BRIနဲ့ မကင်းဘူး။ မကင်းဆို ရွှေကုက္ကိုထဲက အဆောက်အဦးတချို့ကို တရုတ်နိုင်ငံပိုင်စီးပွါးရေးလုပ်ငန်းဖြစ်တဲ့ China Metallurgical Group Corporation (MCC) က ဆောက်လုပ်ပေးခဲ့တာသာကြည့်ပေါ့။ အဲဒါကြောင့် အမေရိကန်က တရုတ်ငွေလိမ်လုပ်ငန်းလို့သုံးတာ။ ဝူဟန်ဗိုင်းရပ်လိုပေါ့။ အကုန် တရုတ်လုပ်တွေချည်း။ ဒါက ငွေဗိုင်းရပ်စ်။ ကျားဖြန့်ကိုတော့ ဝူဟန်ကို ကိုဗစ်လို့ ယူအန်ကို လုံးပြီး နာမည်ပြောင်းလို့ ရလိမ့်မယ်တော့ မဟုတ်။ 

ကျားဖြန့်တရုတ်တွေက မြန်မာမှတ်ပုံတင် နှစ်ခု သုံးခု ကိုင်ပြီး ပြည်တွင်းကို ထင်သလို ပတ်ဒိုးလို့ရနေချိန်မှာ မြန်မာအများစုဟာ ကမ္ဘောဒီးယား ကျားဖြန့်ရုံတွေထဲမှာ အကြီးအကျယ် ဒုက္ခရောက်နေကြလေရဲ့။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar