Tuesday, November 25, 2025

ဧဏီမင်း - ရှင်တမ်းစာ

Art- KT#
 
ရှင်တမ်းစာ
ဧဏီမင်း
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၅ 
 

မနက်ဖြန်ကို ဘယ်လို ရှင်သန်ရမလဲတွေးရင်း
ခေါင်းတိုင်က မီးခိုးတွေကို ငေးရင်း
အလွှာနှစ်ခုကြား
အသက်ဓာတ်ကလေး ပြတ်မသွားအောင် မနည်း ရှူနေရ

ပြဋ္ဌာန်းစာအုပ်ဖိုး မတတ်နိုင်လို့
ကျောင်း မသွားနိုင်တဲ့ ညီမလေးရေ
အားတင်းထား

မနက်မနက် 
ဟိုဖက်အိမ်က ကြက်ဖကြီး မတွန်တော့တာ 
သတိထားမိလား
သူ့သခင်တွေရဲ့ စားရေးသောက်ရေးပြဿနာ 
ကြက်ဖကြီးဟာ ဘာတာစနစ်နဲ့ဖြေရှင်းရာ 
ဒါပေမယ့် မျက်ရည်စက်လက်နဲ့ သခင့်မျက်နှာ

ရှင်သန်ခြင်းအတွက် လိုအပ်လာတဲ့အခါ
ချစ်ခြင်းမေတ္တာတွေ တိုက်စားလာတတ်တာ သဘာဝ

ကြည့်ရင်း 
တစတစ
ပြိုလိုက်လာတဲ့ ကမ်းပါးတွေဆိုတာ
တောလည်းသံလို
တုန်လို့
ဟည်းလို့

ပြို
မြို့တော်ကြီးလည်း ပြို
နိုင်ငံတော်ကြီးလည်း ပြို
သက်ရှိတွေလည်း ပြို
သက်မဲ့တွေလည်း ပြို

ညဥ့်နက် သန်ခေါင်
တစ္ဆေတစ်ကောင် ငတ်မွတ်နေပုံမျိုး
(လူတချို့)
ထမင်းတောင် နပ်မမှန်ချင်တော့အောင် ပြို

ထမင်းလုံးကလေး တစ်စေ့နောက်
အလုအယက် တိုးဝှေ့နေတဲ့ ပြိတ္တာတွေ
အဲဒါ
ဘုရားစောင်းတန်းက ပန်ချီကားမဟုတ်ဘူး

ဘုရားတွေများပြီး
တရားတွေခေါင်းပါးတဲ့ မြေလေ

ရွှေ တဝင်းဝင်းနဲ့
၉- နဝင်းပဲ ချေနေတဲ့ မြေလေ

ညက
ထမင်း မဝလို့ ငြီးနေတဲ့
ဘေးအိမ်က ကလေးအမေအသံဟာ တိုးပြီး တိတ်သွားတယ်

သူမခမျာ
ရှင်တမ်းစာတောင် ချန်မသွားနိုင်ဘူးထင်ပါရဲ့။ ။

၀၉ နိုင်ဝင်ဘာ ၂၀၂၅
 
 -