Art - KT#
ပွင့်နေတဲ့ အခန်းတံခါးထဲက
တာပလု
(မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၂၅
ညတညမှာ ဖိုးပြူးတို့ သားအမိသားဖသုံးယောက် ခရီးတခုကို စတင်လိုက်တယ်။ အဝေးပြေးကားစီးပြီး ခရီးသွားဖို့ဆိုတာ လသားအရွယ် ကလေးတယောက်အတွက်တော့ အခက်အခဲတွေ များစွာရှိပါတယ်။
ဒီခရီးစဉ်ကိုဖိုးပြူးဘာလို့ ရွေးချယ်ခဲ့တာလဲဆိုရင် အလုပ်တခုရဖို့အတွက် ဖြစ်ပါတယ်။ ယောက်ဖဖြစ်သူက စက်ရုံတခုမှာ အလုပ်လုပ်နေတယ်။ ယောက်ဖဆီကိုရောက်အောင်သွားမယ်။ ဟိုရောက်ရင်အလုပ်တခုလုပ်မယ်ပေါ့။
ထိုင်းနိုင်ငံမြောက်ပိုင်းကနေ ထိုင်းတောင်ပိုင်းကို ညပိုင်းအချိန်မှာပဲ ထွက်ခွာလာခဲ့ပါတယ်။ လသားအရွယ် ဖိုးပြူးသမီးလေးက ကလေးပီပီ အိပ်ခါနီး ကားပေါ်မှာ အသံပြဲကြီးနဲ့ အော်ငိုတာပေါ့။
ကလေးငိုသံနဲ့အတူပဲ ဖိုးပြူးတို့ ထိုင်းနိုင်ငံတောင်ပိုင်းက စက်မှုမြို့တော်ကိုရောက်လာကြပါတယ်။ ဖိုးပြူးက စီးလာတဲ့ကားရဲ့အပြင်ဘက်က စက်မှုမြို့တော်ရဲ့ပုံရိပ်တချို့ကို လိုက်ကြည့်ပါတယ်။ ကြီးမားကျယ်ပြန့်တဲ့ စက်ရုံတွေ၊ စက်ရုံရဲ့မီးခိုးခေါင်းတိုင်တွေကနေ အခိုးအငွေ့တလူလူထွက်နေတဲ့မီးခိုးတွေကိုလဲ ဖိုးပြူးမြင်နေရတယ်။
ဒီအခိုးအငွေ့တွေက ၂၄ နာရီ လည်ပတ်နေတဲ့ စက်ရုံတွေထဲကလာတာလားဆိုတာ ဖိုးပြူးတွေးပါတယ်။ စက်မှုမြို့တော်ကိုရောက်တဲ့အချိန်က မနက် ၄ နာရီ။ တညလုံးလည်ပတ်နေတဲ့ စက်ရုံတွေက နေ့ပိုင်းမှာလဲ နေ့ဆိုင်းအလုပ်သမားတွေနဲ့လည်ပတ်နေဦးမလားဆိုတာတော့ ဖိုးပြူးဘယ်သိနိုင်ပါ့မလဲ။
"ယောက်ဖ ဘယ်ရောက်နေပြီလဲ၊ တို့အိမ်ပြန်ရောက်နေပြီ" ညပိုင်းအလုပ်ဆင်းရတဲ့ ဖိုးပြူးယောက်ဖက မက်ဆင်ဂျာကနေ စာပို့ပြီးမေးပါတယ်။
ဖိုးပြူးက ခရီးအကွာအဝေးဘယ်လောက်ပဲလိုတော့တဲ့အကြောင်း google maps ကပြတဲ့အကွာအဝေးကိုပြန်ပြောပြလိုက်ပါတယ်။ မကြာခင်မှာဘဲ ဖိုးပြူးတို့သားအမိသားအဖ သုံးယောက် စက်မှုမြို့တော်ရဲ့ အဝေးပြေးကားဂိတ်ကိုဆိုက်ရောက်လာပါတယ်။
လယ်ပြင်ထဲထည်းထည်းကြီး အထပ်မြင့် အဆောက်အဦ ၃ ခုက မိုးတိုးမတ်တပ်ကြီးရပ်နေတယ်။ အဲ့ဒီအနီးအနားက တခြားအဆောက်အဦတွေက အဲ့ဒီအဆောက်အဦ ၃ ခုလောက် မိုးပေါ်ကို ထိုးထွက်နေတာမျိုးတော့ မဟုတ်ဘူး။
အဆောက်အဦ ၃ ခုက ၅ လွှာရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေဖြစ်ပါတယ်။ အနီးအနားမှာတော့ ၂ လွှာလောက်မြင့်တဲ့ လူနေတိုက်ခန်းတွေရှိတယ်။ အဲ့ဒီနေရာတွေက ထိုင်းနိုင်ငံသားတွေ နေထိုင်ကြပါတယ်။
၅ လွှာရှိတဲ့ အထပ်မြင့်တိုက်ခန်းတွေမှာတော့ မြန်မာနိုင်ငံကလာတဲ့ ရွှေ့ပြောင်းလုပ်သားတွေ နေထိုင်ကြပါတယ်။ ထိုင်းလူမျိုးတွေကလည်း အဲ့ဒီနေရာကို မြန်မာနိုင်ငံသားတွေ နေကြတဲ့နေရာလို့ပဲ သိထားကြပါတယ်။
"ယောက်ဖရယ် ဒီနေရာလာဖို့ဆိုတာ အခန်းကြိုရှာထားမှကောင်းတာ။ နောက်မဟုတ်ရင် နေစရာတနေရာရဖို့ဆိုတာမလွယ်ဘူး" အငယ်ကောင်က ဖိုးပြူးကို ငြီးငြီးတွားတွားနဲ့ပြောပြတယ်။
ဖိုးပြူးတို့က ဒီနေရာကိုရောက်လာတာ နေရာစရာအခန်းတခန်းရဖို့၊ အခန်းရရင် အလုပ်တခုရဖို့အစီအစဉ်နဲ့ရောက်လာကြတာပါ။
"အခန်းမရတဲ့အတူတူ ငါတို့လဲပြန်တာပေါ့။ စိတ်ထဲမထားပါနဲ့၊ စိတ်မကောင်းလဲမဖြစ်နဲ့" လို့ သုံးရက်လောက်အခန်းရှာလို့အပြီးမှာ ဖို့ပြူးကအငယ်ကောင်ကို ပြောတော့ သူဘားမှပြန်မပြောတော့ဘူး။
ယောက်ဖဖြစ်သူက သူ့ဆီကိုအားကိုးတကြီးရောက်လာပြီး သူတခုခုမလုပ်ပေးနိုင်တာကို မချင့်မရဲဖြစ်နေပုံရပါတယ်။ နောက်ထပ်ဘာနည်းလမ်းရှိနေဦးမလဲဆိုတာ စဉ်းစားခန်းဖွင့်နေပုံရတယ်။
"ဒီတခါ အိမ်ပြန်ရင် ထိုင်းကိုပြန်မလာတော့ဘူး။ အိမ်မှာအဲ့လောက်အလုပ်လုပ်ရင် သူဌေးဖြစ်တာကြာပြီ" လို့ အငယ်ကောင်ကပြောပါတယ်။
အိပ်ရေးပျက်တဲ့ဒဏ်၊ အလုပ်ထဲမှာ အလုပ်ပင်ပန်းဒဏ်တွေက အငယ်ကောင်ကို ကုတ်ပိုးခွစီးထားတယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။
အငယ်ကောင်တို့ နေ့နဲ့ည မှားနေတာ ကြာပြီ။ ထိုင်းနိုင်ငံကိုရောက်လာတဲ့ တနှစ်ကျော်အတွင်းမှာ နေ့ဘက်ကအိပ်ချိန်၊ ညဘက်က အလုပ်ချိန်။ သူတို့အလုပ်သိမ်းချိန်က မနက် ၄နာရီ။
နေနဲ့ညမှားနေတယ်လို့ ပြောရအောင်လဲ မွေးကင်းစကလေးသူငယ်တွေ မဟုတ်ပြန်ဘူး။ အရွယ်ရောက်ပြီးသား လူငယ်တွေ။ အရွယ်ရောက်ပြီးလို့တောင် အိမ်ထောင်ရက်သား ကျပြီးဖြစ်တဲ့ သူတွေလဲဖြစ်ပါတယ်။
"ပရိုမိုးရှင်းကျတဲ့ရက်ဆို အရမ်းပင်ပန်းတာ၊ ယောက်ဖအလုပ်စဆင်းမယ်ဆို ၁၆ ရက်နောက်ပိုင်းမှဆင်းတာကောင်းတယ်။ ဘာလို့လဲဆိုတော့ ဝင်ဝင်ချင်းအလုပ်ဒဏ်ပိပြီး အလုပ်ဆင်းချင်စိတ်ပြောက်သွားမှာ"လို့ အငယ်ကောင်းက ဖိုးပြူးကိုပြောပြတယ်။
"ယောက်ဖထထ ဘီယာသောက်မယ်"
"မနက်အစောကြီး ဘီယာသောက်မှာလား"
"ဟုတ်တယ်လေ၊ ဒီအချိန်လေးပဲ သောက်ရတာ၊ သောက်ပြီးအိပ်၊ အိပ်ယာနိုးတာနဲ့ အလုပ်ထဲပြန်သွားရမှာ"
"မနက် ၄နာရီဆိုတာ အလုပ်သိမ်းချိန်ဆိုတာတော့ဟုတ်ပါပြီ၊ အရက်သောက်ချိန်၊ ဘီယာသောက်ချိန်ဆိုတာကြီးကတော့ မဟုတ်သေးဘူးထင်တယ်ကွ"
ဖိုးပြူးတို့ သမီးယောက်ဖ တယောက်တခွန်းပြောနေကြသံကို အပြင်ကတယောက်ယောက်က ကြားနိုင်မယ်မထင်ပါဘူး။
ကြားရင်လဲ ကိစ္စမရှိဘူး။ ဒီတိုက်ခန်းတွေထဲ နေကြတဲ့သူတွေက မနက် ၄ နာရီအချိန်ကြီး ဘီယာသောက်တာ၊ အရက်သောက်တာက အဆန်းကြီးမဟုတ်တော့ပါဘူး။ ညပိုင်းအလုပ်ဆင်းချိန်တွေက မနက် ၄ နာရီမှ အခန်းပြန်ရောက်ကြလို့ပဲဖြစ်ပါတယ်။
ရန်ကုန်လမ်းမတွေပေါ် ညအချိန်တွေတချို့ကို ပြန်ပြီးသတိရနေကြဦးမှာပါ။ ဖိုးပြူးတို့ အငယ်ကောင်တို့က ညနေအလုပ်သိမ်းချိန်ကစပြီး အရက်ဝိုင်း၊ဘီယာဝိုင်း ဝိုင်းထိုင်ကြတာမျိုး ရှိခဲ့ကြတယ်။
အငယ်ကောင်တို့က ညပိုင်းအလုပ်တာဝန်ကျရင်တောင် ည ၁၂ နာရီကျော်တဲ့အချိန်ဆို အလုပ် သိမ်းချိန်ပါ။ အလုပ်ချိန်ကို လွန်ရောကျွံရောမှ ည ၁၂ နာရီထိုးအထိပါပဲ။
အခုထိုင်းနိုင်ငံမှာ အလုပ်လုပ်ရတဲ့အချိန်က မနက် ၄ နာရီးထိုးတော့မှ ကျောတခင်းစာနေရာကိုပြန်ရောက်လာကြတာဖြစ်ပါတယ်။
နံနက်ခင်းအလင်းရောင်ကို အငယ်ကောင်တို့ဇနီးမောင်နှံကြောက်ကြတယ်။ လောကတခွင်လုံး အလင်းရောင်ကြီးစိုးနေချိန်မျိုးမှာ အငယ်ကောင်တို့အခန်းက မှောင်နေပါတယ်။ အခန်းမှောင်နေဖို့အတွက် တံခါးပေါက်တွေကိုအလုံပိတ်ထားတယ်။ တံခါးပေါက် ဟနေတဲ့နေရာတွေကိုတောင် ဖော့တွေနဲ့ ကြားညှပ်ပြီး အခန်းလုံအောင်လုပ်ပြီးမှ အိပ်ကြတာ။
သူတို့အိပ်ချိန်က နေ့အချိန်။ နေ့အချိန်မှာ အခန်းမှောင်အောင်မထားရင် စိတ်ဖြောင့်ဖြောင့်အိပ်လို့ မရကြလို့ပဲဖြစ်ပါတယ်။
အငယ်ကောင်တို့ ဇနီးမောင်နံအလုပ်သွားဖို့ပြင်ဆင်နေကြတယ်။ နေ့လယ် ၁ နာရီအိပ်ရာကထတယ်။ ရေမိုးချိုး ထမင်းဗူးထည့်တယ်။ ဟင်းချက်ထားတာ။ ကြိုဝယ်ထားတာမရှိရင် လက်ဖက်သုပ်ပဲ ထမင်းဗူးထဲ ထည့်လိုက်ကြတာပဲ။
တနေ့တာရဲ့ လုပ်ငန်းခွင်ဝင်ချိန်က နေ့တဝက်ကျိုးနေပါပြီ။ သူတို့အခန်းကိုပြန်ရောက်ဖို့က နောက်တနေ့မနက်မှပါ။
"ပစ္စည်းတွေက အသေးစားလေးတွေကစပြီး ရေခဲသေတ္တာလိုအရာတွေလဲ ပါကင်ထုပ်ပေးရတာ။ တချို့ဆို အင်ဂျင်တုံးတွေတောင်ပါတယ်" အငယ်ကောင်ကအလုပ်ထဲမှာ သူဘာတွေလုပ်ရလဲဆိုတာကို ဖိုးပြူးကိုပြောပြပါတယ်။
ထိုင်းနိုင်ငံမှာ ဈေးဝယ်ရတာတန်တယ်ဆိုတဲ့ မှတ်ချက်တွေကိုကြားရမှာပါ။ Lazada ၊ TikTok Shop လိုနေရာတွေမှာ အပြေးအလွှား ဈေးဝယ်ကြပါတယ်။ အခုလိုဘာလို့ အားထားဝယ်ယူကြတာလဲဆိုရင် အပြင်မှာရောင်းတဲ့ ရောင်းဈေးထက်သက်သာနေလို့ပါပဲ။
ဆန်၊ ဆီ၊ ဆားကစပြီး ကားအင်ဂျင်တုံးတွေပါအစ အွန်လိုင်းကနေ မှာယူအသုံးပြုကြတာ တွင်တွင်ကျယ်ကျယ် ရှိလှတယ်လို့ ပြောလို့ရပါတယ်။
"ပစ္စည်းအကြီးတွေကို ပါကင်ထုတ်ရတဲ့အခါ အရမ်းပင်ပန်းတာ၊ ကားပေါ်လဲထမ်းတင်ပေးရတယ်။ မိန်းကလေးတွေကသက်သာတယ်။ Scan ဖတ်ပေးတာလောက်လုပ်ရတာ"လို့ အငယ်ကောင်ကလုပ်ထဲကအကြောင်းတွေကို ဖိုးပြူးကိုဖောက်သည်ချပါတယ်။
ယောက်ဖဖြစ်သူ အလုပ်ရရင် ပင်ပင်ပန်းပန်းအလုပ်ကို လုပ်နိုင်ပါ့မလားဆိုတာလဲ သူစိုးရိမ်ပါတယ်။ ဖြစ်နိုင်ရင် ဒီအလုပ်မျိုးတော့ အငယ်ကောင်က မလုပ်စေချင်ပါဘူး။
အလုပ်တခုစလုပ်ရင် ပွဲစားဆိုတဲ့သူကို စမတ်ကြေးပေးရတာကလဲ မတန်တဆပေးရတာ။ အထောက် အထားအတွက် ပေးရတာ၊ အလုပ်စမတ်ကြေးအတွက် ပေးရတာတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဝန်ပိနေကြရတာဖြစ်ပါတယ်။ အလုပ်တခုကို တာရှည်မလုပ်နိုင်ရင် ပေးထားတဲ့ငွေတောင် ပြန်ရမှာမဟုတ်ဘူးဆိုတာ အငယ်ကောင်ကသိနေတာပေါ့။
အငယ်ကောင်တို့နေတဲ့အဆောင်ကို ဝင်လိုက်တယ်ဆိုရင်ပဲ အနီရောင်စာလုံးတွေနဲ့ ထိုင်းဘာသာနဲ့ မြန်မာဘာသာရေးသားထားတဲ့ အဆောင်စည်းကမ်းတွေကို ချိတ်ဆွဲထားပါတယ်။
အဆောင်စည်းကမ်းများအသစ်။ ပတ်ဝန်းကျင် စိတ်အနှောက်အယှက်မဖြစ်စေရန် အသံမကျယ်ရ။ ရန်မဖြစ်ရ၊ အကယ်၍ဖြစ်ခဲ့ပါက နှစ်ဦးစလုံး မောင်းထုတ်မည်။
ရေပိုက်အတွင်းသို့ အမှိုက်များမပစ်ရ။ ကွမ်းတတွေးများ လှေကားဘောင်များတွင် မထွေးရ။ငရုပ်သီးထောင်းတဲ့အချိန်မှာ ကြက်သား၊ ဝက်သားခုတ်သည့်အချိန်များတွင် အောက်မှာအဝတ်ထူထူ ခံပြီးမှပြုလုပ်ပါ။
အမှိုက်အိတ်များ ယူဆင်းလာတဲ့အခါ အိတ်ကနေ ရေတွေကျနေမယ်ဆို ကိုယ့်ဘာသာရေပြန်သုတ်ရမည်။ အခန်းရှေ့တွင် အမှိုက်များထားမည်ဆိုပါက ဖိနပ်စင်ပေါ်မှာထားရမည်။ အဆောင်အတွင်း တိရစ္ဆာန်များ မွေးမြူခြင်းမပြုရ။ သန့်ရှင်းရေးအတွက် ဝိုင်းကူညီပါ။ အခန်းခတွေကို လစဉ် ၅ ရက်နေ့ထက် မကျော်ရ၊ ကျော်ရင် ဘတ် ၁၀၀ပေးရမည်။
အခန်းအတွင်းမှာ ရေပိုက်များပိတ်ဆို့ခဲ့မည်ဆိုပါက ပြုပြင်ခ ဘတ် ၂၀၀ ကနေ ၄၀၀ အထိပေးရမည်။ ပတ်စပို့စ်၊ စာရွက်စာတမ်းရှိသူများလက်မခံပါ။
အဆောင်ဝင်ပေါက်ထွက်ပေါက်တွင် မထိုင်ရ။ အဆောင်ရဲ့အခန်းများကို အဆောင်မှူးမသိဘဲနဲ့ ကိုယ့်စိတ်တိုင်းကျလှဲလယ်ခွင့်မပြု။
"ဘယ်လိုဖြစ်တာတုန်း အငယ်ကောင်ရ ပတ်စပို့စ်၊ စာရွက်စာတမ်းရှိသူများလက်မခံပါ ဆိုတာငါတို့က တည်းလို့မရဘူးလား"
"စာရိုက်တဲ့သူမှားရိုက်ထားတာ၊ အမှန်က ပတ်စပို့စ်၊ စာရွက်စာတမ်းမရှိသူများလက်မခံပါလို့ပြောချင်တာ"
အငယ်ကောင်တို့အဆောင်မှာ အဆောင်နေ စည်းကမ်းချက်တွေက ရေးထားတာသာရှိတာပါ။ လိုက်နာကြသလားဆိုတော့လဲ မဟုတ်ပြန်ဘူး။ ကွမ်းသွေးတွေ ထွေးချင်တိုင်း ထွေးထားတာဖြစ်ပါတယ်။
အခန်းထဲမှာ လူတချို့က ကြပ်ကြပ်ညပ်ညပ်နဲ့ပဲ အိပ်နေကြပါတယ်။ အခန်းအပြင်က လမ်းလျှောက်သံ၊ သီချင်းဆိုသံ၊ စကားပြောသံတွေကို ကြားရပုံမရပါဘူး။ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်နေကြတာပါ။ သူတို့တွေဘာလို့များ အဲ့လောက်အထိ အိပ်နေကြတာလဲဆိုရင် အိပ်ရေးပျက်ထားကြလို့ပဲနေမှာပါ။
လူတယောက်ဟာ ရက်ဆက်အိပ်ရေးပျက်တဲ့အခါ တနေရာရာမှာ ဝင်ပြီးထိုးအိပ်လိုက်မှာသေချာပါတယ်။ ဒီလိုအိပ်တဲ့အချိန်မှာ တော်ရုံအသံကတော့ အဲ့ဒီလူကိုလှုပ်နိုးလို့ ရနိုင်မှာမဟုတ်ပါဘူး။ ဒီအခန်းထဲမှာ အိပ်မောကျနေကြတဲ့သူတွေလဲ အိပ်ရေးပျက်ထားကြတဲ့သူတွေဖြစ်မှာသေချာပါတယ်။
အငယ်ကောင်တို့လို ညပိုင်းအလုပ်ဆင်းကြတဲ့သူတွေဟာ အခုလိုပဲနေ့အချိန်မှာ နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်နေကြမှာပါ။ လေဝင်လေထွက်မရှိတဲ့ အခန်းထဲမှာ နေကြရတာဆိုတော့ အခန်းအဝင်အထွက်လုပ်ရတဲ့ တံခါးမကိုဖွင့်ပြီး အိပ်နေကြတာပါ။ ပူလောင်တဲ့ဒဏ်ကို နည်းနည်းလောက်တော့ သက်သာရာရစေမှာပေါ့။
သူတို့တွေက အငယ်ကောင်တို့လို မြန်မာနိုင်ငံသားတွေပါ။ ရေခြားမြေခြားအရပ်မှာ အခုလိုပဲ ရှင်သန်နေကြရတာမျိုးပေါ့။
ဖိုးပြူးတို့ကို အဆောင်ရှင်က ထိုင်းဘာသာစကားနဲ့ပြောနေတာ။ သူ့စကားနားမလည်တော့ ဘာပြောမှန်းတော့မသိခဲ့ဘူး။ စကားပြန်ပေးနိုင်တဲ့သူ အနားရောက်တာနဲ့ ကြုံကြိုက်လို့ အဲ့ဒီလူကပဲ စကားပြန်လုပ်ပေးပါတယ်။
အဆောင်ရှင်ထိုင်းအမျိုးသမီးက ကလေးငယ်တွေဒီနေရာမှာနေလို့မရဘူး။ ကလေးငယ်တွေဆိုတာ ငိုတတ်တယ်။ ငိုသံကြောင့်တခြားသူတွေ အနှောက်အယှက်ဖြစ်နိုင်တယ်။ ဒီနေရာမှာ ဖို့ပြူးတို့ ရေရှည်နေဖို့ဘယ်ဖြစ်ပါ့မလဲ။
မနက်ခင်းရဲ့ ရောင်နီအစမှာပဲ ဖိုးပြူးတို့ သားအမိသားအဖတွေ အခန်းကျဉ်းလေးတွေကနေ တနေရာကို သွားကြဖို့ ထွက်လာခဲ့ပါတော့တယ်။ အငယ်ကောင်တို့ကတော့ အဲ့ဒီနေရာမှာပဲ ကျန်နေခဲ့ကြတယ်။ သူတို့တွေ လက်ရှိလုပ်နေကြအလုပ်ကို လုပ်ကြရဦးမှာပါ။ အလုပ်ကအပြန် အခန်းကျဉ်းလေးထဲ တရေးတမောအနားယူပြီး စက်ရုံထဲ အလုပ်ဆင်းကြရဦးမှာဖြစ်ပါတယ်။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar
