သီအိုဇော် - ကျားဖြန့်ပါဝင် ပတ်သက်နေသည့် ကမ္ဘာ့ငွေကြေးလိမ်လည်မှု အတိမ်အနက်
သီအိုဇော် - ကျားဖြန့်ပါဝင် ပတ်သက်နေသည့် ကမ္ဘာ့ငွေကြေးလိမ်လည်မှု အတိမ်အနက်
မိုးမခ ၊ နိုဝင်ဘာ ၂၄ ၊ ၂၀၂၅
ပင်လယ်သမုဒ္ဒရာ ရေမျက်နှာပြင်ထက် ပေါ်နေတဲ့ ရေခဲတုံးရဲ့ အောက်မှာ၊ ထုထည်ကြီးမားလှတဲ့ ရေခဲကျောက်ဆောင်ကြီး ရှိတဲ့အကြောင်း ပုံဖော် ပြောဆိုကြသလိုမျိုးပါပဲ။ ကျားဖြန့်ဆိုင်ဘာ ငွေလိမ်လည်မှု အကြောင်းတွေက နက်နက်ရှိုင်းရှိုင်း ဖြစ်ပွါးနေတဲ့ ကမ္ဘာ့ငွေကြေးလိမ်လည်မှုကို ပိုပြီးသတိရှိလာစေပါတယ်။ ပိုတင်းကျပ်လာမယ့် စောင့်ကြည့်မှုတွေနဲ့အတူ ဘဏ္ဍာငွေကြေးစနစ်အတွင်း အရေးယူ အပြစ်ပေးမှုတွေလည်း လိုက်ပါလာပါလိမ့်မယ်။
ကမ္ဘာနဲ့ချီပြီး စပြောလိုက်ကတည်းက မီလီယံ ဒါမှမဟုတ် ဘီလီယံ အနည်းအကျဉ်းလောက် မဟုတ်နိုင်တော့တာကို သတိပြုမိကြမယ် ထင်ပါတယ်။ ငွေကြေးလိမ်လည်မှုအကြောင်းတွေ ပြောကြတဲ့အခါ ဒေါ်လာ ဘီလီယံလောက် ဆိုတာနဲ့ များလိုက်တာ ဆိုတဲ့အတွေး ဝင်လာနိုင်ပါတယ်။ ကျားဖြန့်အကြောင်း သတင်းတွေ တွေ့မြင်ရတဲ့အခါမှာတော့၊ အံ့အားသင့်စရာ ဘီလီယံချီ လိမ်လည်ခိုးယူမှုတွေ ဆိုတာ သိလာရပါတယ်။ ဘီလီယံပေါင်း ပိုများလာလေလေ၊ ပိုအံ့ဩရလေလေ ဖြစ်လာရသလို၊ အမှုကိုလည်း ပို အာရုံစိုက်လာကြပါတယ်။
အခု ကိုးကားရေးသားမှာက ဘီလီယံယူနစ် မဟုတ်ဘဲ၊ ဘီလီယံပေါင်း ထောင်နဲ့ချီတဲ့ ထရီလီယံ ကမ္ဘာ့ငွေကြေးလိမ်လည်မှု ဖြစ်ပါတယ်။ မသေမချာ ကိန်းဂဏန်းတွေနဲ့ အမှု မကြီး ကြီးအောင် ပုံကြီးချဲ့ ပြောဆိုတာမျိုး မဟုတ်တဲ့အကြောင်းကိုလည်း ပြသနိုင်ဖို့ အရေးကြီးပါတယ်။
ကျားဖြန့်ကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူတွေဟာ ဒီပြဿနာရဲ့ အတိမ်အနက်ကို ရိပ်ရော ရိပ်စားမိရဲ့လားလို့ မေးခွန်းထုတ်ရလောက်အောင် ‘ကျားဖြန့်ဆိုတာ ဘာမှန်းမသိပါဘူး၊ ကိုယ်ပျောက်သမားတွေလား’ စသဖြင့် အရပ်ပြောစကားတွေနဲ့ ပြန်တုံ့ပြန်နေတာကို သတိပြုမိပါတယ်။ ဒေါ်လာထရီလီယံ ဆိုတဲ့ ကိန်းဂဏန်းက ချဲ့ကားထားတာ မဟုတ်ပါဘူး၊ ကျားဖြန့်လုပ်ငန်းကိုပါ ထည့်သွင်းစဉ်းစားရတဲ့ ငွေကြေးလိမ်လည်မှု အရှုပ်တော်ပုံကြီးဟာ တနှစ်စာအတွက်ကိုပဲ ဒေါ်လာထရီလီယံနဲ့ ချီပါတယ်။
ဒေါ်လာထရီလီယံ ဆိုတဲ့ကိန်းဂဏန်းကို၊ ယုံကြည်စိတ်ချရတဲ့ အစီရင်ခံစာကနေ ကိုးကားထားတာပါ။ ဒီအချက်အလက်တွေကနေ ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းကြီးတွေရဲ့ ငွေကြေးလိမ်လည်မှုတွေအပေါ် မပြတ်စောင့်ကြည့်လေ့လာနေကြတွေတာကို သတိ ပြုမိကြပါလိမ့်မယ်။
အခုခေတ်မှာ အွန်လိုင်းလိမ်လည်မှုကနေ ခိုးယူရရှိတဲ့ ငွေကြေး ဆိုတာတွေက ပဝေသဏီကလို ပိုက်ဆံအစည်းလိုက်ကို လိမ်၊ ငွေထုပ်ကြီး ထမ်းပြီး ခြေရာဖျောက်လို့ ရတာမျိုး မဟုတ်ပါဘူး။ ငွေပေးငွေယူ အဝင်အထွက်စာရင်းတွေက နောက်ကြောင်းပြန် လိုက်ယူလို့ရတဲ့ နည်းပညာခေတ်ပါ။
အခုကိုးကားပြောဆိုမှာကလည်း ကမ္ဘာ့အဆင့်မြင့် နည်းပညာနဲ့ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှု ထိပ်သီးကုမ္ပဏီကြီးများ ပါဝင်တဲ့ အဖွဲ့အစည်းရဲ့ စောင့်ကြည့်တွေ့ရှိထားတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။
တကယ်က ဒီထရီလီယံ ကိန်းဂဏန်းရလာတဲ့ အစီရင်ခံစာမှာ Google ၊ Microsoft Meta ၊ Amazon ဆိုတဲ့ အမည် ၄ ခု ပါတယ် ဆိုရင်ပဲ၊ အလွတ်သဘော မှန်းဆရရှိလာတဲ့ ဒေတာတွေ မဟုတ်မှန်း သိနိုင်ပါတယ်။ ပိုယုံကြည်မှုရအောင် ထပ်ဖြည့်ပြောပါဦးမယ်။ VISA ၊ Mastercard ၊ Lloyds Banking Group တို့လည်း ပါဝင်ပါတယ်။ ဒါဆိုရင် နည်းပညာနဲ့ ဘဏ္ဍာငွေကြေး ကျွမ်းကျင်မှု ဘယ်လိုအဆင့်ရှိတဲ့သူတွေ၊ ဘယ်လောက်အထိ အတွင်းကျကျ စုံစမ်းထောက်လှမ်းနိုင်တဲ့သူတွေ ဒီအစီရင်ခံစာအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်ဆိုတာ ပေါ်လွင်လောက်ပါပြီ။
ဒါတင်ပဲလားဆိုတော့ ကျန်နေပါသေးတယ်။ ChatGPT ရဲ့ မိခင်ကုမ္ပဏီ openAI အပြင်၊ ဒေါ်လာ ၁၄ ထရီလီယံ တန်ဖိုး စျေးကွက်တင်ထားတဲ့ ထိပ်တန်း စတော့မတ်ကက်အိတ်ချိန်း Nasdaq တို့ကိုလည်း ထပ်ဖြည့်ဦးမှာပါ။ နာမည်ကြီး ထိပ်တန်းကုမ္ပဏီစာရင်းတွေ ချရေးနေသလိုမျိုး ဖြစ်သွားမှာစိုးလို့၊ တခြား ထင်ရှားလူသိများတဲ့ အမှတ်တံဆိပ်တွေ ချန်ထားခဲ့ရပါသေးတယ်။ ဒါဆိုရင်တော့ ဒီဧရာမ မဟာနည်းပညာနဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ ပါဝင်တဲ့ အဖွဲ့အစည်းက ဖော်ထုတ်တွေ့ရှိထားတဲ့ ထရီလီယံ ကိန်းဂဏန်းအပေါ် ယုံကြည်မှုရှိသင့်ပြီလို့ ယူဆပါတယ်။
ဒီမဟာစီးပွားရေး လုပ်ငန်းစုကြီးတွေ စုပေါင်း တည်ထောင်ထားတဲ့ Global Anti-Scam Alliance (GASA) ဆိုတာ ရှိပါတယ်။ ဒီအဖွဲ့အစည်းကို ပေးထားတဲ့ အမည်အရဆိုရင် တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေတဲ့ လိမ်လည်မှုတွေကို တိုက်ဖျက်ဖို့ မဟာမိတ်ဖွဲ့ထားတာလို့ နားလည်နိုင်ပါတယ်။ GASA ရဲ့ အစီရင်ခံစာထဲက အချက်အလက်ကို ကိုးကားလိုတဲ့အတွက်၊ GASA အကြောင်း နိဒါန်းပျိုးနေရတာလည်း ဖြစ်ပါတယ်။
အခုအစီရင်ခံစာက GASA တခုတည်းက စုံစမ်းဖေါ်ထုတ်ထားတာ မဟုတ်ပါဘူး။
GASA နဲ့ ဉာဏ်ရည်တု နည်းပညာ အသုံးပြုပြီး ငွေကြေးလိမ်လည်မှု အန္တရာယ် လျော့နည်းစေဖို့ ၊ စစ်ဆေးတားဆီးကာကွယ်ရေးလုပ်ငန်းများ စီမံဆောင် ရွက်နေတဲ့ Feedzai တို့ ပူးပေါင်းပြီး Global State of Scam Report ကို ရေးသားပြုစုထားပါတယ်။ Feedzai ဆိုတာကလည်း နိုင်ငံ ၁၉၀ ခန့်က အသုံးပြုသူ တစ်ဘီလီယံဝန်းကျင်ရဲ့ နှစ်စဉ် ငွေကြေးပေးချေမှု တန်ဖိုး ဒေါ်လာ ၆ ထရီလီယံကို စီမံခန့်ခွဲပေးနေတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့အစည်းပါ။ ဘဏ္ဍာငွေကြေး စီမံခန့်ခွဲမှုနယ်ပယ်က သူတွေအတွက်တော့ မျက်စိယဉ်နေတဲ့ ထိပ်တန်းကုမ္ပဏီကြီးလို့ ပြောနိုင်ပါတယ်။
GASA နဲ့ Feedzai ပြုစုထားတဲ့ အဲဒီအစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်းမှာ ငွေကြေးလိမ်လည်မှုတွေကနေ ဒေါ်လာ ၁.၀၃ ထရီလီယံ ဆုံးရှုံးခဲ့တယ်လို့ သိရှိရပါတယ်။ ခုနှစ် တခုတည်းအတွက် လိမ်လည်ခိုးယူခံရတဲ့ ဒီငွေကြေးပမာဏဆိုတာ ဟုတ်မှ ဟုတ် နိုင်ပါ့မလား ဆိုတဲ့ အတွေးပေါ်လာနိုင်တဲ့အတွက် GASA နဲ့ Feedzai အကြောင်း ရှေ့မှာ ကြိုပြီး ဖော်ပြထားခဲ့ရတာပါ။ ငွေကြေးလိမ်လည်မှု ပြဿနာတွေမှာ ကိန်းဂဏန်း အတိအကျ ရရှိဖို့က ခက်ခဲနိုင်ပေမဲ့၊ ဒီလိုအဖွဲ့အစည်းကြီး ၂ ခု ပူးပေါင်းအားထုတ် ထားတဲ့ အစီရင်ခံစာက လက်တွေ့နဲ့ အတော်လေး နီးစပ်မယ်လို့ ယူဆနိုင်ပါတယ်။
ငွေကြေးဆုံးရှုံးမှုနဲ့ ပတ်သက်ရင် ဆုံးရှုံးကြသူများဘက်က ရာခိုင်နှုန်းပြည့် တိုင်ကြားလေ့ မရှိတဲ့အတွက်၊ ဒီပမာဏထက် များပြားနိုင်တယ်လို့တောင် တွက်ဆလို့ ရနိုင်ပါတယ်။ အခုဖေါ်ပြတဲ့ ငွေကြေးပမာဏကို ပိုမြင်သာအောင်နှိုင်းယှဉ်ပြောရရင် အာဆီယံနိုင်ငံတွေထဲက အချမ်းသာဆုံးလို့ သတ်မှတ်ခံရတဲ့ စင်ကာပူနိုင်ငံရဲ့ ၂၀၂၄ ခုနှစ် ဂျီဒီပီ ၂ဆနီးပါး ရှိတယ် ဆိုရင်ပဲ၊ ဒီငွေကြေးလိမ်လည်မှု ပြဿနာက ဘယ်လောက်အထိ ကြီးမားပြီး၊ နိုင်ငံတကာက ဖော်ထုတ်နိုင်ဖို့ မပြတ်စောင့်ကြည့်နေတဲ့ အရေးကြီး ပြဿနာတရပ်ဆိုတာ သိသာပါတယ်။
ဒီလိမ်လည်မှုတွေ အားလုံးက အရှေ့တောင်အာရှ အခြေပြု ကျားဖြန့်တွေကြောင့်လို့ မပြောနိုင်ပေမဲ့၊ ကျားဖြန့်လုပ်ငန်းကြောင့် ခိုးယူခံရတဲ့ ငွေကြေးတွေလည်း ဒီပမာဏထဲ ပါဝင်ပါလိမ့်မယ်။ ကျားဖြန့်ကြောင့်တကမ္ဘာလုံး အနေနဲ့ ဆုံးရှုံးရတဲ့ ငွေကြေးတွေက ဒေါ်လာ ၆၃.၉ ဘီလီယံ (၂၀၂၃) ရှိတယ်လို့ USIP က ဖော်ပြခဲ့ပြီး အမှန်က ဒီခန့်မှန်းချက်ထက် ပိုနိုင်တယ် ဆိုတဲ့ အကြောင်း အရင်ကျားဖြန့်ဆောင်းပါးမှာ ရေးခဲ့ဖူးပါ တယ်။
ကမ္ဘာတဝန်းမှာ ဖြစ်ပျက်နေတဲ့ ငွေကြေးလိမ်လည်မှုတွေကတော့ ‘ကျားဖြန့်’ သတင်းတွေထဲကလို ကိန်းဂဏန်း နေရာ ၂ လုံးထက် များစွာကြီးမားနေပါတယ်။ ဒါ့ကြောင့် ကျားဖြန့်လုပ်ငန်းမှာ ကဏ္ဍစုံကနေ ပါဝင်ပတ်သက်နေကြသူတွေအနေနဲ့ သူတို့ပတ် သက်နေတဲ့ ငွေကြေးလိမ်လည်မှု ပြဿနာကြီးကို ရှင်းလင်းအောင် သိမြင်ထားဖို့ လိုအပ်ပါတယ်။ သူတို့ တိုးဝင်နေမိတာက သာမန်မုန်တိုင်းကြောင့် ဖြစ်ပေါ်တဲ့လှိုင်းသက်သက် မဟုတ်ဘဲ ဧရာမ ဆူနာမီလှိုင်းကြီးတွေ ကြားကိုပါ။
ဒီလိုအမှုအခင်းတွေကိုလည်း ထိပ်တန်းနည်းပညာကုမ္ပဏီတွေ၊ နိုင်ငံတကာဘဏ် အဖွဲ့အစည်းကြီးတွေ၊ ဉာဏ်ရည်တုကုမ္ပဏီ တွေက စောင့်ကြည့်အကဲခတ်လေ့လာပြီး ဖြစ်တာကို ပေါ်လွင်စေချင်တဲ့အတွက် GASA-Feedzai အစီရင်ခံစာကို ထုတ်နုတ် ဖေါ်ပြနေခြင်း ဖြစ်ပါတယ်။ တခုတော့ရှိပါတယ် သူတို့တတွေက ပုဂ္ဂလိကအဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်၊ ဥပဒေနဲ့ စီရင်တည့်မတ်ပေးဖို့ အခက်အခဲ ရှိတာကလည်း အရှိတရားပါပဲ။
အခုဆိုရင် ကျားဖြန့်အတွက် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံရဲ့ ထိပ်တန်း ဖက်ဒရယ် အေဂျင်စီများနဲ့ လတ်တလော ဖွဲ့စည်းထားတဲ့ Scam Center Strike Force ဆိုတာ အသက်ဝင်လာပါပြီ။ ဖွဲ့စည်းလေ့ရှိတဲ့ StrikeForceများရဲ့ ထုံးစံအတိုင်း အမှုအခင်းများစုံစမ်းဖေါ်ထုတ်ရေးကအစ၊ ပြစ်ဒဏ်ချ တရားစီရင်ရေးအထိ လုပ်ဆောင်နိုင်မယ့် အထူးအေဂျင်စီတွေ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာပါ။
ယေဘုယျပြောရရင်တော့ Strike Force အမည်ရ အဖွဲ့အစည်းတိုင်းလိုလိုဟာ သူပစ်မှတ်ထားတဲ့ အမှုကိစ္စတွေကို စုံစမ်းစစ်ဆေးခဲ့ရုံသာမက၊ ပြစ်ဒဏ်စီရင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ဒီသဘောသဘာဝရှိတဲ့ အဖွဲ့မျိုးဟာ မည်ကာမတ္တ လူကြားကောင်းအောင် ဖွဲ့စည်းထားတာမျိုး မဟုတ်ဘူးဆိုတာကို ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက် နေတဲ့သူတွေအားလုံး သိထားဖို့ လိုအပ်ပါတယ်။
အဲဒီလို အင်အားကြီးတဲ့ လုပ်ငန်းစုကြီးတွေနဲ့ လုပ်ပိုင်ခွင့်အာဏာရှိတဲ့ Scam Center Strike Forceတို့ တကယ်တမ်းသာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ရင် ကျားဖြန့်ရာဇဝတ်ဂိုဏ်းရော ၊ အကျိုးတူ ပူးပေါင်းလုပ်နေတဲ့သူတွေရော ကွင်းဆက်တွေ အားလုံးဖော်ထုတ်နိုင်မှာ သံသယ ရှိစရာ မလိုပါဘူး။
ဒီရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ အမေရိကန်ကွန်ဂရက် အဆင့်မြင့် ကြားနာပွဲမှာလည်း ကျားဖြန့်လုပ်ငန်းအကြောင်း ပါဝင်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ ကျားဖြန့်မှုခင်းတွေကို ထဲထဲဝင်ဝင် စစ်ဆေးစီရင်မယ် ဆိုတဲ့ အမေရိကန်အစိုးရရဲ့ နိုင်ငံရေးစိတ်ဆန္ဒပေါ် ကိုပဲ အဓိက မူတည်ပါလိမ့်မယ်။
အမေရိကန်အစိုးရတွေအနေနဲ့ သူတို့နိုင်ငံသားများရဲ့ လုံခြုံရေးနဲ့ အကျိုးစီးပွားကို ရှေ့တန်းတင် ကာကွယ်ပေးလေ့ ရှိကြပါတယ်။ ဟောလိဝုဒ် အက်ရှင်ဇာတ်ကားဆန်ဆန် ဝင်ရောက်စီးနင်း ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးတော့ ရုတ်ချည်းဖြစ်လာဖို့ လွယ်ကူမှာ မဟုတ်ပါဘူး။
ပထမအဆင့် အနေနဲ့ အရှေ့တောင်အာရှမှာရှိတဲ့ ဆိုင်ဘာငွေကြေးလိမ်လည်မှု စင်တာတွေရဲ့ အန္တရာယ်ကို လျှော့ချပေးဖို့ ဆိုင်ဘာလုံခြုံရေးကို တိုးမြှင့်ပေးတာက အလွယ်ကူဆုံးနဲ့ အလုပ်သင့်ဆုံးလို့ပဲ မြင်ထားကြပါလိမ့်မယ်။ ကျားဖြန့်အော်ပရေးရှင်း နှေးကွေးသွားအောင် အရင်လုပ်ကြမှာပါ။ ကျူးလွန်သူများကို စုံစမ်းစစ်ဆေးတာ၊ ပြစ်ဒဏ်စီရင်တာတွေကိုလည်း ချန်လှပ်ထားလေ့ မရှိပါဘူး။ နေ့ချင်းညချင်း အဖြေထွက်လာနိုင်တဲ့ တရားစီရင်ရေးစနစ် မဟုတ်တာကိုလည်း လက်ခံထားရပါလိမ့်မယ်။
အောက်တိုဘာလ ၁၄ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံက ‘ဝှေဝမ်’ (Huione Group)ဟာ ကျားဖြန့်လုပ်ငန်းနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်တဲ့အတွက်၊ အမေရိကန်ငွေကြေးစနစ်ထဲက ထုတ်ပယ်မှုကို အတည်ပြုကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ Financial Crimes Enforcement Network က (USA Patriot Act Section 311)အရ ထုတ်ပြန်ခဲ့ပါတယ်။ Huione Pay၊ Huione Crypto လုပ်ငန်းများ လည် ပတ်ခဲ့တဲ့ ‘Huione Group’ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ အတွင်း တရားမဝင်ငွေကြေး ပမာဏအားဖြင့် အနည်းဆုံး ဒေါ်လာ ၄ ဘီလီယံခန့်ကို ငွေကြေးခဝါချခဲ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီစစ်ဆေးအရေးယူမှုကို Scam Center Strike Force မဖွဲ့စည်းခင်ကတည်းက လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပြီး၊ အခုနောက်ပိုင်း ချိတ်ဆက်မိမိ အင်ပြည့်အားပြည့်နဲ့သာ ထပ်ဆောင်ရွက်လာနိုင်မယ်ဆိုရင် အရှေ့တောင်အာရှရဲ့ ကျားဖြန့်ကွန်ရက်မှာ ကဏ္ဍ အသီးသီးက ပါဝင်ပတ်သက်ကြသူများ ဖော်ထုတ်အရေးယူ ခံကြရမှာပါ။ ရာဇဝတ်ဂိုဏ်းတွေကိုသာမက ကာကွယ်ပေးတဲ့ အဖွဲ့အစည်း၊ အကျင့်ပျက် ခြစားတဲ့ အာဏာ ပိုင်တွေလည်း တသီတတန်းကြီး စုံစမ်းဖော်ထုတ်ခံရပါလိမ့်မယ်။
ကျားဖြန့်လုပ်ငန်းဟာ လူမှောင်ခိုကူးမှုတွေနဲ့လည်း ဆက်စပ်နေတဲ့အတွက် သမားရိုး ကျ ငွေကြေးလိမ်လည်မှုလုပ်ငန်းတွေမျိုးထက်၊ နိုင်ငံတကာရဲ့ စောင့်ကြည့်အာရုံစိုက်မှုကို ပိုခံကြရပါတယ်။ ဒီအတွက် ရှုပ်ထွေးတဲ့ ကျားဖြန့်လုပ်ငန်း လည်ပတ်ပုံယန္တရားရဲ့ အဆင့် တဆင့်ဆင့်မှာ ပါဝင်ကြသူတိုင်း အမှုတွဲမှာ ပါသွားနိုင်တာကို သတိရှိကြရပါလိမ့်မယ်။
ကျားဖြန့်ဂယက်၏ သက်ရောက်နိုင်မှုများ
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ် ပိတ်ဆို့အရေးယူမှုတွေထဲမှာ BGF/KNA ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေ နဲ့ အလားတူ DKBA ခေါင်းဆောင်ပိုင်းတွေ ပါဝင်သွားခဲ့တာကို၊ အရေးမကြီးသယောင် ပြန်တုံ့ပြန်ကြတာတွေ သတိ ပြုမိပါတယ်။ ဘယ်လိုပဲ မမှုသယောင် ပြောကြပါစေ၊ အရေးယူမှုတွေထဲက BGF/KNA ကို Transnational Criminal Organization (TCO)အဖြစ် ရာဇဝတ်ဂိုဏ်း တခုအနေနဲ့ သတ်မှတ်ခံရလိုက်တာကတော့ အတော်ပဲ အထိနာစေပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ TCO စာရင်းဝင် အဖွဲ့အစည်းနဲ့ မိတ်ဘက် လုပ်ကိုင်လိုသူတွေက ရှားပါးပါတယ်။ အကြမ်းဖက်စစ်တပ်ကလွဲရင်လို့တောင် ဆိုရလေမလားပဲ။
ကရင်လက်နက်ကိုင်အချင်းချင်း ပြန်လည်ပေါင်းစည်းရေးအတွက် ၂၀၁၃ ခုနှစ်
ကတည်းက ဖွဲ့စည်းထားတဲ့ KNU,BGF/KNA ,DKBA,PC တို့ပါဝင်တဲ့ စည်းလုံးညီ ညွတ်ရေးကော်မတီမှာတောင် TCO စာရင်းပေါက် BGF/KNA နဲ့ ဘယ်လို ဆက်စခန်း သွားကြလေမလဲ ဆိုတာ တွေးချင်စရာပါ။ အခုနောက်ပိုင်း ယုံကြည်မှုမရှိပေမဲ့ စစ်ကော်မရှင်နဲ့ ပိုနီးစပ်သွား နေတဲ့ BGF/KNA ဟာ အကြမ်းဖက်စစ်တပ်ကို အလုပ်အကျွေးပြုနေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ ပိုပေါ်လွင်လာတာနဲ့အမျှ KNU အနေနဲ့လည်း နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်တွေ ပြောင်းလဲဖို့ လိုအပ်လာမှာပါ။
BGF/KNA နဲ့ ဘယ်လောက်ကင်းခဲ့သလဲ ဆိုတာ KNU အတွက် အဖြေရကျပ်တဲ့ မေးခွန်း ဖြစ်နေမှာ ဖြစ်သလို၊ ကျားဖြန့်ကြောင့် ပုံရိပ်မကျအောင် ထိန်းသိမ်းဆောင်ရွက်နေတာကိုလည်း တွေ့မြင်နေရပါတယ်။ ကရင့်တော်လှန်ရေးပုံရိပ်ကို မထိခိုက်စေလိုရင်တော့ ကျန်ခဲ့ရမယ့်သူတွေ၊ ချန်ခဲ့ရမယ့်သူတွေနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့် အခြေအနေကို ရောက်လာပါပြီ။ ကျားဖြန့်ဂယက် တွန်းပို့လိုက်လို့သာ၊ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲရေး လမ်းစတွေ ပိုပေါ်လာတာ ဖြစ်တဲ့အတွက် ‘ကျားဖြန့် အခက် ကရင့်တော်လှန်ရေးအချက်’ဆိုပြီး ဒီအခွင့်အလမ်းကို ဆုပ်ကိုင်သင့်ပါတယ်။
နွေဦးတော်လှန်ရေးအပေါ်မှာလည်း ဒီကျားဖြန့်ပြဿနာရဲ့ သက်ရောက်မှုတွေ ရှိပါတယ်။ အထက်က ဖော်ပြခဲ့သလို နိုင်ငံတကာရဲ့ မျက်စိဒေါက်ထောက်ကြည့်မှု ပိုခံလာရတဲ့အခါ လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီဝယ်ယူရာမှ အဓိကကျသလို၊ စစ်ကော်မရှင်ကို အသက်ဆက်စေမယ့် မြန်မာနိုင်ငံတွင်း နိုင်ငံခြားငွေစီးဆင်းမှု အသွားအလာတွေဟာလည်း အရင်ထက် ပိုတင်းကျပ်ခံရလာနိုင်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဒဏ်ခတ်အရေးယူခံထားတဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB)နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) တို့အပေါ်မှာလည်း ဖြေလျှော့မှုတွေ တွေ့လာရနိုင်မှာ မဟုတ်သလို၊ ဘဏ္ဍာငွေကြေးကဏ္ဍမှာ တို့းချဲ့ ဒဏ်ခတ်မှုတွေလည်း ပိုတွေ့မြင်ရလာနိုင်ပါတယ်။
အမည်ဆိုးနဲ့ ကျော်ကြားခြင်းမျိုး ဖြစ်ပေမဲ့၊ ကျားဖြန့်နဲ့ ဆက်နွှယ်ပြီး မြန်မာနိုင်ငံအပေါ် အာရုံစိုက်လာတာ၊ စစ်ခေါင်းဆောင်တွေ၊ အကြမ်းဖက်စစ်တပ်ရဲ့ မိတ်ဘက် လက်နက်ကိုင်အဖွဲ့အစည်းတွေ အခြေပျက်လာတာကို တွေ့လာရတာက ဘေးထွက် ကောင်းကျိုးလို့လည်း ခေါ်ဝေါ် ပြောဆိုရမလိုပါ။ အထူးသဖြင့် Scam လုပ်ငန်းတွေနဲ့ အသားတကျ ပတ်သက်နေတဲ့ စစ်ကော်မရှင် ဆိုတာ ပိုပေါ်လွင်စေလာတာကြောင့် ၊ Sham Election ကနေ Scam Election အဖြစ်လို့လည်း နိုင်ငံတကာကပို မြင်လာသင့်ပါတယ်။
GASA၊ Feedzai တို့လို နည်းပညာ ဧရာမကုမ္ပဏီကြီးတွေ၊ ထိပ်တန်းဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ ကမ္ဘာအနှံ့ ဖြစ်ပေါ်နေတဲ့ ငွေကြေးလိမ်လည်မှုအပေါ် မပြတ်စောင့်ကြည့်နေမှုတွေ၊ Scam Center Strike Forceတို့ ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့တကယ်ပဲ နောက်ကြောင်းပြန်လိုက်ခဲ့ရင်တော့၊ သဲလွန်စဖျောက် ခြေရာဖျောက်နိုင်ဖို့က အင်မတန် ခက်ခဲပါလိမ့်မယ်။ တရားမဝင် လိမ်လည်ရယူထားတဲ့ ငွေတွေကို ငွေကြေးခဝါချပေးတာတွေကိုလည်း တဖြည်းဖြည်းနဲ့ စုံစမ်းဖေါ်ထုတ်ပေးနိုင်တဲ့ အနေအထားရှိပါတယ်။ ရာဇဝတ်မှုနဲ့ မကင်းတဲ့ ငွေကြေးတွေ ဘယ်လိုရာဇဝတ်မှု ကျူးလွန်တဲ့သူတွေဆီမှာ အဆုံးသတ်သွားတယ် ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။
အခုကာလက နိုင်ငံတကာ အာရုံစိုက်မှု ရရှိနေတဲ့ ကျားဖြန့် ရာဇဝတ်မှုခင်းတွေနဲ့အတူ မြန်မာ့အရေး ကိစ္စတွေ သတင်းမီဒီယာ စက်ဝိုင်းထဲ ပြန်ဝင်လာခဲ့တဲ့အချိန်လည်း ဖြစ်ပါတယ်။ ဒါကို အခွင့်အရေးတခုအနေနဲ့ ဆက်စပ်အသုံးပြုနိုင်ဖို့လည်း အရေးကြီးပါတယ်။ လက်ရှိအနေအထားမှာတော့ ဆန္ဒရှိကြသလို အင်အားသုံး ဖြေရှင်းပေးတာမျိုး ဖြစ်လာနိုင်ဖို့က ခက်ခဲပေမဲ့၊ ကျားဖြန့်နဲ့ ဆက်စပ်တဲ့ ဖိအားတွေက နွေဦးတော်လှန်ရေးကို ဆန့်ကျင်တဲ့ဘက်ခြမ်းအပေါ် ပိုပြီးကြီးကြီးမားမား သက်ရောက်နေမှာကတော့ သေချာတယ်လို့ပဲ ဆိုရပါလိမ့်မယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar