မြဝတီမြို့တောင်ဘက် မင်းလက်ပံ နဲ့ အင်ကြင်းမြိုင်ဘက်မှာ DKBA နဲ့ KNLA တိုက်ပွဲဖြစ်၊ မင်းကင်းက ရွှေမျောဖောင်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
မြန်မာနွေဦးခရိုနီကယ် - နိုဝင်ဘာ ၂၄ မြင်ကွင်း
(မိုးမခ) နိုဝင်ဘာ ၂၄ ၊ ၂၀၂၅
မြဝတီမြို့တောင်ဘက် မင်းလက်ပံ နဲ့ အင်ကြင်းမြိုင်ဘက်မှာ DKBA နဲ့ KNLA တိုက်ပွဲဖြစ်၊ မင်းကင်းက ရွှေမျောဖောင်တွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်
နိုဝင်ဘာလ ၂၁ ရက်နေ့က မြဝတီမြို့ တောင်ဘက် မင်းလက်ပံရွာနဲ့ အင်ကြင်းမြိုင်ရွာတွေဘက်မှာ ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော် DKBA နဲ့ KNLA မဟာမိတ်ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းတွေ ဖော်ပြထားကြပါတယ်။
ကနဦး ပေါ်ထွက်လာတဲ့ သတင်းတွေမှာတော့ မင်းလက်ပံ နဲ့ အင်ကြင်းမြိုင်ကျေးရွာတွေမှာ ရှိတဲ့ ကျားဖြန့်ရုံတွေကို လုံခြုံရေးအစောင့်အရှောက်ပေးနေတဲ့ DKBA တပ်ဖွဲ့တွေက KNLA ဘက်ကို စတင်ပစ်ခတ်တာကြောင့် KNLA ဘက်က အဆိုပါ စတင်ပစ်ခတ်ရာ ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းပြီး DKBA တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးထိန်းသိမ်းလိုက်တဲ့အကြောင်း ကေအိုင်စီ သတင်းဌာနက သတင်းဖေါ်ပြထားပါတယ်။ အခြားသတင်းဌာနတခုကလည်း ကေအိုင်စီ သတင်းဖေါ်ပြမှုနဲ့ အလားတူ DKBA လက်နက်ကိုင်အဖွဲ့က ဗိုလ်သခွားသီး ဦးဆောင်တဲ့ တပ်ဖွဲ့က ကျားဖြန့်ဝင်းကနေ KNLA တပ်ဖွဲ့ဘက်ကို သေနတ်နဲ့ စတင်ပစ်ခတ်တာကြောင့် ဝင်ရောက်စီးနင်း ထိန်းချုပ်ခဲ့တယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ အခုဖြစ်စဥ် ဖြစ်ပွားနေတဲ့အချိန်မှာ အဆိုပါ ကျေးရွာတွေအနီး ထိုင်းနယ်စပ်နဲ့ ကပ်လျှက်နေရာတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ KNLA တို့ တိုက်ပွဲဖြစ်နေခဲ့တယ်လို့လည်း သတင်းအချို့က ဖော်ပြကြပါတယ်။
KNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အဆိုပါ ကျားဖြန့်ဝင်းကို ဝင်ရောက်စီးနင်းရာမှာ DKBA တပ်ဖွဲ့ဝင် ၂၀ ကျော်ကို ထိန်းသိမ်းပြီး သေနတ် ၁၇၆ လက် နဲ့ ခဲယမ်းတွေသိမ်းဆည်းလိုက်တယ်လို့လည်း ဖော်ပြထားကြတာပါ။ DKBA တပ်ဖွဲ့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်အောက်က တပ်မဟုတ်ပေမယ့် အာဏာသိမ်းစစ်အစိုးရက ကျင်းပတဲ့ ငြိမ်းချမ်းရေး ဖိုရမ်၊ NCA အထိမ်းအမှတ် အခမ်းအနားတွေကို တက်ရောက်နေတဲ့ အဖွဲ့ဖြစ်ပြီး မကြာသေးခင်ကာလကတော့ စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကာကွယ်ပေးမယ့် အကြောင်း သဘောထား ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ကရင်လက်နက်ကိုင် အဖွဲ့ ၂ ဖွဲ့ ဖြစ်တဲ့ DKBA နဲ့ KNLA တို့အကြား ပစ်ခတ်မှု ဖြစ်ပွားလာခြင်းက ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက်တခုလည်း ဖြစ်ပါတယ်။ အခုဖြစ်ရပ်ကြောင့် ကရင်လက်နက်ကိုင် အဖွဲ့တွေအချင်းချင်း အကြား မတိုက်ခိုက်ဖို့ နုတ်အားဖြင့် သဘောတူထားကြတဲ့ သဘောတူညီမှု ပျက်ပြားသွားပြီလားလို့ တွေးဆစရာ ရှိပေမယ့် ခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး DKBA နဲ့ KNLA တို့အကြား ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းတာမျိုးလည်း ဖြစ်နိုင်ချေရှိနေတဲ့ အနေအထားဖြစ်ပါတယ်။
DKBA အဖွဲ့ဟာ စောချစ်သူ ဦးဆောင်တဲ့ BGF/KNA တပ်ဖွဲ့လောက် အင်အားကြီးမားတဲ့ အဖွဲ့မဟုတ်ပါဘူး။ ၄င်းတို့အဖွဲ့ အနေနဲ့ နယ်စပ်ကုန်သွယ်ရေးတွေကနေ အခွန်အကောက်ကရတဲ့ဝင်ငွေနဲ့ မကြာသေးတဲ့ နှစ်ကာလတွေမှာတော့ BGF/KNA တပ်ဖွဲ့လိုပဲ ကျားဖြန့်လုပ်ငန်းတွေကို အကာအကွယ်ပေးခြင်းက အဓိကဝင်ငွေရရှိလာတာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ် နယ်ခြားမျဥ်းအနီး ကျောက်ခက်ကျေးရွာ၊ ယခု ပစ်ခတ်မှုဖြစ်ပွားတဲ့ မင်းလက်ပံ၊ အင်ကြင်းမြိုင် ကျေးရွာတွေဘက်က ကျားဖြန့်လုပ်ငန်းတွေကို လုံခြုံရေးပေးထားတာဟာ DKBA ရဲ့ ဝင်ငွေရရှိတဲ့ လုပ်ငန်းတွေထဲက တခုလည်း ဖြစ်ပါတယ်။
မကြာသေးမီက အမေရိကန်ပြည်ထောင်စုက ကျားဖြန့်နှိမ်နှင်းရေးနဲ့ပတ်သက်လို့ အရေးယူပိတ်ဆို့မှုတွေ ထပ်မံ လုပ်ဆောင်ခဲ့ရာမှာတော့ DKBA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ၄ ဦး ကို အရေးယူပိတ်ဆို့ ခဲ့တာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေ နှိမ်နှင်းတဲ့ စစ်ဆင်ရေးတွေ၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ အင်အားကြီး နိုင်ငံဖြစ်တဲ့ တရုတ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ရဲ့ ဖိအားပေးမှုတွေ အကြားမှာ ဒီဒေသက လက်နက်ကိုင် အဖွဲ့တွေအဖို့ ကျားဖြန့်ရာဇဝတ်ဂိုဏ်းတွေကို အကာအကွယ်ပေးတာ၊ ဒီလုပ်ငန်းတွေက ဝင်ငွေရရှိနေတာတွေ နဲ့ ပတ်သက်လို့ သတိကြီးစွာနဲ့ ကိုင်တွယ် နေကြရတာ ဖြစ်ပါတယ်။
ဒီနေ့အတွက် အခြား သတင်းအကြောင်း အရာတခုကတော့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ထဲက လောင်းပြည့်ကျွန်း ရွှေမျောဖောင်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ရာမှာ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ချင်းတွင်းမြစ်ထဲမှာ ရှိတဲ့ လောင်းပြည့်ကျွန်း ရွှေမျောကို အဆိုပါဒေသက ပကဖ၊ ပအဖ တွေက ရံပုံငွေအတွက် လုပ်ကိုင်ကြတာ ဖြစ်ပြ ဒေသခံတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုကြောင့် မကြာသေးခင်က ဆန္ဒပြ ကန့်ကွက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ဆန္ဒပြ ကန့်ကွက်မှု ၃ ကြိမ်ဝန်းကျင် ဖြစ်ပွားခဲ့ပြီးနောက် ပကဖ၊ ပအဖတွေက စတင်လုပ်ကိုင်နေချိန်မှာ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။ ဖောင်တွေ မီးလောင်ပျက်စီးပြီး အချို့ဖောင်တွေ နစ်မြုပ်တာတွေ ဖြစ်ပွားပြီး ဒဏ်ရာရသူ အနည်းဆုံး ၁ ဒါဇင်ကျော် ရှိကြောင်း သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ဒေသအလိုက်ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ရန်ပုံငွေ ရရှိဖို့ သဘာဝ သယံဇာတတွေ တူးဖော်တာ၊ ကုန်စည် ဖြတ်သန်းသယ်ဆောင်မှုတွေ နဲ့ စီးပွားရေးလုပ်ငန်းတွေထံမှ အခွန်အကောက် ကောက်ခံတာတွေ လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ ရန်ပုံငွေ ရှာဖွေဖို့ သစ်တော၊ ရွှေနဲ့ ကျောက်မျက်ထွက်ရှိရာဒေသတွေမှာ လုပ်ပိုင်ခွင့်ပေးပြီး အခွန်ရရှိအောင် လုပ်ဆောင်ကြရာမှာ ဒေသခံတွေအနေနဲ့ ၄င်းတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေကို ထိခိုက်ပျက်စီးမှာ သောက်သုံးရေ အရင်းအမြစ်တွေ ပျက်စီးထိခိုက်မယ့် အန္တရာယ်တွေ ရှိလာတဲ့အခါ ဆန့်ကျင် ကန့်ကွက်မှုတွေ နဲ့ ကြုံတွေ့ကြရလေ့ ရှိပါတယ်။ စစ်ကိုင်းတိုင်းထဲက ဧရာဝတီမြစ်မှာလည်း ရွှေကျွန်းမျောတွေကို ဒေသခံတွေ ကန့်ကွက်ကြတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့ပြီး အခု ချင်းတွင်းမြစ် ထဲက မင်းကင်းနယ်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပွားရာက အာဏာသိမ်းစစ်တပ်ရဲ့ အာရုံစိုက်မှု ခံခဲ့ရတာ ဖြစ်ပါတယ်။
ပကဖ၊ PDF တပ်ဖွဲ့တွေ အနေနဲ့ MOD ထံမှ ရန်ပုံငွေလုံလုံလောက်လောက် မရရှိတဲ့ အနေအထားမှာ ရပ်တည်ရေးအတွက် ဒေသတွင်းက သယံဇာတ ထုတ်ယူတာ၊ အခွန်အကောက် ကောက်ခံတာတွေနဲ့ ပတ်သက်ပြီး ဒေသတခုနဲ့ တခု အခြေအနေ မတူညီကြသလို သယံဇာတ ပေါတဲ့ဒေသတွေ အခွန်အကောက်များများစားစားရတဲ့ ဒေသတွေမှာ အလွဲသုံးစားလုပ်တဲ့ ပြဿနာမျိုးတွေလည်း ပေါ်ထွက်နေသလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေကြောင့် ဒေသခံတွေ ရဲ့ ဆန့်ကျင်မှုတွေလည်း ကြုံနေကြရတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အခုလို ဒေသခံတွေနဲ့ မကျေလည်မှု၊ ဆန္ဒပြမှုတွေကနေ လေကြောင်းတိုက်ခိုက်ခံရတဲ့ အဖြစ်ကနေ သင်ခန်းစာယူစရာတွေ ရှိနေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar