Breaking News

မောင်လူမွှေး - ဝမ်းနည်းဖွယ်

မောင်လူမွှေး - ဝမ်းနည်းဖွယ်

မိုးမခ ၊ ဒီဇင်ဘာ ၁ ၊ ၂၀၂၅


နိုဝင်ဘာလထဲ မောင်လူမွှေး ခရီးထွက်ဖြစ်တယ်။ တောင်ရိုးတွေကို ကျော်လိုက်၊ လယ်ကွင်းပြင်လေးတွေ ဘေးက ဖြတ်လိုက်နဲ့ ရှုခင်းတွေဟာ ကြည်နူးဖွယ်ကောင်းတယ်။ ရှုခင်းတွေ လှသလောက် ရွာနာမည်လည်း လှတဲ့ ရွာလေးတစ်ရွာကို ရောက်တော့ CDM ကျောင်းဆရာမတစ်ယောက်အိမ်မှာ ဝင်နားဖြစ်တယ်။

"ကျမတို့ရွာက ခေတ်ကောင်းတုန်းကတောင် အစိုးရက မူလတန်းကျောင်းကို မူလွန်ကျောင်းအဖြစ်တိုးမြှင့်ပေးမယ် လုပ်တယ်။ ရွာက လူကြီးတချို့က လက်မခံလို့ မရခဲ့ဘူး။ သူတို့က မူလွန်ကျောင်းဖွင့်ရင် ဆရာ၊ ဆရာမအသစ်တွေ ရွာကို ရောက်လာဦးမယ်။ သူတို့အတွက် နေစရာ အဆောင်တွေဆောက်ပေးရတာ၊ အလုပ်ရှုပ်တယ်ဆိုပြီး  လက်မခံကြတာ" တဲ့။ 

ဆရာမ ပြောတဲ့စကားကို ကြားရတာ ဝမ်းနည်းဖွယ် ဖြစ်တယ်။ ခုတော့ ဒီရွာလေးဟာ တော်လှန်ရေးကာလမှာ အလယ်တန်းထိ ပညာရေးလည်ပတ်မှု ရှိနေပြီလို့ သိရတယ်။

ခရီးက အပြန် ရွာတစ်ရွာမှာ ညအိပ်နားကြတယ်။ ရွာက ကာကွယ်ရေးအဖွဲ့ဝင်တချို့ မောင်လူမွှေးတို့နဲ့ ရေနွေးကြမ်းသောက်ရင်း စကားဝိုင်းဖွဲ့ကြတယ်။ သူတို့ရွာက အကွဲအပြဲအကြောင်းတွေ၊ သူတို့ ထိခိုက်ခံစားရတာတွေကို ရင်ဖွင့်ကြတယ်။ အကွဲအပြဲတွေက ပုဂ္ဂိုလ်ရေးဆိုင်ရာ အခြေခံတဲ့ အကွဲအပြဲတွေ ဖြစ်တာကို တွေ့ရတယ်။ ဝမ်းနည်းဖွယ် ဖြစ်တယ်။ ဒါပေမဲ့ သူတို့ဟာ အလုပ်အတူမလုပ်နိုင်လောက်အောင် မဖြစ်သေးဘူး။.ဘယ်လိုပဲ  ဖြစ်ပါစေ၊ ရပ်ရွာအရေး၊ တော်လှန်ရေးကို ဆက်လုပ်မယ်လို့ ဆိုကြတယ်။ 

ခရီးဝေးက ပြန်ရောက်ပြီး နောက်တစ်နေ့မှာလည်း မောင်လူမွှေးဟာ အနားမယူနိုင်ပါ။ ညနေ မိုးချုပ်ရောက်ပြီး နောက်တစ်နေ့မနက် အစောကြီးထ စာသင်သွားရပါတယ်။ စာသင်ပြီးတော့ စစ်ရှောင်ကျောင်းကလေးကို စီမံခန့်ခွဲစရာတွေ၊ ပြောစရာတွေရှိလို့ သွားရပြန်ပါတယ်။ သွားတဲ့လမ်းမှာ ဆိုင်ကယ်က ချိန်းပြတ်လို့ ချိန်းစပေါ့ကပ် လဲရတာနဲ့ ပျားရည်ဝယ်ဖို့ ယူလာတဲ့ ပိုက်ဆံလေး ကုန်သွားပါတယ်။ စစ်ရှောင်ကျောင်းကို ရောက်တော့ မွန်းတည့်ခါနီးနေပါပြီ။ ဆရာ၊ ဆရာမတွေက မောင်လူမွှေးကို စောင့်နေကြတယ်။

ပညာရေးမှာ အားပေးမှုနည်းလာကြတဲ့ ကိစ္စကို ဆရာ၊ ဆရာမတွေနဲ့ ဆွေးနွေးကြရတယ်။ ကိုယ့်ဘက်က သင်ကြားရေးကို ပိုပြီးဖိဖိစီးစီးလုပ်ဖို့ ဆရာ၊ ဆရာမတွေကို ပြောတော့ သဘောပေါက်ကြပါတယ်။ စခန်းက ကျောင်းသားမိဘတွေနဲ့ ပြည်သူတွေ ကျောင်းကို ပိုအာရုံစိုက်ကြဖို့အရေး အုပ်ချုပ်ရေးမှူးနဲ့ ဆွေးနွေးဖို့ အချိန်စောင့်ရပြန်ပါတယ်။ အုပ်ချုပ်ရေးမှူးခမျာလည်း စခန်းတစ်ခုလုံးအရေး သူတစ်ယောက်တည်း ရုန်းကန်နေရတာတွေ သိပ်ကို များပါတယ်။ စိတ်ကောင်းထားနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်မို့သာ သူ ဒီအလုပ်ကို  ဆက်လုပ်နေနိုင်တာဖြစ်ပါတယ်။ ညနေကျောင်းချိန်လည်း မပျက်ရအောင် ညနေ ကျောင်းဆင်းချိန် ၄ နာရီခွဲမှာ အုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမတွေနဲ့ မောင်လူမွှေးတို့ ပညာရေးအရှိန်မြှင့်တင်ရေးကို ဆွေးနွေးကြရပါတယ်။

ဆရာ၊ ဆရာမတွေက စာကို ကြိုးစားပြီး သင်ကြမယ်။ အုပ်ချုပ်ရေးက ကျောင်းသားမိဘတွေကျောင်းလခ မှန်မှန်ထည့်ဝင်ရေးကို တာဝန်ယူမယ်။ မိဘတွေ ပညာရေးမှာ ပြန်နိုးကြားအောင် မောင်လူမွှေးလည်း တိုက်တွန်းပြောဆိုပေးရမယ်။ မောင်လူမွှေးဘက်က ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေး ပိုပေးမယ်။ ထောက်ပံ့ကြေးပိုပေးမယ် ဆိုတာကလည်း ပမာဏနည်းနည်းပါ။ အဲဒီထောက်ပံ့ကြေးကလည်း မောင်လူမွှေးကို ယုံကြည်တဲ့ မိတ်ဆွေတွေက မောင်လူမွှေးကို သင့်တော်ရာ စစ်ရှောင်စခန်းမှာ စနစ်တကျ လှူဒါန်းဖို့ ပေးအပ်ထားတာတွေ ဖြစ်ပါတယ်။ မောင်လူမွှေးကတော့ ဓာတ်ဆီဖိုး၊ အသေးစားကုန်ကျစရိတ်နဲ့ လိုတာလေးတွေ လစဥ် စိုက်ထုတ်ရတာရှိပါတယ်။ ဒါပေမဲ့ အားလုံးပေါင်းလိုက်ရင် ပမာဏဟာ မသေးတာမို့ မောင်လူမွှေးလည်း စကားပြောတဲ့အခါ ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ပြောဆိုရဲတဲ့ သတ္တိကို ရပါတယ်။

မောင်လူမွှေးတို့ ဆွေးနွေးဆုံးဖြတ်ပြီးချိန်မှာ ညနေ ၅ နာရီခွဲပြီးနေပါပြီ။ ဆောင်းရာသီ ညနေ ကောင်းကင်ဟာ နီညိုရောင်သန်းနေပါပြီ။ တောင်တန်းတွေရဲ့ ကြား၊ နီညိုရောင်ကောင်းကင်အောက်မှာ မောင်လူမွှေးတစ်ယောက် ဆိုင်ကယ်ကို ခပ်သွက်သွက် စီးရပါတယ်။ မကြာမီ မိုးချုပ်တော့မယ်။ မစ်(စ)မွှေး စိတ်ပူရော့မယ်။ လမ်းသွားလမ်းလာတွေလည်း ရှင်းတာကြောင့် မောင်လူမွှေး တစ်ယောက် စိတ်ရော၊ လူရော လွတ်လပ်သလို မလုံခြုံမှု၊ အားငယ်စိတ် အနည်းငယ်လည်း ဝင်ရောက်လာပါတယ်။

ဒီတစ်ပတ်အတွင်း ကျောင်းဆရာ၊ ဆရာမတွေအတွက် အဆောင်ဆောက်ပေးရမှာစိုးလို့ မူလွန်ကျောင်းမဖွင့်ခဲ့တဲ့ ရွာကလေးကိုလည်း ရောက်ခဲ့တယ်။ မလုံမခြုံ အန္တရာယ်ကြားမှာ အချင်းချင်း မညီညွတ်ကြတဲ့ ရွာကလေးမှာ ညအိပ်ခဲ့ရတယ်။ ခရီးက ပြန်ရောက်ပြီးတော့လည်း ကိုယ်တိုင်ပူးပေါင်းမှု နည်းပြီး ဆရာ၊ ဆရာမတွေကိုပဲ အပြစ်ပုံချချင်တဲ့၊ အခြေအနေအရ လက်ငင်းအကျိုးကိုသာ အလေးထားနေကြတဲ့ စစ်ရှောင်စခန်းက ကျောင်းကလေးကို သွားခဲ့ရတယ်။

အပြန်လမ်းမှာ မှောင်လို့ ဆိုင်ကယ်မီးကို ဖွင့်ရတယ်။ တစ်လမ်းလုံး ကောင်းလာတဲ့ ဆိုင်ကယ်မီးဟာ ရွာဝင်ခါနီးမှ ပျက်ပြီးမလင်းတော့ဘဲ ဖြစ်သွားတယ်။ ဆိုင်ကယ်ရပ်ပြီး ခလုတ်ကို ဖွင့်လိုက်၊ပိတ်လိုက်လုပ်တယ်။ မရပါ။ ဒါနဲ့ မီးမပါဘဲ အိမ်အရောက် ပြန်ခဲ့ရပါတယ်။ ရွာဝင်ခါနီးမှ မီးက မရတာမို့ တော်သေးတယ်။ လမ်းမှာဆိုရင် မလွယ်ဘူးလို့လည်း တွေးမိသေးတယ်။ ခုတစ်ပတ်အတွင်း မောင်လူမွှေး တွေ့ခဲ့တဲ့ လူ့အဖွဲ့အစည်းတွေဟာ  မီးမပါဘဲ ညအချိန်လမ်းမှာ ဆိုင်ကယ်စီးဖို့ ကြိုးစားနေကြသလို ဖြစ်နေသလား တွေးမိတယ်။ ဒါဆို သိပ်အန္တရာယ်များမယ်။ အနောက်တောင် ညိုညိုတွေပေါ်မှာ ကောင်းကင်ဟာ နီမှောင်လို့။ ဒီမြင်ကွင်းကို ကြည့်ပြီး မောင်လူမွှေး ဝမ်းနည်းနေမိခဲ့ပါတယ် ခင်ဗျာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar