Breaking News

မောင်လူမွှေး - ပူလောင်လွမ်းဆိပ် တက်တဲ့အချိန်

မောင်လူမွှေး - ပူလောင်လွမ်းဆိပ် တက်တဲ့အချိန်

မိုးမခ ၊ ဧပြီ ၁ ၊ ၂၀၂၆


နွေရာသီရောက်လို့ နေ့လယ်အပူဒဏ်တွေကို ခံရပြီဆိုရင် ငြိမ်ငြိမ်လေး နေရတယ်။ အိပ်ရင်လည်း ကောင်းကောင်းအိပ်ပျော်တယ်ရယ်လို့ မရှိ။ အိပ်ပျော်နေခါနီး သူတို့ကို သတိရသွားတဲ့အခါ စိတ်ဟာ ဖျတ်ခနဲ လန့်ပြီး ဘယ်လိုမှ အိပ်မရတော့ပါဘူး။ လေဝင်လေထွက်ကောင်းတဲ့၊ အမိုးအကာရှိတဲ့ မောင်လူမွှေးတောင် ဒီလောက်အပူဒဏ်ကို ခံစားနေရရင် ပိတ်လှောင်ခံထားရတဲ့ သူတို့ခမျာ ဘယ်လောက် ခံစားကြရမလဲ။

အလုပ်တွေပြီးလို့ မောင်လူမွှေးတို့ ပင်ပန်းနေကြချိန်၊ နွေရာသီ ညနေခင်း နေဝင်ချိန်ဟာ ပျင်းစရာကောင်းလှတယ်။ စိတ်ဖိအားကို လျော့ကျစေတယ်ဆိုတဲ့ စားဝိုင်း၊ သောက်ဝိုင်းတွေကို စွန့်ခွာခဲ့ပြီးနောက်ပိုင်း ပင်ပန်းရင် အိပ်ရာထဲမှာပဲ စာဖတ်အနားယူတယ်။ ဒါမှမဟုတ် မစ်(စ)မွှေးနဲ့ စကားစမည် ပြောကြတယ်။ နေဝင်ချိန်ကို ငေးကြတယ်။ လမ်းအတိုင်း ရွာပြင်ကို ထွက်ငေးကြတယ်။ ပူလောင်ပြီး ပျင်းစရာကောင်းလှတဲ့၊ စိတ်ကို အလွမ်းဆိပ်တက်စေတဲ့ ညနေခင်းတွေကို သူတို့ ဘယ်လိုဖြတ်သန်းကြမလဲ တွေးမိတော့ မောင်လူမွှေး ရင်ဘတ်ဟာ အောင့်လာတယ်။

တစ်ညတော့ မိတ်ဆွေဆရာမတစ်ဦးနဲ့ စကားကောင်းနေတာနဲ့ ညဆယ်နာရီကျော်မှ မောင်လူမွှေးတို့ အိပ်တဲ့နေရာကို ပြန်ခဲ့တယ်။ လရောင်အောက်မှာ ယိုင်နဲ့နဲ့ အိမ်ကလေးတွေဟာ အိပ်ပျော်နေကြပြီ။ အိမ်ဝင်းတွေထဲမှာလည်း သစ်ပင်ကြီးကြီးမားမား မရှိကြဘူး။ "ကျွန်မတို့ရွာကို မီးရှို့တော့ သစ်ပင်ကြီးတွေ အကုန် မီးထဲပါသွားတာ။ အဲဒီကတည်းက ရွာက တအားပူတော့တာ" လို့ တစ်နေ့ကမှ ရွာခံအမျိုးသမီးက မောင်လူမွှေးကို ပြောပြခဲ့တယ်။

သူတို့ရွာ မီးရှို့ခံရပြီးနောက် ခိုင်ခန့်တဲ့ အိမ်တွေနေရာမှာ ပေါင်လုံးလောက် မရှိတရှိ အိမ်တိုင်လေးတွေနဲ့ အိမ်တွေကို ပြန်ဆောက်ထားကြတယ်။ အိမ်ပေါ်ကို ယိုင်နဲ့နဲ့ လှေကားလေးတွေကနေ တက်ကြတယ်။ အိမ်ဝင်းထဲမှာတော့ အရိပ်ရသစ်ပင်တွေ မရှိကြတော့ဘူး။ ထပ်စိုက်ထားကြတဲ့ အပင်တွေကလည်း လူ့အရပ် မရှိတရှိလောက်ပဲ မြင့်ကြမယ်။ အိမ်ကို ပြန်ရဖို့ထက် သစ်ပင်ကြီးတွေ ပြန်ရဖို့က မလွယ်လှဘူး။ ဒါကြောင့်လည်း အညာက အဖွားကြီးတစ်ယောက်ဟာ စစ်တပ်က မီးရှို့လို့ သူ့အိမ်ပြာကျတာကို ဘာမှမဖြစ်ပေမယ့်၊ သူ ငယ်ငယ်ကတည်းက အိမ်ဝင်းထဲမှာရှိခဲ့တဲ့ မန်ကျည်းပင်ကြီး မီးလောင်သေသွားတာကို ငိုခဲ့တာပေါ့။

နွေဦးည လရောင်နဲ့အတူ နွေဦးလေဟာ မြူးနေတယ်။ လရောင်အောက်မှာ လတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်း ကောင်းကင်ကို မော့ကြည့်မိတော့ ကြည်နူးမှုကို ခံစားရတယ်။ တကယ့်ခဏပါပဲ။ မောင်လူမွှေးစိတ်က သူတို့ကို ချက်ချင်း သတိရမိသွားတယ်။ "သူတို့တွေ လရောင်ကို မြင်ရမှာ မဟုတ်ဘူးနော်" လို့ အနားက မစ်(စ)မွှေးကို ပြောမိတယ်။

အာဏာသိမ်းစစ်တပ်က အတုအယောင် ရွေးကောက်ပွဲလုပ်ပြီးနောက် အကျဉ်းသားတွေကို လွှတ်ပေမယ့် မောင်လူမွှေး မိတ်ဆွေတွေ၊ တပည့်တွေ အများစုက ပါမလာကြပါဘူး။ သူတို့က စစ်အာဏာရှင်ဆန့်ကျင်ရေးကို ထိထိရောက်ရောက် လုပ်ခဲ့ကြသူတွေကိုး။ ဘယ်လွှတ်ပါ့မလဲလို့ မောင်လူမွှေး တွေးမိတယ်။ အစပိုင်းနှစ်တွေမှာ သူတို့အတွက် မောင်လူမွှေး တတ်နိုင်သလောက် ဂရုစိုက်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်တွေမှာတော့ တော်လှန်နယ်မြေမှာ အလုပ်တွေနဲ့ လုံးလည်ချာလည်လိုက်ပြီး သူတို့ကို ပြန်ကြည့်ဖို့ မတတ်နိုင်တဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အားမလိုအားမရ ဖြစ်မိတဲ့အချိန်တွေ ရှိတယ်။

နွေရာသီ ပူလောင်မှုကို ခံစားရတိုင်း သူတို့ကို စာနာစိတ်နဲ့ သတိရမိတယ်။ နွေရာသီ နေ့လယ်ခင်းတွေဟာ မောင်လူမွှေးအတွက် ပူလောင်လွမ်းဆိပ်တက်တဲ့ အချိန်တွေပါပဲ။ သူတို့မိသားစုဝင်တွေဆို ဘယ်လောက်များ ပူလောင်လွမ်းဆိပ် တက်ကြမလဲ။ အထဲမှာ နေရသူတွေလည်း ဘယ်လောက် ပူလွမ်းဆိပ်တက်ကြမလဲ။ အချို့တွေက ဒီလွမ်းဆိပ်ကြောင့် အသက်ဆုံးခဲ့ကြပြီ။ အချို့တွေက တဲတဲလေး ဆက်လက်ရှင်သန်နေကြတယ်။ စစ်အာဏာရှင်စနစ် ရှိနေသမျှတော့ တစ်နိုင်ငံလုံး ပူလောင်လွမ်းဆိပ် တက်နေကြရဦးမှာ ဖြစ်ပါတယ်ခင်ဗျာ...။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar