လေးလေး - မိုးမခမှာ စာညွှန်းခဲ့တာတွေ
လေးလေး - မိုးမခမှာ စာညွှန်းခဲ့တာတွေ
မိုးမခ ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၅
၂၀၂၅ ခုနှစ်၊ ဧပြီ၊ မေ လောက်ကစပြီး မိုးမခမှာ စာအုပ်အညွှန်းတွေ ရေးခဲ့တာ အခု နှစ်ကုန်ခါနီး ပြန်ကြည့်တော့ ၁၇ ပုဒ်လောက် ရှိတယ်။ သန်းတင့်၊ လွင်မောင်မောင်၊ ကျော်ရင်မြင့်၊ သန်းမြင့်အောင်၊ ဉေယျ၊ လူထုဒေါ်အမာ၊ ညီပုလေး၊ ဝင်းဖေ၊ နန္ဒာစာရ၊ မောင်ခင်မင်(ဓနုဖြူ)၊ ချစ်ဦးညို၊ ဝင်းဦး၊ မြသန်းတင့်၊ ကျော်ဝင်း၊ ထင်ပေါ် နဲ့ ချစ်စရာ၊ ခင်သန္တာ။ စာရေးသူအစုံ ရေးထားတဲ့စာအုပ်တွေ ပါတယ်။
ဝတ္ထုတို၊ တက်ကျမ်း၊ အက်ဆေး၊ ကိုယ်ရေးကိုယ်တာ၊ ခရီးသွားဆောင်းပါး၊ စာရေးသူ ပုံရိပ်လွှာ၊ ဘာသာပြန်၊ အတွေးအမြင်၊ သမိုင်း၊ စာရေးသူ စုံသလို အကြောင်းအရာလည်း စုံတာ တွေ့ရတယ်။ ရေးဖြစ်ခဲ့တဲ့ စာအုပ်အညွှန်းစာတွေ ကိုယ့်ဘာသာ ပြန်ဖတ်ကြည့်တော့ တချို့စာညွှန်းတွေက စိတ်ဝင်စားစရာ အတွေးအေခါ်တွေ ပါသလို မထင်ရတဲ့ သမိုင်းမှတ်တမ်းတချို့လည်း ပါတယ်။ ဥပမာ-ဦးဇင်းဉေယျ ရေးတဲ့ “ပုံတိုနဲ့ပါဌ်စ” စာအုပ်ထဲမှာ ဘုန်းကြီးတွေထဲ ဘာသာမဲ့တွေ ရှိတယ်ဆိုတာမျိုး။
“လူထုဒေါ်အမာ အလွမ်းပြေမှတ်စုများ” စာအုပ်ထဲ ပါတဲ့ ဦးကျော်ငြိမ်း ထောင်ထဲမှာ ကြိုးဆွဲချသေဖို့ သေကြောင်းကြံတာ လူမိသွားတဲ့အကြောင်း ဆိုတာမျိုးတွေပေါ့။ ဒီလိုဟာမျိုးလေးတွေကို မှတ်တမ်းကျန်အောင် ပြန်ကောက်နုတ်ပြီး နှစ်ချုပ်စာအုပ်အညွှန်းလေးရေးလိုက်ပါတယ်။ ဒီခေတ်ထဲ စာရှည်ရှည် မဖတ်ကြတော့ တိုတို ရေးမယ်။
ပထမစပြောထားတဲ့ ဦးဇင်းဉေယျ ရေးတဲ့ “ပုံတိုနဲ့ပါဌ်စ”စာအုပ်က စပါမယ်။ ဦးဇင်းတွေ ရေးတဲ့စာအုပ်တွေထဲမှာတော့ ဒီစာအုပ်က ထူးတယ်။ ဘုရားဟောတွေ၊ ဇာတ်ကြောင်းတွေ မပါဘဲ ဘုရားဟောနဲ့ သူတွေးမိတာတွေ ရေးပြထားတယ်။
“ကိုယ်တော်ကြီးတပါးက ပြောဖူးတယ်၊ ‘ကိုယ့်လူရေ..တယောက်တည်း နေရတာ ကောင်းသဟ..၊ တယောက်ယောက် ရောက်လာလို့ကတော့ အဲဒီတယောက်ပြောမယ့် မပြီးနိုင်မစီးနိုင် ဒုက္ခသုက္ခတွေအကြောင်း မလွှဲမရှောင်သာ နားထောင်ပေရော့ပဲ..တဲ့။ ဒီလိုဆိုတော့ တယောက်ယောက်နဲ့ ဒုက္ခများနေမှာထက်စာရင် ကိုယ့်ဒုက္ခနဲ့ကိုယ်နေရတာ ပို မကောင်းဘူးလား။ တယောက်ထဲဆို ညဆို တိတ်ဆိတ်လို့၊ မနက်ဆို ငြိမ်သက်လို့၊ နေ့လယ်နေ့ခင်းဘက်တွေဆို လွတ်လပ်ပေါ့ပါးလို့..”။
ဒါပေမဲ့ လူဆိုတာ တယောက်တည်း ကြာကြာနေလို့မှမရတာပဲ၊ ဆေးဆရာဆို ဆေးကုတော့ လူနာနဲ့ လူနာရှင်နဲ့တော့ စကားပြောရတယ်လေ။ ရှေးက သစ္စာဆိုပြီးဆေးကုတဲ့ ဆရာတယောက် ရှိတယ်၊ ဘာရောဂါဖြစ်ဖြစ် သစ္စာဆိုပြီး ရေတိုက်လိုက်တာပဲ။ ဒါနဲ့ ဆရာတော်က မေးကြည့်တယ်။ ဘာတွေ သစ္စာဆိုပြီး ဆေးကုတာလဲ။ “တပည့်တော် သစ္စာပြုတာက ကျနော်သည် ကျနော့်အမေ၏သား ဖြစ်ပါသည်..။ အဲဒီလိုဆိုပြီး ကုတာ၊ ဆိုပါများတော့ စွမ်းလာတယ်..တဲ့။
ဒါတွေက ယုံချင်ယုံ၊ မယုံရင် ပုံပြင်မှတ်ရမှာပဲ။ ဘုရားမှာ အလုပ်လုပ်တဲ့ ကဗျာဆရာတယောက် ကျန်းမာရေးမကောင်းတော့ “အရှင်ဘုရား၊ အရှင်ဘုရားရုံးမှာ တပည့်တော် အလုပ်လုပ်တာ ကြာပါပြီ။ ဘာပဲလုပ်လုပ် တပည့်တော် သေချာ လုပ်ပါတယ်၊ အရှင်ဘုရားလည်း သိမှာပါ။ တပည့်တော်ကို ပစ်မထားပါနဲ့လို့ သစ္စာဆိုလိုက်တာ သူ့ရောဂါ အတော်ကောင်းသွားဆိုပဲ။ ကြားဖူးတာ တခုရှိသေးတယ်။
တခါတုန်းက လူတယောက်ဟာ တောင်ပေါ်ဒေသတခုကို ကားနဲ့ခရီးသွားရင်း ကားက တောင်စောင်း အတက်တွေမှာ မှောက်မလို မှောက်မလို ဖြစ်တယ်၊ သူက တွေးတယ်၊ ကားတော့ မှောက်တော့မယ် ထင်တယ်၊ ဒီအချိန်မှာပဲ ကားက တောင်စောင်းတခုအတက်မှာ မှောက်ပါလေရော။ ဒီလူက ကားလည်းမှောက်ရော ကားထဲက ခုန်ထွက်လိုက်ပြီး ”ငါက မိဘကို လုပ်ကျွေးနေတဲ့ကောင်ကွ” လို့ အော်လိုက်ပါသတဲ့။
အဲဒီလူ ကံကောင်းချင်တော့ ကမ်းပါးဘေးက သစ်ပင်ကြီးပေါ် ကျပြီး ပွန်းပဲ့ရုံလောက်ပဲ ဒဏ်ရာရတယ်၊ ကျန်တဲ့သူတွေ ကျိုးတဲ့လူကျိုး၊ ပဲ့တဲ့သူပဲ့၊ သေတဲ့သူသေပေါ့လေ။”
“လူထုဒေါ်အမာ အလွမ်းပြေမှတ်စုများ”စာအုပ်ထဲမှာတော့ သမတ လုပ်ဖူးတဲ့ မန်းဝင်းမောင် ဗိုလ်ချုပ်အစိုးရထဲ မပါခဲ့လို့ လုပ်ကြံခံရမယ့်ဘေးက လွတ်ခဲ့တာ ဖတ်ရတယ်။” စာအုပ်တွေ ရေးချင်သေးတဲ့ မန်းဝင်းမောင် ဆိုတဲ့ ဆောင်းပါးမှာတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သမိုင်းဖြစ်ရပ်လေးတခု သွားတွေ့ရတယ်။
မန်းဝင်းမောင်က ကွန်မြူနစ်ပါတီရုံးမှာ ရုံးအုပ် လုပ်ဖူးတယ်။ သခင်သန်းထွန်းနဲ့ တွေ့ပြီး တော်လှန်ရေးထဲ ပါတယ်။ ဘုရင်ခံ ပြန်ဝင်အုပ်ချုပ်တော့ ဖဆပလ ကို ဝန်ကြီး ၆ နေရာပေးမယ်ဆိုလို့ ဖဆပလ က တံခါးပိတ်အစည်းအဝေးတခု လုပ်တယ်။ စည်းဝေးနေတုန်း ည ၉ နာရီလောက် သူ့ကို လာခေါ်လို့ လိုက်သွားတော့ ဗိုလ်ချုပ်အောင်ဆန်းက မန်းဝင်းမောင်ကို ကရင်ကိုယ်စား ဝန်ကြီးတနေရာမှာ လုပ်ဖို့ ပြောတယ်။ ဗိုလ်ချုပ်က မန်းဝင်းမောင် ဝန်ကြီးလုပ်ဖို့ အဆိုတင်ပြီး ဦးနုက ထောက်ခံတယ်။
ဦးကျော်ငြိမ်းနဲ့ ဦးဗဆွေက ကွန်မြူနစ်ဆိုပြီး ကန့်ကွက်လို့ မန်းဝင်းမောင် ဝန်ကြီး မဖြစ်လိုက်ဘူး။ ဖြစ်လိုက်ရင် အတွင်းဝန်ရုံးမှာ ဗိုလ်ချုပ်တို့နဲ့အတူ လုပ်ကြံခံရနိုင်တာ သူ လွတ်သွားပြီး နောင်တော့ သမ္မတ တောင်ဖြစ်ခဲ့သေး တယ်။ လူ့ဘဝကံကြမ္မာတွေ ဆန်းကြယ်ပုံ။ စာညွှန်းနှစ်ချုပ်တွေ ဆက်ပါဦးမယ်။
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar